spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကျေးလက်ဒေသက အထက်တန်းသူနာပြု CDM ဆရာမလေး

(ကန္တာရဝတီတိုင်း(မ်))

ကျန်းမာရေးနယ်ပယ်မှာ ၉နှစ်ဝန်းကျင်လုပ်သက်ရှိတဲ့ အသက် (၃၀)အရွယ် အထက်တန်းသူနာပြုဆရာမ မေရီဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တခြားဘဝတူ အစိုးရဝန်ထမ်းတွေနဲ့အတူ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာစသိမ်းတဲ့အချိန်မှာ သူမဟာ နေပြည်တော်ရှိ ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူပါ။ အာဏာသိမ်းမှန်း သိတဲ့အချိန်မှာတော့ စစ်အာဏာရှင်စနစ်အောက်မှာ ကျန်းမာရေးတာဝန်မထမ်းဆောင်လိုတော့ဘဲ ဘဝတူ လုပ်ဖော်ကိုင်ဖက်တွေနဲ့ CDM မှာပူးပေါင်းပါဝင်ခဲ့ပါတယ်။

အဲ့ဒီနည်းက စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်တဲ့နည်းတစ်ခုဖြစ်တယ်လို့ သူမက ခံယူထားပါတယ်။ CDM ပြုလုပ်ပြီး မွေးရပ်ဇာတိဖြစ်တဲ့ ကရင်နီပြည် လွိုင်ကော်မြို့ကို ပြန်လာခဲ့ပါတယ်။ သူမဟာ မိသားစု ၈ယောက်ရှိပြီး ဒုတိယမြောက်သမီးဖြစ်ပါတယ်။

သူမအနေနဲ့ ၂၀၂၂ခုနှစ် တစ်လပိုင်းမှာ ကရင်နီကျန်းမာရေးနယ်လှည့်ကုသမှုပေးတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်မိကာ ရှားတောမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ ကျန်းမာရေးကုသမှု ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။


စစ်ရှောင်စခန်း၊ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေဆီ အိမ်တိုင်ရာရောက် ကိုယ်တတ်ကျွမ်းတဲ့ ဆေးပိုင်းဆိုင်ရာနဲ့ ကုသမှုပေးနေရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ သူမက ဆိုပါတယ်။

“ကျမရွေးချယ်မိလိုက်တာပေါ့။ သူများတွေလိုလည်း လက်နက်မကိုင်နိုင်ဘူး ကျမသိတာက လုပ်ဖူးတာက ဆေးပိုင်းဆိုင်ရာပဲဆိုတော့ ကျမဒီဖက်ကိုပဲ ပိုပြီးအားသန်တယ်ပေါ့နော။ အဲ့ဒါကြောင့်မလို့ ဒီဆေးပိုင်းဆိုင်ရာနဲ့ပဲလုပ်ကူဖြစ်တာများပါတယ်။”

ကျေးလက်ဒေသတွေမှာ မြင်တွေ့ရတဲ့ အမျိုးသမီးငယ်လေး တွေဟာ စာရေးတတ်ဖတ်တတ်ရုံလောက်နဲ့ ပညာကို ရပ်တန့်ထားတာ အများစုက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတယ်လို့ သူမ မြင်တွေ့ရတာတွေကို ပြောပါတယ်။

ကျေးလက်ဒေသဖြစ်ပေမယ့်လည်း အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေးသင်တန်းတွေ ပေးဖို့လိုအပ်နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်ဖို့က လက်ရှိ ကျေးလက်မှာနေထိုင်တဲ့ သူမမျှော်လင့်ချက်တစ်ခုပါ။

သူမအနေနဲ့ ဝင်ငွေမရှိ တစ်ဖက်မှာလည်း ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုရှိပေမယ့်လည်း CDM ကို အဆုံးထိ ပါဝင်သွားမှာဖြစ်ပြီး ပြည်သူရွေးကောက်တင်မြှောက်တဲ့ နိုင်ငံရေးမျိုး၊ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံရေးကိုပဲ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“ဘယ်လိုနိုင်ငံရေးမျိုးမျှော်လင့်ထားလဲဆိုရင်တော့ ပြည်သူတွေကပဲရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်တဲ့အစိုးရကိုလိုချင်တယ်။ ပြည်သူ့အသံကို နားထောင်တဲ့အစိုးရလိုချင်တယ် ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်တဲ့အစိုးရကိုလိုချင်တာပါ။ ပြီးတော့ လွတ်လွတ်လပ်လပ် ပြောဆိုပြီး ဝေဖန်နိုင်တဲ့ နိုင်ငံရေးမျိုးကို လိုချင်တာပါ။”



ကျန်းမာရေးနယ်ပယ်မှာ စတင်ကျင်လည်ဝင်ရောက်ခဲ့စဉ်က မိသားစုကိုအချိန်ပေးနိုင်တာ နည်းပါးပြီး တာဝန်ကျတဲ့ တစ်နယ်တစ်ကျေးမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့အပြင် ခုချိန်မှာလည်း မိသားစုနဲ့တစ်ကွဲတစ်ပြား နေထိုင်ရပါတယ်။

အိမ်မပြန်ရတာ လချီနေပြီဖြစ်တာကြောင့် အိမ်ကိုသတိရတိုင်း ဆက်သွယ်ရေးလိုင်းမကောင်းတဲ့အတွက် တစ်ပတ်တစ်ခါ သို့မဟုတ် နှစ်ပတ်တစ်ခါမှသာ အဆက်သွယ်လုပ်နိုင်တယ်လို့ ဆရာမမေရီက ပြောပါတယ်။

ကျန်းမာရေးနယ်ပယ်အတွင်း အတိုင်းအတာတစ်ခုအထိ ပါဝင်သွားဖို့ ဆုံးဖြတ်ထားပြီး တော်လှန်ရေးအောင်မြင်တဲ့တနေ့ကျရင် ကျန်းမာရေးနယ်ပယ်ကနေ နားပြီး မိသားစုကိုပဲ အချိန်ပြန်ပေးမယ်လို့ သူမရဲ့ မျှော်လင့်ချက်ကြီးကို အားကိုးတကြီးနဲ့ ပြောဆိုပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေက အများအားဖြင့် အိမ်ကိုအချိန်ပေးနိုင်တာမရှိဘူးလေနော။ အခု ဒီလိုဖြစ်ပြီးတော့ ပိုပြီးတော့တောင်မှ မိသားစုနဲ့တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့တော့ တကယ်လို့သာ တော်လှန်ရေးအောင်သွားရင်တော့ အိမ်ကိုပဲ မိသားစုကိုပဲ ပြန်ပြီးအချိန်ပေးမယ်လို့ မျှော်လင့်ထားလို့ Field ထဲကနေ ကျမနားမယ်လို့ ပြောတာပါ။”

အာဏာသိမ်းတစ်နှစ်ကျော်အတွင်း CDM ဝန်ထမ်းအများအပြားဟာ စားဝတ်နေရေးအကြပ်အတည်း အထွေထွေအကြပ်နဲ့ရင်ဆိုင်လာရတာရှိတယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ကရင်နီပြည်တွင်းမှာ ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

တော်လှန်ရေးကာလတစ်လျှောက် အောင်မြင်ရမယ်ဆိုတာ ယုံကြည်ပြီး အားတင်းထားကြဖို့နဲ့ ကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို ပြန်မဆုံနိုင်တော့တဲ့မိသားစုအတွက် ကျန်တဲ့သူတွေက တတ်နိုင်တဲ့ဖက်ကနေ အားပေးကူညီကြဖို့ သူမက တောင်းဆိုပါတယ်။

“ဒီတော်လှန်ရေးကာလမှာ ပြန်စဉ်းစားကြည့်လိုက်ရင် တချို့ဆိုရင် အသက်ပေးသွားတာရှိတယ် တချို့မိသားစုတွေပြန်မဆုံနိုင်တာရှိတယ်။ ကျမတို့ဟာ ဒီဖက်မှာ ဒီလိုမျိုးအသက်ရှင်သေးတယ် လုပ်နိုင်သေးတဲ့အတွက်ကြောင့်မလို့ ပြောရမယ်ဆိုရင် အများကြီးသက်သာပါသေးတယ်လို့။ ပြီးတော့ ကျန်တဲ့သူတွေလည်း နိုင်တဲ့ဖက်ကနေ လုပ်ပေးတဲ့သူရှိတယ် ငွေအားဖြစ်ဖြစ် စိတ်ဓါတ်ခွန်အားဖြစ်ဖြစ် ပံ့ပိုးပေးတဲ့သူရှိတယ်။ အဲ့ဒါ ဆက်ပြီးတော့ ပါဝင်ပေးကြပါအုံးလို့။ အကုန်လုံးကလည်း တော်လှန်ရေးအောင်မြင်ရမယ်ဆိုပြီးတော့မှ ယုံကြည်ပြီးလုပ်နေကြတယ်ဆိုတော့ အကုန်လုံးအားတင်ထားကြပါအုံးလို့ပဲ ပြောချင်ပါတယ်။”

spot_img
spot_img