ကရင်နီမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင် ပွဲတော်

စိုးထိုက်အောင်

ကရင်နီမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် အလံကို လွှင့်ထူထားတဲ့ ကုန်တင်ကားတွေပေါ်မှာ ချက်ပြုတ်စားသောက်စရာ ဆန်တွေ၊ ဆီတွေ၊ ရေတွေနဲ့ လုံးပတ် တစ်လက်မတ်ခွဲလောက်ရှိတဲ့ ကြိုးခွေတွေ တင်ပြီး အမျိုးသား လူတစ်စုက တောထဲကို မောင်းထွက်သွားပါတယ်။

ဒါကတော့ ဒီးမော့ဆိုမြို့နယ် ၊ ထီးပိုးကလိုးကျေးရွာအုပ်စု ၊ ဖဲလျာကျေးရွာကနေ ဘိုးလျားကျေးရွာရဲ့ အရှေ့ဘက်ကို ၃ နာရီမျှ မောင်းပြီးတော့ တောထဲမှာ ကေ့ထျိုးဘိုး(ခေါ်)တံခွန်တိုင်ခုတ်ဖို့ အလုပ်လုပ်နေကြတဲ့ လူတစ်စုစီကို သွားခဲ့တာဖြစ်ပါတယ်။

တောထဲမှာတော့ ရှင်းလင်းထားတဲ့ တောင်ကုန်းတွေပေါ်မှာတော့ မီးဖိုတွေ၊ တဲအိမ်တွေ၊ ချက်ပြုတ်စားသောက်ဖို့ ပြင်ဆင်နေကြတဲ့သူတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ ကေ့ထျိုးဘိုးတိုင်တော်ကို ခုတ်လဲဖို့ သယ်ဆောင်ဖို့အတွက် ရောက်လာတဲ့ သူတွေကို ကျွေးမွေးဖို့ပဲဖြစ်ပါတယ်။

ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် ရိုးရာတိုင် ရရှိဖို့ များသောအားဖြင့် သပြေပင်၊ ကျွန်းပင်တွေကို ရွေးချယ်ကြပြီး အဖြောင့်ဆုံးနဲ့ အရှည်ဆုံး သစ်ပင်ကို ရရှိဖို့အတွက် အထူးရွေးချယ်ရှာကြရပါတယ်။ ဒီတစ်နှစ်ရဲ့ ကရင်နီပြည် တစ်ပြည်နယ်လုံအတွက် စုပေါင်းကေ့ထျိုးဘိုးပွဲတော်အတွက်တိုင်တော်ကိုတော့ ဘိုးလျားကျေးရွာရဲ့အရှေ့ဘက် သစ်တောကနေ သွားခုတ်ယူခဲ့ကြရပါဒီလို ကေ့ထျိုးဘိုးတိုင်တော်ရှာထွက်ဖို့အတွက် ပွဲရက်မတိုင်ခင် ၁လလောက်အလိုကတည်းကရှာထားရတာပါ။ လိုချင်တဲ့ သစ်ပင် သင့်တော်တဲ့တိုင် တွေ့ရှိတဲ့ အချိန်မှာ ရိုးရာဓလေ့ ဖြစ်တဲ့ ကြက်ရိုးထိုး ဗေဒင်မေးပြီး ကောင်းတဲ့ အတိတ်နိမိတ် တွေ့မှ စတင်ခုတ်ကြရပါတယ်။

မကောင်းတဲ့ အတိတ်နိမိတ်တွေ့မယ်ဆိုရင်တော့ နောက်ထပ် သင့်တော်တဲ့ သစ်ပင်တစ်ပင်ကို သွားရောက် ရှာဖွေကြရပါတယ်။

“ပထမကတော့နေ့ရက်ကိုရွေးရမယ်ပေါ့။ ကြက်ရိုးထိုးရတယ်။ ကြက်အပေါ်မှာပဲမူတည်တယ်။” လို့ ကေးဘျာစယ်လို့ခေါ်တဲ့ (ကျေးရွာစောင့်တဲ့အရှင်သခင်) ဦးဆော်ရယ်က ရှင်းပြသွားတာဖြစ်ပါတယ်။

ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်ကို ဘိုးဘွားအစဉ်ဆက်ကတည်းက မခုတ်ခင် တစ်ရက်ကတည်းကကြိုသွားထားပြီးတော့ ခုတ်ရမည့်ရက်ရဲ့မနက်(၁)နာရီမှာခုတ်ကြတာဖြစ်ပါတယ်။ မနက်(၁)နာရီမှာ ဘာကြောင့်ခုတ်ရတာလဲ ဆိုတော့ တောတောင်မှာ နေတဲ့သတ္တဝါတွေ အိပ်ယာထဲကနေမထွက်ခွာခင်၊ ခုတ်မည့်အပင်ပေါ်မှာတစ်ခြားသတ္တဝါတွေမရှိတဲ့အချိန်မှာ ခုတ်မှသာ တံခွန်တိုင်မှာတန်ခိုးဝိဇ္ဇာရှိတယ်လို့ယုံကြည့်ထားကြတာဖြစ်ပါတယ်။

တိုင်တော်ခုတ်ယူဖို့အတွက် ကျေးရွာအသီးသီးမှ လူအယောက် ၄၀ခန့်လောက်ခေါ်ယူခဲ့ကြရပါတယ်။ လူငယ်လူကြီးအမျိုးသားတွေက ကားတွေ၊ စက်တွေ၊ ဆိုင်ကယ်တွေနဲ့သွားကြပါတယ်။

သစ်ပင်ကို ခုတ်ပြီးပြီဆိုရင်လည်း ဘယ်လောက်ပဲ ဝေးဝေး ကေ့ထျိုးဘိုး ပွဲတော် ကျင်းပမယ့် နေရာကို လူအင်အားနဲ့ သယ်ကြရပါတယ်။ လုံးပတ်က လက်တစ်ဖတ်စာ ကျော်ပြီး အရှည်က ပေ ၃၀ ကျော်လောက် ရှိတဲ့ သစ်ပင်ကြီးကို အရင်ကဆိုရင် ငြမ်းတွေ ဆင်ပြီး လူ ၃၀ လောက် ဝိုင်းမသယ်ဆောင်သွားရပြီးတော့ တချို့အဆင်မပြေတဲ့ နေရာတွေဆိုရင်တော့ ကြိုးနဲ့ ဆွဲကြရပါတယ်။

တံခွန်တိုင်ကို ခုတ်ပြီးတော့သယ်ဆောင်လာတဲ့အခါမှာဆိုရင် တံခွန်တိုင်ထောင်ပြီးတဲ့ရွာတွေကို ဖြတ်လို့ရပေမဲ့ တစ်ချို့တိုင်မထောင်ရသေးတဲ့ရွာတွေမှာဆိုရင် ရွာကိုပတ်ပြီးတော့သယ်သွားရတယ်လို့ကေ့ထျိုးဘိုးပွဲ ဦးစီးဥက္ကဌ ခူးမီရယ်က ကပြောပါတယ်။

“ ဒါကတစ်ရွာနဲ့တစ်ရွာတော့မတူဘူးပေါ့နော် ဒီဓလေ့အရ တစ်ချို့ဆိုရင်ပေးဝင်တယ်၊ တစ်ချို့ဆိုရင်ပေးမဝင်ဘူးပေါ့နော် ဘာဖြစ်လို့ပေးမဝင်လဲဆိုတော့ ကျတော်တို့တံခွန်တိုင်ကို ဥပမာ ဟိုဘက် ဘိုးလျားရွာက တံခွန်တိုင်ခုတ်ပြီးပြီဆိုရင် အဲ့လိုမျိုးဆိုပေးဝင်တယ် ဒါမျိုးမခုတ်ရသေးဘဲနဲ့တစ်ခြားရွာကလာယူတယ်ဆိုရင် ရွာထဲမဝင်ရဘူးဆိုတဲ့ အဲ့လိုမျိုးတွေပေါ့နော် သတ်မှတ်ထားတာရှိတယ်။”လို့ ခူးမီရယ်ကပြောပါတယ်။

ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် သယ်ဆောင်လာတဲ့အခါမှာလဲ ကေ့ထျိုးဘိုးပွဲပြုလုပ်တဲ့ ရွာတွေသာမကဘဲ တစ်ခြားရွာတွေကပါ တံခွန်တိုင်နဲ့တံခွန်တိုင်ကိုသယ်ဆောင်လာတဲ့လူတွေကို ရိုးရာဝတ်စုံတွေနဲ့ရေစင်ပတ်ဖြန်းပြီးကြိုဆိုနေကြတာတွေလဲ ရှိပါတယ်။

အမျိုးသမီးတွေကတော့ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်တော်ကို သပြေခက်တွေနဲ့ ပက်ဖြန်းကြိုဆိုကြရပါတယ်။

ဒီ ကေ့ထျိုးဘိုးလို့ ခေါ်တဲ့ တံခွန်တိုင်ကြီးကို ပွဲတော်ရက်မှာပဲ ထောင်ထားရတာ မဟုတ်ပါဘူး။ ကရင်နီလူမျိုးတွေရဲ့ ဓလေ့ရိုးရာအတိုင်း မပျက်မစီးသရွေ့ ထောင်ထားရမယ်လို့ ဆိုပါတယ်။ ကေ့ထျိုးဘိုး တိုင်ကြီး ဖြောင့်မတ်နေသလို လူတွေရဲ့ အတွင်းစိတ်နေသဘောထားလည်း ဖြောင့်မတ်မှန်ကန်စေဖို့ သတိပေးတဲ့ အနေနဲ့ ထာဝရ ထောင်ထားတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကေးဘျာစယ် ဦးဆော်ရယ်က “ ရိုးသားရမယ်။ ဖြောင့်မတ်ရမယ်။ ဖြူစင်ရမယ်။ အဲလိုပါ။” လို့ပြောပါတယ်။

ကေးထျိုးဘိုးအသစ်ကို နှစ်စဉ် ခုတ်ယူစိုက်ထူလေ့မရှိပါ။ တချို့ကျေးရွာများမှာ ၅ နှစ်တကြိမ် တချို့ကတော့မတူပါဘူး။

ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်အသစ်ရဲ့ဘေးမှာ ဦးစွာ ကတျားလို့ခေါ်တဲ့ နတ်တွေပူဇော်တဲ့တိုင်တော်ကို ဦးစွာပူဇော်ပသရတယ်လို့ ကေးဘျာစယ် ဦးလေးက အခုလို ရှင်းပြသွားပါတယ်။

“ကတျားဖို့လို့ခေါ်တဲ့ ကေ့ထျိုးဘိုး(တံခွန်တိုင်)အငယ်ပေါ်မှာ အရင်ပူဇော်ရတာကတော့ အရင်ရှေးတုန်းက ကေ့ထျိုးဘိုး(တံခွန်တိုင်)အကြီးမပေါ်ခင် သူက အရင်ပေါ်ခဲ့တာကြောင့် သူ့ကိုအရင်ပူဇော်ရပါတယ်။ ဒါကြောင့် ကတျား(နတ်ပူဇော်တဲ့နေရာ) လို့ခေါ်ပါတယ်။ နတ်မင်းတွေ အတက်အဆင်းလုပ်ဖို့လည်းဟုတ်တယ်။”လို့ ပြောပါတယ်။

ကရင်နီ မျိုးနွယ်စုတို့ဟာ ဘိုးဘွားဘီဘေ လက်ထက်ကတည်းက ယုံကြည်တဲ့ ဓလေ့ရိုးရာပွဲ ဖြစ်တဲ့ ကေးထျိုးဘိုး ပွဲတော်ကို မတ်လနဲ့ ဧပြီလ အတွင်းမှာ ကရင်နီမျိုးနွယ်စု ကျေးရွာတိုင်းလိုလိုက နှစ်စဉ်နှစ်တိုင်း ကျင်းပ လျက်ရှိပါတယ်။

ယုံကြည် ကိုးကွယ်တဲ့ ကျေးရွာတွေနဲ့ ကရင်နီနယ်စပ်ရောက်ဒုက္ခသည်တွေ နိုင်ငံခြားရောက် ကရင်နီလူမျိုးတွေက အချိန်ရာသီရောက်တိုင်း ကျင်းပပြုလုပ်လျက်ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။

ဘာသာမတူ လူမျိုးစု ကွဲကြပေမယ့် ကေးထျိုးဘိုး ပွဲတော်ရဲ့ အစဉ်အလာယဉ်ကျေးမှုတွေက အားလုံးအတွက် ဘုံတူညီတဲ့အယူအဆ ဓလေ့တစ်ခုဖြစ်ပါတယ်။

ကရင်နီလူမျိုးတွေဟာ ရှေးပေ၀ သဏီကတည်းက ရိုးရာဓလေ့တွေနဲ့ ယဉ်ကျေးမှုတွေကို အထွတ်အမြတ်ထား ယုံကြည်ကိုးကွယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့ အထိ လူမျိုးစု အားလုံးအတွက် အထိဋ်အထိပ် ထိန်းသိမ်းလာခဲ့ကြဖြစ်လို့ စုပေါင်း ပွဲတော်ကိုအကျဉ်းချုံးကိုတော့ မတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အခုလို ပွဲတော်ပြုလုပ်ရခြင်းနဲ့ပတ်သက်လို့ နှစ်စဉ် ကေးထျိုးဘိုးတိုင်အသစ်စိုက်ထူခြင်း (သို့) တိုင်အသစ်ကို ပြုပြင်မွမ်းမံခြင်းစတာတွေကို ပြုလုပ်ရခြင်း မှာ ဖြေးသူးလူးမိုး (ဖန်ရှင်းရှင် ဘုရားမ) ကျေးဇူးတော်ကို သတိယသော အထိမ်းအမှတ် အနေနဲ့ဖြစ်ပြီးတော့ ရာသီဥတုဖောက်ပြန်တာတွေ၊ သဘာဝဘေးအန္တရာယ်မကျရောက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

“မိုးလေဝါသမှန်ကန်ကြောင်း ၊ ဆန်ရေစပါးပေါကြွယ်ဝခြင်းနဲ့ ကျန်းမာရေးအတွက်ပေါ့။” ဦးဆော်ရယ်က ဆက်ပြောသွားပါတယ်။

ကရင်နီလူမျိုးတို့ရဲ့ ဘိုးဘွားပိုင် အမွှေအနှစ်၊ သဘာဝအရင်းအမြစ်၊ လူမျိုးနဲ့သမိုင်းရာဇဝင် မပျောက် ပျက်အောင် တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းဝန်းထိန်းသိမ်းသွားကြပါတယ်။

စုပေါင်းကေ့ထျိုးဘိုးပွဲတော်ကို ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ မတ်လအတွင်း တစ်ပြည်နယ်လုံး ဧည်သည်တော်တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ဖို့အတွက် ပွဲတော်ကိုတော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဧည်သည်တော်တွေကို ဖိတ်ကြားခြင်းမပြုလုပ်တော့ဘူးလို့သိရပါတယ်။

