ကရင်နီပြည်မှာ ဇွန်လ တစ်လအတွင်း တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွား

0
5394

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ ဇွန်လ တစ်လအတွင်း တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ ဇူလိုင်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတစ်လအတွင်းမှာ စစ်ကောင်စီဘက်က ၂၅ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ငယ် ၁၃လက်နဲ့ Anti Drone Jammer ( ၁ ) ခုကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဇွန်လ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ ၂၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၅ဦး သေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။ ဘာသာရေး ဘုရားကျောင်း နှစ်ကျောင်းနဲ့ ဒေသခံ နေအိမ် ၁၂လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု ( PKPF ) ရဲ့ ဒီကနေ့ ( ဇူလိုင်လ ၁ ရက်နေ့ ) ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၃၆၄ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။