ကြေးကွင်းပတ်တဲ့ ကယန်းမယ်

အန်ထော်နီ

လည်ပင်းကို ကြေးကွင်းတွေနဲ့ရစ်ပတ်ပြီးတော့ ခြေသလုံးနဲ့ လက်ကောက်ဝတ်တွေမှာလည်း သံထည်တွေပတ် ကြေးကွင်းတွေ ဝတ်ထားတဲ့ ထူးခြားတဲ့ ကယန်း အမျိုးသမီး ကြေးကွင်းပတ်လူမျိုးတွေဟာဆိုရင် ပြည်တွင်းပြည်ပ ခရီးသွား အများစုက စိတ်ဝင်စားကြတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။

လည်ပင်းမှာ ကြေးကွင်းပတ်ထားတာကြောင့် သူတို့လည်ပင်းက သာမန်ထက်ရှည်နေပါတယ်။ ဒီလိုကယန်းကြေးကွင်းပတ် အမျိုးသမီးတွေ ဟာဆိုရင် ကယန်းမျိုးနွယ်စု ၄ မျိုးထဲမှာမှ ကယန်းလဝီ လူမျိုးတွေဖြစ်ကြပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းမှားစွာကိုပြန်ကြည့်မယ်ဆိုရင် ပင်မကယန်းလူမျိုးနှစ်မျိုးပဲရှိတယ်လို့သိရပါတယ်။ အရင်တုန်းကဆိုရင် ကယန်းလူမျိုး ပင်မကယန်းလူမျိုးနှစ်မျိုးသာရှိပါတယ် အဲ့တာက ကယန်းလဝီ(တောင်ပိုင်းကယန်း) ကယန်းလထ (မြောက်ပိုင်းကယန်း) တို့ပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကယန်းမျိုးနွယ် ၄ မျိုး ရှိပါတယ်။ ကယန်းကငန်၊ ကယန်း လထ၊ ကယန်းဂေခိုနှင့် ကယန်း လဝီတို့ပဲဖြစ်ပါတယ်။ ဘယ်နေ့ဘယ်ချိန်တုန်းက စတင်ဆင်းသက်လာတယ်ဆိုတာကတော့ ဖော်ပြထားခြင်းမရှိဘူးလို့သိရပါတယ်။

အဲ့ထဲမှာမှ ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေကတော့ ကယန်းလဝီ ထဲမှာပါပါတယ်။ကယန်းလူမျိုးတွေဟာ မွန်ဂိုမျိုးနွယ်ကနေဆင်းသက်လာတာဖြစ်တယ်လို့သိရပါတယ်။

သိပ္ပံနည်းကျကျ တွေးကြည့်မယ်ဆိုရင် ကယန်းကြေးကွင်းပတ်တဲ့ရိုးရာဟာ အထိန်းအမှတ် တစ်ခုခုကြောင့် ပတ်တာဖြစ်နိုင်တယ်လို့ ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ အကြံပေး နာယက ဦးကျော်သန်းကပြောပါတယ်။

ဦးကျော်သန်းက “အဲ့တာကတော့ အယူအဆ ဒဏ္ဍာရီအရ အမျိုးမျိုးပြောကြတာပေါလေး ဒါပေမဲ့ ကျနော်တို့ ဥပမာတစ်ခုရှိတယ် နဂါးမျိုးနွယ်နေဆင်းသက်လို့ နဂါးနဲ့မတူအောင်ဆို ဒါက ဒဏ္ဍာရီပေါလေး သို့သော်လူနဲ့ နဂါးက မျိုးမတူဘူးလေ နဂါးက တိရိစ္ဆာန် လူကလူဆိုတော့ ဘယ်လိုမှဆက်စပ်လို့မရဘူး ဒဏ္ဍာရီပုံပြင်ပါပဲ။ ဒါပေမဲ့ ကျနော့်အယူအဆ သိပ္ပံနည်းကျနဲ့တွေးကြည်မယ်ဆိုရင် သူကအထိန်းအမှတ်တစ်ခုခုကြောင့် ပတ်တာဖြစ်နိုင်တယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေကို လူသူအများခေါ်ကြတဲ့ ယခုအချိန်အခါမှာ ပန်ပက်ကျေးရွာအုပ်စုဘက်မှာ အများဆုံးတွေ့မြင်ကြရပါတယ်။ တစ်ခြားဒေသမှာလည်း ရှိသေးပေမဲ့ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ကယန်းလဝီထဲမှာမှ အမျိုးသမီးတွေကသာ လည်ပင်းမှာကြေးကွင်းတွေပတ်ထားကြတာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေ အသက် ၆နှစ် အရွယ်လောက်ကတည်းက မိဘဆွေမျိုးတွေက စတင်ပတ်ပေးကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝန်းကျင်လောက်က အဖိုးအဖွားတွေရဲ့စကားတွေအရတော့ ကြေးကွင်းမပတ်တဲ့မိန်းကလေးတွေက ဂုဏ်မရှိဘူး မလှဘူးလို့ သတ်မှတ်ထားတယ်လို့သိရပါတယ်။

