spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

“ကျမတို့အားလုံး အတူတူပဲ“

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မော်ဦးမယ် ( အမည်လွှဲ) ဟာ အမြင်အာရုံချို့ယွင်းသူ ဆယ်ကျော်သက် လူငယ်တစ်ဦးဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကြောင့် နေရပ်ဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်ကနေ စစ်ဘေးရှောင်ရင်း နယ်စပ်ဒေသကို အဖွားဖြစ်သူနဲ့အတူ ရောက်ရှိနေတာ နှစ်နှစ်ဝန်းကျင် ရှိနေပါပြီ။

အမြင်အာရုံချို့ယွင်းသူဖြစ်တာကြောင့် စစ်ရှောင်စခန်းကိုသွားတဲ့ တောင်တက်ခရီးလမ်းကြမ်းတလျှောက်မှာ သူမကတော့ ချော်လဲလိုက်၊ ပြုတ်ကျလိုက်၊ တစ်စုံတစ်ခုနဲ့ တိုက်မိလိုက်၊ အားယူရှေ့ဆက်လိုက်နဲ့ ခက်ခက်ခဲခဲဖြတ်သန်းရင်း ဒီခရီးကို ဆက်ခဲ့ရတာပါ။ …. သာမန်လူတွေအတွက်တောင် ခက်ထန်ကြမ်းတမ်းလှတဲ့ ဒီခရီးလမ်းကို ငါးရက်ကြာတိုင် ကျော်ဖြတ်ပြီးမှ နယ်စပ်တစ်နေရာက စစ်ရှောင်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။

မိဘတွေကတော့ သူမကို စိတ်မချပေမယ့် ဆက်လက်ပညာသင်ကြားနိုင်ဖို့အတွက် စာသင်ကျောင်းတွေရှိနေတဲ့ နေရာကို သွားခွင့်ပြုခဲ့ရပါတယ်။

အခုတော့ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ နယ်စပ် ကရင်နီစစ်ဘေးရှောင်စခန်းမှာ ဖွင့်လှစ်ထားတဲ့ ဆယ်သဲကောလိပ် မှာ ကျောင်းပညာတွေကို သင်ယူဆည်းပူးနေပါပြီ။

အမြင်အာရုံချို့ယွင်းသူ ဖြစ်လင့်ကစား တခြားကျောင်းသားတွေလိုမဟုတ်ပဲ စာသင်တဲ့ အခန်းရဲ့ ရှေ့ဆုံးတန်းက ခုံမှာ အမြဲနေရာယူတတ်ပြီး ပညာသင်ယူလိုစိတ်ပြင်းပြနေသူပါ။ သို့ပေမယ့် အမြင်အာရုံချို့ယွင်းသူ သူမအတွက်တော့ စာသင်ကြားရာမှာ ခက်ခဲမှုတွေပိုရင်ဆိုင်နေရပါတယ်။

“သူက စာကြိုးစားတယ်ပေါ့နော။ မမြင်ရင်တောင်မှ သူကြိုးစားပြီးတော့မှ လိုက်လုပ်တယ်။ ဖတ်စာအုပ်တွေပေးထားတယ်ဆိုတော့ သင်ပုန်းပေါ်မှာ သူမမြင်တောင်မှ ဖတ်စာအုပ်ထဲမှာ ကြည့်ပြီးတော့မှ ကြိုးစားပြီးလိုက်လုပ်တယ်။ အဲ့ကြောင့် သူ့အတွက် အခက်အခဲကတော့ သိပ်မရှိဘူး။ သူလည်း စာကြိုးစားတဲ့သူတစ်ယောက်ဖြစ်တယ်ပေါ့နော။” လို့ မော်ဦးမယ် (အမည်လွှဲ) ရဲ့ ဆရာမဖြစ်သူ စန်စန်းအေးက ပြောပြပါတယ်။

အမြင်အာရုံချို့တဲ့သူ ဆိုပေမယ့်လည်း အမြဲတမ်း မမြင်ရတာမျိုးတော့မဟုတ်ပါဘူး။ တချို့ အချိန်တွေမှာ ကောင်းကောင်းမြင်တွေ့ရပေမယ့် တချို့ အချိန်တွေဆိုရင် မမြင်ရပါဘူး။ အထူးသဖြင့် ညအချိန်တွေမှာ အမြင်အာရုံ ချို့ယွင်းနေတတ်ပါတယ်။

