spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အတွင်းမှာ တရားစီရင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေ၊ စစ်သုံ့ပန်းနဲ့ မူးယစ်ဆေးဝါးအမှူ အများဆုံးဖြစ်

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ တရားရေးဌာနကနေ ပြည်နယ်တွင်း တရားရုံးတွေကို ဖွင့်လှစ်ထားပြီး ကရင်နီပြည်အတွင်းမှာ တရားစီရင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။

“ပြည်နယ်တရားရုံးချုပ်ရှိတယ်။ ဗဟိုတရားရုံးပေါ့နော။ ကရင်နီပြည်အတွက် ပြီးရင် ခရိုင်တရားရုံးတစ်ခုနှစ်ခုရှိပြီ။ တစ်ရုံးနှစ်ရုံးပေါ့နော။ ပြီးရင် မြို့နယ် တရားရုံးက အားလုံးပေါင်း ၅ ရုံးရှိသွားပြီ။ မြို့နယ်တရားရုံးက ရှိနှင့်ပြီးသားပေါ့နော။” လို့ IEC ရဲ့ တရားရေးဌာန ဌာနမှူးကြီး ခူတော်ရယ်အက်စ် က ပြောပါတယ်။

လက်ရှိမှာတော့ ဖွင့်လှစ်ထားတဲ့ တရားရေးဌာနတွေကနေ ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ အမှုတွေကို လာရောက်တိုင်ကြားတာတွေ ရှိနေပြီလို့ ဆိုပါတယ်။ လက်ရှိစီရင်နေတဲ့ အမှုတွေထဲမှာ စစ်သုံ့ပန်း၊ မူးယစ်ဆေးဝါး စတဲ့ အမှုတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုပြစ်ဒဏ်တွေကိုလည်း ကြားကာလ အစီအမံက အတည်ပြုထားတဲ့ ဥပဒေအတိုင်း စီရင် အမိန့်ချထားပါတယ်။

တရားရေးဌာနကနေ ကိုယ်ပိုင်အကျဥ်းထောင်ရှိနေပေမယ့် အမှုစီရင်ဆဲကာလမှာတော့ ကရင်နီပြည် ရဲဌာန ( KSP ) ရဲ့ အချုပ်ထောင်ထဲမှာ ထားရှိတာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြို့နယ်နဲ့ ခရိုင်အလိုက် တရားစီရင်ရေးရုံးတွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။

လူထုတွေအနေနဲ့ အမှုတွေကို သက်ဆိုင်ရာ ကျေးရွာ၊ ကောမတီတွေဆီကို တိုင်ကြားနိုင်သလို ရဲစခန်းတွေကနေတဆင့်လည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စတင်ဖွဲ့စည်းအချိန်ဖြစ်နေတဲ့အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ခူးတော်ရယ်အက်စ်က ပြောပြပါတယ်။

“လောလောဆယ်ကတော့ လိုအပ်ချက်တွေက လိုအပ်သလောက် ဖြည့်ဆည်းတည်ဆောက်နိုင်တာမျိုးတော့ မဟုတ်ဘူး။ ရှိထားပြီ တိုင်ကြားလို့ရတယ်။ နောက်နှေးတာမျိုးတို့ ဥပမာ တစ်ဖက်က ပြည်သူလူထုက သူမြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေနဲ့ ဖြစ်စေချင်တဲ့ ပုံစံမျိုးကတော့ ကျနော်တို့ မတတ်နိုင်သေးဘူး။ နောက်ထပ် တဖြည်းဖြည်း ဖြစ်လာဖို့ ကြိုးစားနေတယ်။” လို့ ခူးတော်ရယ်အက်စ်က ဆိုပါတယ်။

အဲဒီတရားစီရင်ရေးအတွက် လိုအပ်တဲ့ ရှေ့နေတွေ တရားသူကြီးတွေထားရှိနိုင်ဖို့ အခြေခံ တရားစီရင်ရေးဆိုင်ရာ နှစ်လသာ သင်တန်းကို ခေါ်ယူသင်ကြားခဲ့ပါတယ်။ အဲဒီသင်တန်းမှာ တက်ရောက်ပြီးမြောက်ခဲ့တဲ့ သင်တန်းသား ၃၉ ယောက်ကိုလည်း ကရင်နီပြည်တွင်း တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့နေရာတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်စေဖို့ ရည်ရွယ်ထားပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်း ပျက်စီးယိုယွင်းနေပြီး အရေးယူအပြစ်ပေးမှုကင်းမဲ့နေတဲ့ အခြေအနေတွေကို ပြန်လည်တည့်မတ်ပေးချင်တယ်လို့ အဲဒီသင်တန်းကို တက်ရောက်ခဲ့တဲ့ သင်တန်းသူတစ်ဦးက ပြောပြပါတယ်။

“ဥပဒေစိုးမိုးမှု အထူးလိုအပ်တယ်ပေါ့နော။ အဲဒါတွေကို ဖြေရှင်းဖို့ဆိုဒါက ဒီတရားစီရင်ရေး ကျမတို့က ဒီမိုကရေစီကို ဦးတည်နေတဲ့အတွက် တရားမျှတဖို့ ဆိုတာကလည်း လိုအပ်တယ်လေ။ ဒီလိုခိုးမိတဲ့ တရားခံတစ်ယောက်ကို သူ့မှာလည်း တရားခံဆိုတာ တရားခံ အခွင့်အရေး ရှိတဲ့အလျောက် ကျနော်တို့ တရားစီရင်ရေးကနေပြီးတော့ ဒီလို တရားခွင်ရဲ့ အခွင့်အရေးမဆုံးရှုံးအောင် အဟန့်အတားတစ်ခုဖြစ်အောင် ဥပဒေအတိုင်းပဲ ဥပဒေနဲ့ ပြန်လည်ထိန်းကျောင်း တည့်မတ်ပေးရမှာ ဖြစ်ပါတယ်။ “ လို့ အဲဒီသင်တန်းကို တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

အဲဒီသင်တန်းပြီးမြောက်ထားသူတွေနဲ့ မြို့နယ်အလိုက် တရားရုံးကို ထပ်မံဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။

spot_img
spot_img