spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ် ဟာ လူတွေရဲ့ ကျန်းမာရေးကို ရေရှည်မှာ ဘယ်လိုဖြစ်စေနိုင်လဲ။

ကမ္ဘာမှာ ကိုဗစ်ကူးစက်မှုဟာ အခုဆိုရင် နှစ်နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် မတ်လ ၂၃ရက်နေ့ကစပြီး စတင်ကူးစက်ခဲ့တာ ဖြစ်ပြီး စတင်ကူးစက်ခံရချိန်က ရောဂါပြင်းထန်တဲ့လူတွေရှိခဲ့သလို သေဆုံးတဲ့သူတွေလည်း ရှိခဲ့တဲ့အတွက် လူတွေဟာ ကိုဗစ် မကူးစက်ဖို့ အကာအကွယ်တွေအပြည့်နဲ့ နေထိုင်ခဲ့ပါတယ်။

ကိုဗစ် ရောဂါလက္ခဏာ

ကိုဗစ်ရောဂါလက္ခဏာဟာ သာမာန်အားဖြင့် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အလွန်အမင်းမောပန်းခြင်း၊ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အနံ့ပျောက်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ တခြားသော လက္ခာဏာတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

တခါတရံမှာ ကိုဗစ်ကူးစက်ပေမယ့် ဘာရောဂါလက္ခာဏာမှ မပြတာလည်း ဖြစ်ပေါ်နိုင်သလို ကိုဗစ်ကူးစက်ပြီး ဆေးရုံတွေမှာ အောက်စီဂျင်အသုံးပြုနေရတဲ့ သူတွေလည်း ရှိပါတယ်။

၂၀၂၂ခုနှစ် ဧပြီလ ၂၇ရက်နေ့အထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၆၁၂၇၈၅ ဦးရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

အိုမီခရွန် ထွက်ပေါ်လာပြီးနောက်ပိုင်း လက္ခာဏာ

လူတွေကြားထဲ ကူးစက်ပျံ့နှံ့မှု အချိန်ကြာလာတဲ့ ကိုဗစ်ဟာ ယခင်ကလို ပြင်းထန်တဲ့ ရောဂါလက္ခာဏာ တွေလျော့နည်းလာပါတယ်။

ဒါဟာ ကိုဗစ်ရောဂါအတွက် လူတွေတီထွင်ထုတ်လုပ်လိုက်တဲ့ ကာကွယ်ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကိုဗစ်ဟာ မျိုးစိတ်အမျိုးမျိုး ပြောင်းလဲလာနေပြီး ကူးစက်မြန်တဲ့အတွက် အိုမီခရွန်မျိုးစိတ်အထိ ပြောင်းလဲနေပါတယ်။ အိုမီခရွန်ဟာ ကူးစက်မှုမြန်သလောက် ရောဂါဟာ ထင်သလောက် မပြင်းထန်တာကိုလည်း တွေ့ရပါတယ်။

ဘယ်လိုမျိုးက ကိုဗစ်ကူးစက်မှုပိုပြင်းထန်တာလဲ။

ကိုဗစ်ဟာ ကာကွယ်ဆေးထိုးထားတဲ့လူတွေအတွက် ပြင်းထန်တဲ့ ရောဂါလက္ခာဏာ ခံစားရမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။ ကာကွယ်ဆေး (၂) ကြိမ်ပြည့်အောင် ထိုးထားတာက ကူးစက်ခံရနိုင်ခြေကို ၆ ဆကျော် လျှော့ချပေးနိုင်ပြီး ရောဂါပြင်းထန်တာကြောင့် သေဆုံးနိုင်ခြေကို ၁၃ ဆလောက်အထိ လျှော့ချပေးနိုင်တယ်လို့ hello ဆရာဝန်ရဲ့ စစ်တမ်းအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးသူ ၅၁သန်းကျော်ရှိနေပြီးဖြစ်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးသူ တစ်သန်းကျော်ရှိတယ်လို့ WHO ရဲ့ ထုတ်ပြန်ကြေညာချက်မှာ တွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ လူတစ်ရာမှာ ၉၄ယောက်က ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူဖြစ်တယ်လို့ ဆိုပါတယ်။ (ဒါပေမဲ့ လက်ရှိ စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေမှာ ဆေးဝါးမရောက်ရှိနိုင်မှု ကြောင့် ဒီနှုန်းထားအတိုင်း မရှိနိုင်ပါဘူး)

ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ရေရှည်ကျန်းမာရေးကို ထိခိုက်နိုင်တာရှိလား။

လက်ရှိမှာ ကိုဗစ်ဟာ ကူးစက်ပျံ့နှံ့မှုတွေရှိနေသေးပေမယ့် ပြင်းထန်တဲ့ ရောဂါလက္ခာဏာတွေကို ခံစားရတဲ့သူ နည်းလာပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖျားစတဲ့ ရောဂါလက္ခာဏာတွေကိုသာပြသပြီး မကြာခင်မှာ ပြန်ကောင်းလာတဲ့သူတွေ များလာနေပါတယ်။

ကိုဗစ်ကူးစက်မှုမပြင်းထန်ပေမယ့် ကိုဗစ်ကူးစက်ဖူးသူတွေဟာ ရေရှည်မှာ ဘယ်လိုနောက်ဆက်တွဲ ရောဂါတွေကို ခံစားရမယ်ဆိုတာ မသိရှိရသေးပါဘူး။

ကိုဗစ်ကူးစက်ခံရတဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့ ပုံစံမျိုးဖြစ်ခဲ့တဲ့အတွက် လူတွေမှာ အသက်ရှူလမ်းကြောင်းထိခိုက်ပြီး အဆုတ်တွေလည်း ပျက်စီးသွားတတ်ပါတယ်။

ရထားသမျှ အချက်အလက်တွေကို ကြည့်ရင် ပိုးကူးခံရတဲ့ လူတွေဟာ နောက်ငါးနှစ်လောက်အထိ ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရတာတွေ၊ အခက်အခဲတွေ ဆက်တွေ့ရနိုင်ပါသေးတယ်လို့ ဘီဘီစီရဲ့ ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။

ကိုးကား – hello sayawon/BBC ဆောင်းပါး/WHO

spot_img
spot_img