“ ကိုရိုနာဗိုင်းရပ်ကြောင့် ကျတော့ကျတော်တို့အစပိုင်းဒီပွဲမရောက်ခင်မှာတော့ ကျတော်တို့စီစဉ်ထားတာရှိတယ်။ ဥပမာ ပေါ့နော် ဒီပြင်ပနိုင်ငံကနေဝင်လာတဲ့လူတွေ အဲ့လိုမျိုးတွေလဲ ဆေးခန်းမှာ အကြောင်းကြားခိုင်းတာပေါ့နော် အဲ့လိုမျိုးတေါအစီအစဉ်ရှိတယ်။ ပြီးတော့ ဒီပွဲရောက်လာတုန်းကလဲ ကျတော်တို့တံခွန်တိုင်ခုတ်တဲ့နေရာရော ဒီပွဲခင်းမှာရော ပြီးတော့လူတွေလျော့ထားတယ်။ ပြီးတော့ ခြေလက်တွေ ဒီအဝင်ပေါက်နားမှာရော ရောဂါရှိကြောင်း၊မရှိကြောင်း အဲ့မျိုးတွေလဲစီစစ်ထားတယ်။ ဒီကျန်းမာရေးဌာနတို့ကျတော်တို့အကြောင်းကြားပြီးကျတော်တို့အကူညီတောင်းတာတော့ ရှိတယ်။” လို့ ကေ့ထျိုးဘိုး တံခွန်တိုင်ပွဲတော် လုံခြုံရေးတာဝန်ခံ ခူးညားရယ်ကပြောပါတယ်။

ကေးထျိုးဘိုးပွဲတော် ပြုလုပ်နေစဉ် အတောအတွင်း နယ်ပေါင်းစုံက လာတဲ့ သူတွေ တည်းခို နေထိုင်ရေးအတွက် ပွဲတော် ကျင်းပတဲ့ကျေးရွာနေရာမှာ ရှိတဲ့ အိမ်ရှင်တွေက လက်ခံပေးထားပြီး အထူးစားဖို့အတွက်ကိုတော့ ပွဲတော်အတွင်းမှာ စားနိုင်ဖို့ ပွဲတော် ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးထားကြပြီးဖြစ်ပါတယ်။

သို့ပေမယ့် ဒီတစ်နှစ်ရဲ့ (၆၂)ကြိမ်မြောက် ရိုးရာကေ့ထျိူးဘိုးပွဲကိုရိုနာဗိုင်းရပ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပွဲကို စည်စည်ကားကားမကျင်းပတော့ပဲ။ အခုလို ရိုးရာအနည်းအကျဉ်းပဲပြုလုပ်ခဲ့ရပါတော့တယ်။

Comments

comments

Next Post

NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အပေါ် ကရင်နီလူမျိုးစု လူငယ်ထုများရဲ့ အမြင်

Mon Apr 6 , 2020
လက်ရှိမှာ မြန်မာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ NLD အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အပေါ် ကရင်နီလူမျိုးစု လူငယ်ထုများရဲ့ အမြင်သဘောထားကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ခူးရီးရယ် – ကယားလီဖုလူငယ် ငြိမ်းချမ်းရေးက ဒီထက် တိုးတက်ကောင်းမွန်လာတဲ့ အနေအထားမရှိဘူးလို့ ကျတော့်အနေနဲ့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ကယားပြည်နယ်အစိုးရနဲ့ KNPP ပြည်ထောင်စုအဆင့်ရော ပြည်နယ်အဆင့်ရော လက်မှတ်ရေးထိုးထားပြီးသော်ငြားလည်း ဒီလက်မှတ်ထိုးထားတာ ပါဝင်ထားတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်နိုင်မှုအားက တအားနဲ့ အားနည်းနေတာပေါ့နော။ အဲ့ဒါကြောင့်မို့လို့ ကျတော်တို့ရဲ့ ပြည်နယ်အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဒီထက်ပိုပြီးတော့မှ တိုးတက်လာဖို့ ရှိလိမ့်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နှစ်ဦးနှစ်ဖက်လုံးကတော့ အလျော့အတင်းလေးတွေ လုပ်ဖို့လိုတယ်။ KNPP လည်း တင်းနေမယ် ပြည်နယ်အစိုးရကလည်း တင်းနေမယ်ဆိုရင် လုပ်ငန်းတွေကတော့ […]