spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ စစ်ဘေးဒုက္ခသည်တွေ ၃လအတွင်း ငတ်မွတ်ခေါင်းပါလာနိုင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေ သိုလောင်ထားတဲ့ စားနပ်ရိက္ခာပိုင်းနည်းပါးလာပြီး ၃လအတွင်းမှာ ငတ်မွတ်ခေါင်းပါးလာနိုင်တယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ Humanitarian Focal Person ဦးဗညားက ပြောပါတယ်။

ဒေသတွင်းအလှူရှင်တွေလည်း အခက်အခဲဖြစ်လာတာကြောင့် နိုင်ငံတကာကူညီရေးအဖွဲ့အစည်းက ပံ့ပိုးကူညီမှုမရှိဘူးဆိုရင် စစ်ဘေးဒုက္ခသည်တွေက ငတ်မွတ်ပြီး သေဆုံးတဲ့သူတွေရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“လူထုနဲ့ IDPs ကိုယ်၌က အထူးသဖြင့် IDPs ကိုယ်၌ပေါ့နော စားဝတ်နေရေးကို တော်တော်လေးစိုးရိမ်မှုတွေရှိလာတယ်။ အခုနောက်ပိုင်းမှာ စားနပ်ရိက္ခာတွေကို ကျနော်တို့ အရံစားနပ်ရိက္ခာတွေကို လိုက်စစ်တဲ့အချိန်မှာ အရမ်းကိုနည်းသွားတယ်။ နောက်ပြီးတော့ လူထုတွေကိုယ်၌ကလည်း အရံစားနပ်ရိက္ခာကြည့်တဲ့အချိန်မှာ အရမ်းကိုနည်းပါးတယ်။ အဲ့တော့ ကျနော်တို့ကတော့ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောထားတာရှိပါတယ်။ တချို့သော နိုင်ငံတကာသံရုံးကို ပြောတာရှိပါတယ်။ ဒီလိုမျိုးပုံစံနဲ့ နှစ်လအလွန်ဆုံး ၃လ ဆက်သွားရင် ကျနော်တို့ပြည်နယ်မှာ ခုနကပြောသလို ငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေဆုံးမယ့်လူဦးရေ သေဆုံးမယ့်စာရင်းတွေကို ခင်ဗျားတို့လက်ထဲကို ရောက်ရှိလာပါလိမ့်မယ်လို့ ကျနော်တို့ သူတို့ကို Challenge လုပ်ထားတာရှိပါတယ်။ ဒါလည်း တကယ်ဖြစ်မယ့်အခြေအနေရှိပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေမှာ စားနပ်ရိက္ခာလိုအပ်မှုအပြင် ဆေးဝါးလည်း မရရှိတဲ့အတွက် ဖျားနာသေဆုံးသူအချို့လည်းရှိနေပါတယ်။ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုသာ မရရှိဘူးဆိုရင် စစ်ဘေးဒုက္ခသည်တွေအတွက် ခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလနောက်ပိုင်းကစ ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု တင်းကြပ်ခဲ့ပြီး အထူးသဖြင့် ဆန်နဲ့ဆေးဝါး သယ်ဆောင်မှုကို စစ်ကောင်စီက လမ်းမှာတင် ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။

ဆန်သယ်ယူပို့ဆောင်ပါက စစ်ကောင်စီရဲ့သက်ဆိုင်ရာရုံးအဖွဲ့ထံ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရပြီး ဆန်အိတ်သယ်ဆောင်ပါက အိတ် ၂၀ အထက်လည်း မသယ်ဖို့ စစ်ကောင်စီက ကန့်သတ်ထားပါတယ်။

ဖေဖော်ဝါရီလ ပထမပတ်မှာ ပြည်နယ်တွင်းကုန်စည်စီးဆင်းမှု အနည်းငယ် ပြန်ကောင်းလာသလို ဓာတ်ဆီ၊ လောင်စာဆီ ရောင်းဝယ်မှု ပုံမှန်ဖြစ်လာတာရှိပေမယ့် ဆန်နဲ့ဆေးဝါးကိုတော့ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

ဒေသတွင်း စစ်ရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေလည်း အလှူရှင်က ပေးလှူထောက်ပံ့တဲ့ငွေကြေး၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ပြန်လည်ဝေမျှတယ်လို့ ဆိုပါတယ်။

ပထမဦးစားပေးအနေနဲ့ မိခင်၊ ကိုယ်ဝန်သည်၊ ၅နှစ်အောက်ကလေးငယ်အတွက် ထောက်ပံ့ပေးပြီး သက်ကြီးရွယ်အို၊ စစ်ရှောင်လူထုအတွက် အခြေခံစားသောက်ကုန်၊ မိုးကာအပြင် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး-၂ မော်ဖရေမြာက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်ဦးရေက ပြည်နယ်လူဦးရေရဲ့ထက်ဝက်ကျော်ရှိနေပြီး ထောက်ပံ့ပေးတဲ့အရာတွေက နှစ်ပတ်အတွင်း ကုန်သွားတဲ့အတွက် မလုံလောက်နိုင်တာကြောင့် ပြည်တွင်းပြည်ပအလှူရှင်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ရရှိပြီး မြေပြင်အခက်အခဲတွေကို ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) ထံတင်ပြတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး-၂ မော်ဖရေမြာက “အလွန်ဆုံး တစ်ပတ်နှစ်ပတ်လောက်ဟာမျိုးမှာ ပြန်ကုန်သွားပြီ ထပ်လိုအပ်ပြီ အဲ့လိုမျိုးရှိနေတဲ့အပေါ်မှာက အဓိက ပြည်နယ်ပြင်ပမှာရှိနေတဲ့ ကိုယ့်ရဲ့မျိုးနွယ်စုတွေပဲပြောပြော အလှူရှင်တွေပေါ့နော တကယ့် NGO တွေ အဲ့လိုမျိုးတွေပေါ့။ ဒါက စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့သွားတာမျိုးမဟုတ်ဘဲနဲ့ ဒါကလူထုရဲ့အခြေအနေကိုကြည့်ပြီးတော့မှ လူထုဖက်ကိုရပ်တည်ပြီးတော့မှ သူတို့က များများလုပ်ဆောင်သင့်တယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော။ ဒိုနာတွေလည်း ဒီအခြေအနေမှာ အကန့်အသတ် အဲ့လိုမျိုး Fund ပေးတာမျိုးထက်စာရင်တော့ တကယ့်လူသားချင်းစာနာထောက်ထားတဲ့ဖက်ကနေ ကြည့်ပြီးတော့မှ အကန့်အသတ်မရှိဘဲနဲ့ ဆက်ပြီးတော့ ထောက်ပံ့စေချင်တယ်။”လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတစ်သိန်း ခုနစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုတွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုထားတာ ရှိပါတယ်။

spot_img
spot_img

Recent posts