KNPP နှင့် စစ်ကောင်စီတို့ ဖားဆောင်းမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

0
4970

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူ- မော်ချီးလမ်းမကြီး ၇ မိုင်မှာ KNPP နဲ့ စစ်ကောင်စီတို့ ယမန်နေ့(မေလ၂၇ရက်) မွန်းလွှဲ ၂နာရီ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ KNPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ယနေ့မေလ ၂၈ရက်နေ့မှာ ပြောပါတယ်။

‘’ဖြစ်စဉ်က သူတို့ဖက်က ဖားဆောင်းကနေ မော်ချီးတက်လာတယ် ကျတော်တို့ဖက်က စောင့်ပစ်တယ်။ ဖြစ်တာကတော့ ၇မိုင်မှာဖြစ်တယ်။ ခနလေးပဲဖြစ်တယ် မနေ့ကတော့။ လမ်းတော့ တနေ့လုံးပိတ်သွားတယ်ပေါ့နော ဒီနေ့တော့ ပြန်သွားလို့ရပြီပေါ့နော။ လမ်းမကြီးပေါ်မှာသွားတော့ KNPP လည်း လမ်းကြောင်းပိတ်တာ။ ကားလမ်းဘေးမှာ သူတို့ ( စစ်ကောင်စီ) ဦးထုပ်တွေ ကျောပိုးအိတ်တွေကျန်ခဲ့တယ်’’ လို့ ၎င်းက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုက ၁၅မိနစ်ဝန်းကျင်ခန့်ရှိပြီး KNPP ဖက်က လမ်းရှင်းရေးလုပ်ဆောင်နေတဲ့အချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်သလို စစ်ကောင်စီဖက်က ထိခိုက်မှုရှိခဲ့တယ်လို့ မြင်တွေ့ရတဲ့ ဒေသခံတွေကပြောပါတယ်။

အနီးအနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးပြောကြားချက်အရ စစ်ကောင်စီဖက်က ဒဏ်ရာရတဲ့စစ်သားတွေ ဖားဆောင်းဖက် ပြန်ပို့တာ တွေ့ရတယ်လို့ ပြောပါတယ်။

‘’တိုက်ပွဲဖြစ်တယ် ဒဏ်ရာရတယ် သူတို့ပြန်လာတော့ ရွာသားကတွေ့တယ်လေ။ ရွာသားက အလုပ်သွားလုပ်မလို့’’ လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မေလအတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ မေလ ၂၀ရက်နေ့မှာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုဒုတိယအကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။