spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ သန်းသုံးရာနီးပါးကို NUG ထောက်ပံ့ပေးခဲ့ဟုဆို

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအစိုး ( NUG )က ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ ( ၂၈၁.၂၅ )ကျပ်သန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာမှ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်ပါဖော်ပြချက်အရ ၂၀၂၁ခုနှစ် ဧပြီလ (၁၀)ရက်မှ ၂၀၂၂ခုနှစ် ဧပြီလ (၁၀)ရက်နေ့အတွင်း ထောက်ပံ့ခဲ့တာဖြစ်ပြီး ကရင်နီပြည်ဟာ တတိယ ထောက်ပံ့မှု အများဆုံးရတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

တစ်နှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ၂.၇၃ဘီလီယံ ကျပ်ကို ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်။

အများဆုံးထောက်ပံ့ခဲ့တဲ့ နေရာကတော့ ကရင်ပြည်နယ်ဖြစ်ပြီး ကျပ် ၆၁၅ သန်းကျော်၊ ဒုတိယအများဆုံးကတော့ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ပြီး ကျပ် ၄၁၁ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။

ရရှိထားတဲ့ အကူအညီတွေကို ကရင်နီပြည်မှာရှိတဲ့ စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာ၊ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ပညာရေး၊ CDM ထောက်ပံ့မှု စတဲ့အပိုင်းတွေမှာ အများဆုံးအသုံးပြုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ခူးထဲဘူးက ပြောပါတယ်။

“အများဆုံးကတော့ စားနပ်ရိက္ခာပဲ။ စားနပ်ရိက္ခာ ပြီးတော့မှ ကျန်းမာရေး အဓိကကတော့ အခုလည်း ရန်သူတွေက လက်နက်ကိုင်၊ ပြည်သူတွေ မခွဲခြားဘဲနဲ့ ပစ်ခတ်သတ်ဖြတ်နေတော့ အဲ့ဒီ ဆေးဝါးကုသမှုကလည်း အများကြီးကုန်ကျတယ် နောက် သယ်ယူပို့ဆောင်စရိတ်ပေါ့။ သူတို့က လုံခြုံတဲ့နေရာမှာသွားကုသရတာကိုး။ ဆိုတော့ အဲ့ဒါလည်းအရေးကြီးပါတယ်။ နောက်ပြီးတော့ သူတို့ရဲ့တည်းခိုဖို့ နေရာထိုင်ခင်းပေါ့ တဲလေးတွေ အဲ့ဒါ တော်တော်ကုန်ကျများတယ်။ တတိယကတော့ ပညာရေးကိစ္စပေါ့ အခုကလည်း ကျောင်းတွေဖွင့်နေတယ်ကော စစ်ဘေးရှောင်စခန်းတွေမှာ အဲ့လိုမျိုး။ နောက်တစ်ခုခါကျတော့ CDM လုပ်ရှားနေတဲ့သူတွေ အဲ့ဒီမှာလည်း သူ့ဟာအများကြီးရှိတယ်။ သူ့တာဝန်အရပေါ့နော တာဝန်ကျရာပါဝင်နေကြတဲ့ ဥပမာ- ရဲတွေလည်း အဲ့မှာပဲမှီခိုနေရတာပဲ။ ရဲကလည်း အလုပ်ပြန်လုပ်နေရတယ်။ တရားဥပဒေစိုးမိုးရေးအရဆိုရင်လည်း သူတို့ တတ်နိုင်သလောက်လုပ်နေကြတော့ အဲ့ဒီမှာလည်း အနည်းအကျဉ်းတော့ မျှဝေပေးရတာပေါ့နော။” လို့ ဒုဝန်ကြီး ခူးထဲဘူးက ပြောပါတယ်။

ဒီထောက်ပံ့ကူညီမှုဟာ ပြည်သူမှပြည်သူသို့ လှူဒါန်းမှုဖြစ်ပြီး နိုင်ငံတကာမှ တသီးပုဂ္ဂလအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အချို့မှ ရရှိမှုသာဖြစ်ပြီး လက်ရှိအချိန်ထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းထံမှ ထောက်ပံ့မှု လုံးဝမရရှိခဲ့ဘူးလို့ NUG က ဆိုပါတယ်။

“မလောက်သေးပါဘူး လုံလောက်မှုမရှိဘူး။ ဒီလိုပဲဆက်သွားနေမယ်ဆိုရင်တော့ ဒါ ပိုပြီးတော့မှ အခက်အခဲတွေ့လိမ့်မယ်ပေါ့နော၊ လူထုတွေကနေပြီးတော့။ အဲဒါကြောင့် ကျနော်တို့က ပိုပြီးတော့ ကူညီထောက်ပံ့မှုလိုအပ်တယ်။ နောက် စိုက်ပျိုးရာသီမှာကလည်း ဘယ်လိုမှ စိုက်ပျိုးချိန်ဆိုပြီးတော့မှ စစ်ကောင်စီဖက်ကနေပြီးတော့ သူသက်ညှာမှာမဟုတ်ဘူးလေ။”လို့ ဒုဝန်ကြီး ခူးထဲဘူးက ဆက်ပြောပါတယ်။

NUG ရရှိတဲ့ နိုင်ငံအလိုက်ထောက်ပံ့မှုမှာ ကိုးရီးယား၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဩစတေးလျ၊ စင်္ကာပူ၊ ယူကေ၊ မြန်မာ၊ မကာအို၊ ဥရောပနိုင်ငံ ဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

spot_img
spot_img