အရင်ခေတ်က ကြေးကွင်းပတ်တဲ့ အမျိုးသမီးကို တင်တောင်းမယ်ဆိုရင် ဒင်္ဂါးပြား ၆၀ နှင့်တင်တောင်းရပြီး ကြေးကွင်းမပတ်တဲ့ အမျိုးသမီးကို တင်တောင်းဆိုရင် ဒင်္ဂါး ၃၀ သာပေးရတယ်လို့လည်း သမိုင်းရှိခဲ့ပါတယ်။

ကြေးကွင်းများများ ပတ်နိုင်လေလေ ဂုဏ်ပိုရှိလေလေ အဲတာကြောင့်မို့ သူတို့ရဲ့လည်ပင်းပေါ်မှာ ကြေးကွင်းတွေကို တစ်ရစ်ပြီးတစ်ရစ်ပတ်ခဲ့ကြာတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုကြေးကွင်းတွေကို စပတ်တဲ့အချိန်မှာ နာကျင်မှုဝေဒနာတွေကို ခံစားရတယ်လို့ ဟိုဝမ်အောက်ရွာမှာနေထိုင်တဲ့ အသက် (၆၀) အရွယ် ဒေါ်မှုဘန်းက ပြောပြပါတယ်။

“ဒီကြေးကွင်းတွေကို ငယ်ငယ်လေးကတည်းကစပတ်တယ် ၆နှစ်လာ ၇ နှစ်လာ မမှတ်မိဘူး။ မိဘဆွေမျိုးတွေက ပတ်ပေးတာ။ စစပတ်တုန်းကတော့ ပခုံးတွေနာတယ် တစ်ခြားနာတာတွေလည်အများကြီးရှိတယ် စားသောက်တာတို့ အိပ်တာတို့ကတော့ ပြသာနာသိပ်မရှိဘူး။” လို့ပြောပါတယ်။

ဒေါ်မူဘန်းအနေနဲ့ ကြေးကွင်းပတ်တာဟာ ရိုးရာတစ်ခုဖြစ်မှန်းမသိပါဘူး မိဘတွေက ပတ်ခိုင်းလို့သာပတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘာလို့ပတ်ခိုင်းလဲ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို မသိဘူးလို့ပြောပါတယ်။ စပတ်တုန်းကတော့ နာကျင်ပေမဲ့လည်း ကြာလာတော့ အနေသားကျသွားကြတယ်လို့ဆိုပါတယ်။

ဒီလိုကြေးကွင်းပတ်ရင် နာကျင်မှု

ဝေဒနာကို ခံစားရတာမို့ မိဘတွေအနေနဲ့ကလည်း သူတို့သားသမီးတွေ နာကျင်မှာကို မကြည့်ရက်လို့ အတင်းမတိုက်တွန်းဘူးလို့ ဈေးကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် (၆၁)နှစ် ဒေါ်ဘူးမှုက ပြောပါတယ်။

“အခုခေတ်ကလေးတွေကတော့ဒီလို ကြေးကွင်းပတ်တာတွေသိပ်မရှိတော့ဘူး။ အတုတော့ရှိသေးတယ် အစစ်ကျတော့ရှားသွားပြီ အတုပတ်တဲ့သူတွေလည်း ကျောင်းတွေဘာတွေသွားရင် ဖြုတ်ထားတယ် ပတ်တော့ပတ်ခိုင်းချင်တယ်။ အတုပဲပတ်တော့တယ် အစစ်ဆိုသူတို့မနေနိုင်ဘူး အကတွေသွားကရင် အတုပဲတပ်ပြီးသွားကတယ်။ အစစ်တွေဝတ်ခိုင်းချင်တယ် အခုခေတ်ကလေးတွေကို ဒါပေမဲ့ ကိုယ်ဝတ်ထားတုန်းကလည်အရမ်းနာကျင်တော့ သူတို့ကို ဒုက္ခမရောက်စေချင်ဘူး။” လို့ ပြောပြခဲ့ပါတယ်။