ဘယ်အချိန်မြင်ရတယ်၊ ဘယ်အချိန်မှာ မမြင်ရဘူး ဆိုတဲ့ တိကျတဲ့အချိန်မျိုးမရှိတာကြောင့် လည်း စာသင်ခန်းထဲမှာ တခြားသူတွေထက် သူက အခက်ခဲပိုတွေ့နေရတာပါ။

ဒါပေမဲ့လည်း စာသင်ခန်းတွေထဲမှာလည်း ဆရာ ဆရာမတွေက အရှေ့ဆုံးမှာ အမြဲပေးထိုင်တာတွေ၊ သူမမေးတာတွေကို စိတ်ရှည်ရှည်နဲ့ ပြန်လည်ဖြေကြားပေးတာမျိုးတွေကြောင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်လို့ သူမက ပြောပါတယ်။

သူငယ်ချင်းတွေက လမ်းသွားရင် လက်တွဲခေါ်သွားပေးတာ၊ စာလုံးဝမမြင်ရတဲ့အချိန်တွေမှာ စာကူးပေးတာတွေကြောင့်လည်း စာလေ့လာမှု နှောင့်နှေးခြင်းမရှိဘဲ အများနည်းတူ သင်ကြားရေးပိုင်းမှာ လက်လှမ်းမီနေပါတယ်။

“ဘဝမှာ မရဖူးတဲ့ သူငယ်ချင်းလည်းရသွားတယ်။ ကိုယ့်ဖြစ်တည်မှုတိုင်းကို လက်ခံပေးတယ်ဆိုတော့ ငိုတောင်ငိုခဲ့ဖူးတဲ့ အချိန်တွေရှိတာပေါ့နော။ ကျောင်းသွားတယ်ဆိုတော့ လမ်းမကြီးဖြတ်ရတဲ့ချိန်မှာ တအားအခက်အခဲဖြစ်တော့ သူတို့က အဲ့ဒီဆိုင်ကယ်တွေကို ကိုယ်တိုင်တားပေးတယ်။ ပြီးရင် ကျမကို‌ ခေါ်သွားပေးတယ်။ “ လို့ မော်ဦးမယ် (အမည်လွှဲ) ကပြောပါတယ်။

အခုချိန်မှာတော့ သူမဟာ စစ်ရှောင်စခန်းက တခြားသက်တူရွယ်တူ ကျောင်းနေဘက် သူငယ်ချင်းတွေနဲ့အတူ ဆရာ၊ဆရာမတွေ ကလည်း သူမရဲ့ အခြေအနေအပေါ် စာနာနားလည်ပေးကြတာကြောင့်၊ သူမရဲ့ ပညာရေးလမ်းကြောင်းဟာ နွေးထွေးပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေပါတယ်။

သူမဖြစ်ချင်တာကတော့ သူနာပြုတစ်ယောက်ပါ။ ဒါပေမဲ့လည်း သူမရဲ့ အမြင်အာရုံချို့ယွင်းမှု အပြင် တခြားသော အကြောင်းအရာတွေကြောင့် သူနာပြုဖြစ်ချင်တဲ့ အိပ်မက်ကို ဆက်မက်ခွင့်မရတော့ပါဘူး။
……….
အမြင်အာရုံချို့တဲ့ ခဲ့ရတဲ့ အကြောင်းရင်းကလည်းရှိပါတယ်။
သူမ ငယ်စဉ်တုန်းက အလယ်တန်းကျောင်းတက်နေစဉ်အရွယ်မှာ အခြားသော အဖော်သူငယ်ချင်းတွေနဲ့ ကစားနေရင်း ချွန်ထက်တဲ့ ကားအစိတ်အပိုင်းတစ်ခုက သူ့ရဲ့ နဖူးမှာ ထိုးစိုက်မိခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အမြင်အာရုံချို့တဲ့ သွားခဲ့ရတာဖြစ်ပါတယ်။

အခုချိန်မှာတော့ သူမဟာ ကျောင်းသူ၊ကျောင်းသားတွေကို ပြန်လည်သင်ကြားပို့ချပေးနိုင်မယ့် ဆရာမတစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ်။

“အခုကျမက ED(education ပညာရေး) မေဂျာယူထားတယ်။ ကျောင်းပြီးလို့ရှိရင် ကျောင်းဆရာမ လျှောက်မယ်‌ပေါ့နော။ အခုဒီ ဆရာမနဲ့ဆိုင်တဲ့ စာအုပ်တွေဆို ကျောင်းမှာပေးထားတော့ ဖတ်ဖြစ်တယ်။ ဆရာမတွေက စာသင်ဖို့လိုလို့ရှိရင် ကျမက သွားသင်ပေးတယ်။” လို့ မော်ဦးမယ် ( အမည်လွှဲ) ကပြောပါတယ်။

သူမဟာ ကောလိပ်ကျောင်းမပြီးသေးပေမယ့် ကျောင်းပိတ်ချိန်တွေမှာ ဆရာ၊ဆရာမတွေဆီမှာခွင့်တောင်းပြီး သူမ ထက်ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသားတွေကို ကြိုးစားပြီးသင်ကြားပြသပေးနေသူပါ။

“စိတ်အားထက်သန်တယ်။ ပြီး သူယူထားတဲ့ မေဂျာကလည်း EDပေါ့နော။ သူကျောင်းဆရာမပြန်လုပ်မယ်ဆိုပြီးတော့မှ သူကြိုးစားတယ်။ လက်တွေ့ပိုင်းမှာဆိုရင်လည်း သူ အားရပါးရ ပါဝင်တယ်။” လို့ ဆရာမဖြစ်တဲ့ စန်းစန်းအေးက မော်ဦးမယ် (အမည်လွှဲ) နဲ့ပတ်သက်ပြီး ပြောပြပါတယ်။

လက်ရှိမှာ သူငယ်ချင်း၊ ဆရာ ဆရာမတွေရဲ့ ကူညီပေးမှုတွေကြောင့်အပြင် မိဘ၊ ပတ်ဝန်းကျင်ရဲ့ အားပေးပံ့ပိုးမှုတွေနဲ့အတူ ကျောင်းပြီးသွားရင် ကျောင်းဆရာမ တစ်ယောက်ဖြစ်ဖို့ဆိုတဲ့ သူမရဲ့ရည်ရွယ်ချက်လေးဟာလည်း မလှမ်းမကမ်းမှာ ရောက်ရှိနေပြီလို့ ဆိုရမှာပါ။

…………..

စစ်ရှောင်စခန်းမှာ နေထိုင်တာဖြစ်တဲ့အတွက် အတူနေတဲ့ မိသားစုဝင်တွေက ထင်းရှာ၊ ဟင်းရှာဖို့ တောထွက်ရှာရတဲ့အခါတွေမှာလည်း မော်ဦးမယ် (အမည်လွှဲ) တယောက် အိမ်မှာ ကျန်ရစ်နေခဲ့တာမျိုးမရှိပါဘူး။ အမြင်အာရုံချို့တဲ့သူဖြစ်လင့်ကစား ကောင်းကောင်း မမြင်နိုင်ပေမဲ့လည်း သူများနည်းတူ ဟင်းရှာ၊ထင်းရှာ ထွက်တတ်ပါသေးတယ်။

အိမ်မှုကိစ္စတွေနဲ့ မီးဖိုချောင်ဝင်ပြီး ချက်ပြုတ်တဲ့ အလုပ်တွေမှာလည်း သူတတ်နိုင်တာလေးတွေနဲ့ နေ့စဉ်ဝင်ကူနေတာပါ။ တခါတလေ မမြင်ရတဲ့အချိန်တွေမှာ ထမင်းအိုးဟင်းအိုးဝင်တိုက်မိတာ ထမင်းပန်းကန်တွေတက်နင်းမိတာ ထမင်းဟင်းခွက်တွေ မှားကိုင်မိတာတွေရှိနေပေမယ့်လည်း အတူနေထိုင်တဲ့ ဆွေမျိုးသားချင်းများကလည်း သူ့ရဲ့ဖြစ်တည်မှုကို နားလည်ပေးပါတယ်။

သူမရဲ့ အမြင်အာရုံချို့ယွင်းမှုကို ကုသဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီကို သွားရောက်ကုသခဲ့ဖူးတာတော့မရှိပါဘူး။ သူမတို့မိသားစုဟာ ရိုးရာဓလေ့ ကိုယုံကြည်သက်ဝင်တဲ့ မိသားစုဖြစ်တာကြောင့် သူမရဲ့ မိဘတွေက သူမကို ကရင်နီရိုးရာ ကုသနည်းတွေနဲ့သာ ကုသပေးနေကြတာပါ။ ရိုးရာဓလေ့အရ ကြက်ရိုးထိုးပြီး ယတြာချေတဲ့ နည်းလမ်းတွေနဲ့ ကုသတာမျိုးဖြစ်ပါတယ်။ သူမကိုယ်တိုင်ကလည်း ရိုးရာဓလေ့ကို ယုံကြည်သူဖြစ်သလို၊ မိဘတွေကို မလွန်ဆန်နိုင်သူလည်း ဖြစ်တာကြောင့် မျက်စိကုသဖို့ အတွက် ဆေးရုံကိုမရောက်ဖြစ်ပါဘူး။

“အဲ့ဒါကို ကြက်ရိုးဓလေ့ အဲ့မျိုးဟာတွေနဲ့ ကြက်ရိုးထိုးပေးတယ်။ ပြီးတော့ အဲ့တာက မျိုးရိုးလားဆိုပြီးတော့ ကြက်ရဲ့ခြင်းတောင်းကိုပေါ့နော အဲ့တာကိုဆောင်းခိုင်းပြီးတော့ အိမ်နဲ့ ခုနစ်ပတ် ပတ်ခိုင်းသေးတယ်။ “ လို့ မော်ဦးမယ် (အမည်လွှဲ) က ရိုးရာဓလေ့အရ ယတြာတွေ ပြုလုပ်ခဲ့ရပုံကို ပြန်ပြောပြပါတယ်။

ဆေးရုံဆေးခန်းကိုတော့ မျက်မှန်လုပ်တဲ့အချိန်နဲ့၊ အဲဒီအတွက် ဆေးယူတဲ့ တစ်ကြိမ်ဘဲ သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခုချိန်မှာတော့ မော်ဦးမယ် (အမည်လွှဲ)ဟာ ကိုယ့်ကိုယ်ကို သက်ရှည်ပညာလို့ခေါ်တဲ့ နည်းတစ်မျိုးနဲ့လည်း ကိုယ့်ဘာသာကိုယ် ကုသနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သက်ရှည်ပညာဆိုတာ တရားထိုင်ပြီး ကိုယ်တွင်းမှာရှိတဲ့ စွမ်းအားတစ်မျိုးကို ညီမျှအောင် ညှိယူတဲ့နည်းပညာ ဖြစ်ပါတယ်။

မော်ဦးမယ်(အမည်လွှဲ) ရဲ့ နေ့စဉ်ဘဝမှာ ခလုတ်တိုက်တာတွေ၊ ချော်လဲတာတွေ၊ အခြားသော သူတွေကို ဝင်တိုက်တာ တွေက ဖြစ်လေ့ဖြစ်ထရှိနေဆဲပါ။ “မမြင်ဘူးလား” “ မကြည့်ဘူးလား” စသဖြင့် တစ်ပါးသူများက အော်ငေါက်တာတွေနဲ့ ခါးသီးစွာ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တွေက မနည်းတော့ပါဘူး။ အခုဆိုရင် ဒီလို အပြောဆိုခံရတာတွေက မော်ဦးမယ် (အမည်လွှဲ) အတွက်ကတော့ ရိုးနေပြီလို့ တောင် ပြောလို့ရပါတယ်။

ယခင် ရွာမှာနေထိုင်စဉ်တုန်းကတော့ ပွဲလမ်းသဘင်တွေ၊ သာရေး နာရေးတွေမှာ ပူးပေါင်းပါဝင်ဖို့ ကို မျက်နှာသာပေး မခံရပါဘူး။ သူမကို “စိတ်မချလို့” “လုပ်တတ်မှာမဟုတ်လို့” စသဖြင့်ပြောဆို ဖယ်ကြဉ်ထားခြင်းခံခဲ့ရပါတယ်။

“ သူတို့မသိတော့ ပြောတဲ့ချိန်တော့ အခက်အခဲရှိတာပေါ့နော။ မကြည့်ဘူးလား အဲ့လိုမျိုးဟာဆို တအားထိခိုက်တယ်ပေါ့နော။ နာတယ်ပြောရမလား။ အဲ့လိုဖြစ်တော့ မသွားချင်တော့ဘူး။ “ လို့ မော်ဦးမယ် (အမည်လွှဲ) က ပြောပါတယ်။

သို့ပေမယ့် ယခုရောက်ရှိနေတဲ့ စစ်ရှောင်စခန်းဟာဆိုရင် သူ့အတွက် နွေးထွေးစွာဆက်ဆံပေးတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ဆရာ၊ဆရာမတွေရှိနေတာကြောင့် ဘဝအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်နေပြီး “ ဒီလိုနေရာမျိုးလည်း ရှိနေသေးပါလား “ ဆိုတဲ့ ခံစားချက်ကို ရရှိလာစေတာပါ။

အမြင်အာရုံချို့ယွင်းနေတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း ဘဝကိုအရှုံးမပေးဘဲ အလွန်ကြိုးစားတဲ့ ကျောင်းသူတစ်ဦးဖြစ်တာကြောင့် လူမှုအသိုင်းအဝိုင်းရဲ့ လက်တွဲဖေးမမှုတွေနဲ့ လိုက်လျောညီထွေစွာ ယှဉ်တွဲနေထိုင်နိုင်တာ ဖြစ်ပါတယ်။

အခုဆိုရင် ကိုယ့်သမီးက ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်နေပြီဆိုတာကို မိဘကို ပြနိုင်တာကြောင့် ဝမ်းသာတယ်လို့ဆိုပါတယ်။ အခုလို စုံလင်ကွဲပြားမှုတွေကို လက်ခံနိုင်တဲ့ ပတ်ဝန်းကျင်တွေက သူမအတွက် အရေးပါသလို အခြားသော မသန်စွမ်းတွေ၊ ဖယ်ကြဉ်ခံရတဲ့ သူတွေအတွက် မရှိမဖြစ်အရာဖြစ်တာကြောင့်၊ လူမှုအဖွဲ့အစည်းတွေဖြစ်စေ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အားလုံးပါဝင်လာကြဖို့ သူမက မျှော်လင့်နေပါတယ်။

“ တကယ်လို့အဖွဲ့အစည်း သီးသန့်ရှိမယ်ဆိုရင် ကျမတို့အတွက် ဒီလိုဖြစ်နေတဲ့သူတွေအတွက် လှောင်ပြောင်တဲ့ဟာကို သင်တန်းဟောပြောပွဲ လာလုပ်ပေးစေချင်တယ်။ ကျမတို့လိုမျိုး မတတ်နိုင်တဲ့သူဆိုရင် အဖက်ဖက်ကနေ ထောက်ပံ့ပေးစေချင်တယ်။ ” လို့ မိမိအပါအဝင် အခြားနည်းနဲ့ သန်စွမ်းနေတဲ့ ဘဝတူတွေအတွက် မော်ဦးမယ် (အမည်လွှဲ)က တောင်းဆိုပါတယ်။

ကိုယ့်မှာဖြစ်နေတာတွေ ရှိနေတာတွေနဲ့ ကျေနပ်ရောင့်ရဲတာက သူ့ကိုရှေ့ဆက်ဖို့ အားတစ်ခုဖြစ်စေနေတာပါ။ သူငယ်ချင်းတွေ၊ ဆရာ ဆရာမတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ နားလည်စာနာပေးမှုတွေကို သူမက ခံစားနေရသလို တခြားသော သူမလို မတူကွဲပြားမှုကို နားလည်လက်ခံတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်စေချင်ကြောင်း သူမက တောင်းဆုပြုပါတယ်။

“ အားလုံးတူတူပဲ ကျမကလည်း စိတ်ဓာတ်မကျဘူး ကျမရဲ့ ဖြစ်တည်မှုကို ကျမသဘောကျတယ်ပေါ့နော။ တခါတလေကျရင် စိတ်ဓာတ်ကျမှာပဲ ဘာမှ မဟုတ်ဘူးပေါ့နော။ ဒါက ခနလေးပဲ စိတ်ဓာတ်ကျချိန်မှာ ကျမတို့ ငိုလိုက်မယ်။ ပြီးရင် ကျမတို့ ရှေ့ဆက်သွားမယ်။ “ လို့ မော်ဦးမယ် (အမည်လွှဲ) က ပြောဆိုလိုက်ပါတယ်။

spot_img
spot_img

Recent posts