ကြေးကွင်းပတ်တဲ့ ကယန်းအမျိုးသမီးတွေဟာ သူတို့လည်ပင်းပေါ်က ကြေးကွင်းကို တစ်သက်လုံးဝတ်ထားကြပါတယ်။ တစ်ခါတစ်လေ အသစ်လဲတဲ့အချိန်မှ ချွတ်ကြပါတယ်။

ကြေးကွင်းပတ်ထားတဲ့ ကယန်းအမျိုးသမီးတွေဟာဆိုလျှင် အများစုက ရက်ကန်းရက်ခြင်း၊ မြေအိုးဖုတ်ခြင်း၊ ပလွေမှုတ်ခြင်း စတဲ့ပညာတွေကို ရရှိပိုင်ဆိုင်ထားကြပါတယ်။ အရင်တုန်းကဆိုရင် ကိုယ့်မိသားစုဝတ်ဖို့လောက်ပဲ အဝတ်အစားတွေကိုယက်ကြပြီး အခုကတော့ ကိုယ့်ရိုးရာကို နှစ်သက်တဲ့ သူတွေအတွက် ရက်လုပ်ကြပါတယ်။

ယနေ့ခေတ်အခါမှာကြည့်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေစိတ်ဝင်စားကြတဲ့အတွက် သူတို့ရဲ့ပညာကိုအသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနေကြပြီဖြစ်ပါတယ်။

သူတို့ကိုယ်ပိုင်ရက်လုပ်ထားတဲ့ ချဉ်ထည်တွေ၊ ကိုယ်တိုင်ဖုတ်ထားတဲ့အိုးတွေက ဈေးကွက်မှာ နေရာတစ်ခုရရှိနေပြီဖြစ်ပါတယ်။

သူတို့ရဲ့ ရိုးရာအကနှင့်သီချင်းတွေ သံစဉ်တွေကလည်း ခရီးသွားဧည့်သည်တွေကို ပိုစိတ်ဝင်စားစေပါတယ်။ ဒီလိုမျိုးကိုယ့်ရိုးရာကို တစ်ခြားသူကစိတ်ဝင်စားလို့ သူများပြည်နယ်တွေအထိ သွာရောက်ဖျော်ဖြေခဲ့ရတယ်လို့ ပန်ပက် လော်ကုံးကျေးရွာ မှာနေတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်မူပလားက သူမရဲ့အတွေ့အကြုံကို ခုလိုပြောပြထားပါတယ်။

“ကျမက အတွေ့အကြုံနဲနဲများတယ် ရန်ကုန်တို့ နေပြည်တော် မန္တလေးတို့ အမြဲရောက်တယ်။ ဟိုမှာရောက်ရင် သူများလာလေ့လာဖို့အတွက် ရိုးရာသီချင်းတွေဆိုပြရတယ် ရက်ကန်းရက်တာတို့လုပ်ပြရတယ်။ ကုမ္ပဏီတွေက အမြဲလာခေါ်တယ် ပလွေတွေလည်မှုတ်ခိုင်းတယ် သူတို့က ကားနဲ့လာခေါ်တယ် ပြီးတော့ ပြန်လာပို့ပေးတယ်” လို့ပြောပြခဲ့ပါတယ်။

တစ်ချို့က ပြည်တွင်းမှာပဲ စီးပွားရေးအနေနဲ့လုပ်ကိုင်စားသောက်ကြပေမဲ့ တစ်ချို့ကတော့ နိုင်ငံရပ်ခြားတွေအထိ သွားရောက်ပြသ ဖျော်ဖြေနေတာလည်းရှိပါတယ်။ အခုလို တခြားတိုင်းတပါးမှာ သွားရောက်ခဲ့တဲ့သူတွေအနေနဲ့က နိုင်ငံရေးမတည်ငြိမ်ခဲ့တာကြောင့် အခုလို အလုပ်လုပ်နေကြရခြင်းဖြစ်နိုင်တယ်လို့ ဒီလိုအခြေအနေကို ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကောင်မတီအဖွဲ့ အကြံပေး နာယက ဦးကျော်သန်းက ပြောပါတယ်။

ဦးကျော်သန်းက “အဲ့ဒီအခြေအနေက ကျနော်တို့ အရင်တုန်းကတော့ ဘာခေါ်မလဲဆို ဒီထိုင်းနိုင်ငံမှာ အဖွဲ့အစည်းအကူအညီမပါပဲနဲ့ မှောင်ခိုလမ်းကြောင်းနဲ့သွားပြီတော့ ပြစားတာပဲဖြစ်မှာပါ ကျနော်တို့တရားဝင်ကတော့ ကယန်းလူမျိုးတစ်မျိုးထဲလည်းလုပ်မှာမဟုတ်ပါဘူး။ နောက်ပြီးတော့ ကျနော်တို့ ဟိုးတုန်းက ကယားပြည်နယ်က သိပ်တော့မအေးချမ်းတဲ့ခါကျတော့ ဟိုဖက်မှာလုပ်ကိုင်စားသောက်ဖို့သွားကြတာလည်းဖြစ်မှာပါ။ ဒါပေမဲ့သူတို့လည်း တစ်ဖြည်းဖြည်းတော့ ပြန်လာကြပြီလို့ပြောတယ် အဲ့လိုတော့ ကြားတယ်လေ” လို့ သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

ခေတ့်စနစ်ပြောင်းလဲလာတဲ့အခါ ပညာရေးစနစ်ပြောင်းလဲလာတဲ့အခါ အတွေးအခေါ်တွေပြောင်းလဲလာတာနဲ့အညီ ကယန်းကြေးကွင်းပတ်တဲ့ရိုးရာဟာလည်း သူ့အလိုလိုပျောက်ကွယ်လာပါတယ်။

အခုခေတ် အမျိုးသမီးတွေကို သူတို့ရဲ့မိဘတွေက လက်ဆင့်ကမ်းချင်ပေမဲ့လည်း ခေတ်ရေးစီးကြောင်းရဲ့လွမ်းမိုးမှုကြောင့် ငြင်းပယ်ကြတာများပါတယ်။ ဒီလိုကြေးကွင်းပတ်တဲ့ဓလေ့ဟာ သူတို့ရဲ့ လူမှုရေး၊ ပညာရေးတွေကို ထိခိုက်လာသလို ခံစားရပါတယ်။ ဒါကြောင့် ယနေ့အချိန်အခါမှာဆိုရင် ကယန်း ကြေးကွင်းပတ်တဲ့ရိုးရာဟာ တဖြည်းဖြည်းကွယ်ပျောက်လာတာ တွေ့မြင်ရပါတယ်။

အရင်ခေတ်တုန်းကဆိုရင် ကြေးကွင်းပတ်တဲ့အမျိုးသမီးတွဟာ တောင်ယာလုပ်မယ်၊ စပါးထောင်းမယ်၊ ထင်းခွေမယ် ပြီးရင် အိမ်ထောင်ပြုမယ် ကလေးမွေးမယ် ဒီလိုပဲ သူတို့ဘဝကို ကုန်ဆုံးစေပါတယ်။ အခုခေတ် ကယန်းအမျိုးသမီးတွေက လိုအပ်တဲ့ပညာရပ်တွေကို သင်ယူကြတယ် မတူညီတဲ့ လူမှုအသိုင်းအဝိုင်းမှာ ရှင်သန်နေထိုင်ကြတယ် ခေတ်ရေစီးကြောင်းနှင့်အညီ နေထိုင်ကြတဲ့အတွက်ကြောင့် သူတို့ရိုးရာဖြစ်တဲ့ ကြေးကွင်းပတ်ကို ဆက်လက်ထိန်းသိမ်းဖို့ အဆင်မပြေဖြစ်သွားကြတာလို့လည်း ဆိုကြပါတယ်။

Comments

comments

Next Post

“ပြည်သူတွေလဲ မဲလာထည့်ဖို့က နံပတ်(၁) လိုချင်တယ်။” လို့ဆိုတဲ့ USDP မြို့နယ်ဥက္ကဌနှင့် တွေ့ဆုံခြင်း

Mon Jun 1 , 2020
စိုးထိုက်အောင် ကယားပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာမှာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကနေ ၇ နေရာဖြင့် ၂၀ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦးစုစုပေါင်း ၇ ဦးဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်းမှာတော့ လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ် ၅ နေရာဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာတို့ကို ဝင်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကယားပြည်နယ်အတွင်းရှိ လက်ရှိအာဏာရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို […]