spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ကြေးရုပ်ကိစ္စနဲ့ လူငယ်ကိစ္စဆွေးနွေးတဲ့နေရာမှာ အားရကျေနပ်မှုသိပ်မရှိဘူးလို့ဘဲ ကျနော်တို့မှတ်ချက်ပြုလိုပါတယ်”

Author

Date

Category

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ ကရင်နီလူငယ်အင်အားစုတို့တွေ့ဆုံစဉ် မြင်ကွင်းတခု

ကန္တာရဝတီတိုင်း(မ်)

ဒီနေ့မှာကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ ကရင်နီလူငယ်အင်အားစုတို့ဟာ မွန်းလွဲပိုင်းအချိန်မှာ ကယားပြည်နယ် အစိုးရ ဧည့်ရိပ်သာမှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ကရင်နီလူငယ်အင်အားစုဘက်က အချက် (၃) ချက်ကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲကိုတက်ရောက်ခဲ့သည့် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကို ကန္တာရဝတီထိုင်းမ်က မေးမြန်းထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ဒီနေ့နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲမှာ ဘယ်သူတွေပါဝင်သေးလဲ။
မျိုးလှိုင်ဝင်း – ကျနော်တို့ကရင်နီလူငယ်အင်အားစုဘက်က (၆) ယောက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ပြည်ထောင်စုဝန်ကြီးတွေရယ်၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာက လူတွေ ပါပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ဒီတွေ့ဆုံပွဲမှာ ကရင်နီလူငယ်အင်အားစုဘက်က ဘယ်အကြောင်းအရာကို အဓိက ဆွေးနွေးခဲ့ကြလဲ။
မျိုးလှိုင်ဝင်း – အဓိကတော့ အချက်သုံးချက်ကိုဆွေးနွေးပါတယ်။ ပထမအချက်က တပ်မတော်ကမြေသိမ်းတဲ့ကိစ္စရယ်၊ တောင်သူတွေတရားစွဲဆိုခံနေရတဲ့ကိစ္စဆွေးနွေးတယ်၊ ဒုတိယအချက်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စပေါ့၊ တတိယအချက်ကတော့ ကျနော်တို့ကရင်နီလူငယ်တွေရဲ့လိုက်အပ်ချက်နဲ့ပတ်သက်ပြီး အချက် (၆) ချက်ကို ဆွေးနွေးခဲ့တာပေါ့နော်။

ကန္တာရဝတီတိုင်း(မ်) – ဟုတ်ကဲ့။ ဆိုတော့ ပထမအချက်ဖြစ်တဲ့ တောင်သူကိစ္စဆွေးနွေးမှုက အခြေအနေဘယ်လိုရှိလဲ။ အားရကျေနပ်မှုရောရှိလား၊ လက်ရှိအချိန်တောင်သူ ၄၁ ယောက်ကို တပ်မတော်ကတရားစွဲဆိုထားတယ်ဆိုတော့လေ။
မျိုးလှိုင်ဝင်း – တောင်သူတရားစွဲဆိုခံရတဲ့ကိစ္စကတော့ အားရကျေနပ်မှုရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံက ဒီကိစ္စကို ပြည်ထောင်စုစိုက်ပျိုးရေးဝန်ကြီးဒေါက်တာအောင်သူကို တာဝန်လွဲပေးပြီး၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့တိုင်ပင်ခိုင်းတယ်၊ နောက်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဌာနနဲ့ညှိနှိုင်းပြီး ဖြေရှင်းဖို့အတွက် မြန်မြန်ဆန်ဆန်လုပ်ပေးဖို့တာဝန်ပေးလိုက်တဲ့အတွက် အလားအလာကောင်းတယ်လို့ကျနော်တို့ဘက်ကမြင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) – ဒုတိယအချက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စဆွေးနွေးမှုက အခြေနေဘယ်လိုရှိလဲ။
မျိုးလှိုင်ဝင်း – ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကတော့ နိုင်ငံတော်အတိုင်ပင်ခံက သူ့ရဲ့ဖခင်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တဲ့အတွက် သူကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့အခက်အခဲဖြစ်တယ်၊ မဖြေရှင်းလိုဘူးဆိုတဲ့ဟာပြောခဲ့တယ်၊ ပြည်ထောင်စုဝန်ကြီးနဲ့ကရင်နီလူငယ်အင်အားစုတွေတိုင်ပင်ပြီး ညှိနှိုင်းကြဖို့ညွန်ကြားခဲ့တယ်ပေါ့၊ ဆိုတော့ကြေးရုပ်ကိစ္စက အဲ့လောက်နဲ့ဘဲပြတ်သွားတယ်။

ကန္တာရဝတီတိုင်း(မ်) – ဆိုတော့… ကရင်နီလူငယ်တွေအနေနဲ့ပြည်ထောင်စုဝန်ကြီးနဲ့တွေ့ဆုံပြီး ကြေးရုပ်ကိစ္စကို ဘယ်အချိန်မှာညှိနှိုင်းသွားဖို့ရှိလဲ။
မျိုးလှိုင်ဝင်း – ပြည်ထောင်စုဝန်ကြီးနဲ့ဘယ်လ၊ ဘယ်ရက်မှာတွေ့မယ်ဆိုတာကတော့ ကျနော်တို့ မသတ်မှတ်ရသေးပါဘူး။

ကန္တာရဝတီတိုင်း(မ်) – ဟုတ်ကဲ့ … တတိယအချက်ဖြစ်တဲ့ ကရင်နီလူငယ်အင်အားစုတွေရဲ့လိုအပ်ချက် (၆) ချက်ကို ဆွေးနွေးခဲ့တယ်ဆိုတော့ အဲ့ဒီလိုအပ်ချက်တွေက ဘာတွေလဲ၊ ဆွေးနွေးရတာရော ပြေလည်မှုရခဲ့ကြလား။
မျိုးလှိုင်ဝင်း – ကရင်နီပြည်လူငယ်အင်အားစုရဲ့အသံ (၆) ချက်က ကယားပြည်နယ်မှာ လူငယ်တွေအားလုံးစုစည်းနိုင်ဖို့ Youth Centre ( လူငယ်စင်တာ) တစ်ခုထားပေးဖို့၊ နောက်ပြီး မျိုးနွယ်စုလူငယ်တွေပေါ့နော်၊ ကယား၊ ကယန်း၊ ကယောစတဲ့လူငယ်တွေကို ပြည်နယ်အစိုးရက ငွေရေးကြေးရေးအရ တတ်နိုင်သလောက်ပံ့ပိုးပေးဖို့၊ နောက်တစ်ခုက ပြည်နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့လိုတယ်ဆိုတဲ့ဟာ၊ နောက်ပြီးပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ကိုပြန်ရုတ်သိမ်းပေးဖို့၊ နောက်တစ်ခုက Youth Policy ( လူငယ်မူဝါဒရေးရာ) နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့၊ အရင်က NLD လူငယ်နဲ့ပရဟိတတွေဘဲပေါင်းပြီးလုပ်သွားတဲ့ဟာ … အဲ့ဒါတွေကို အဓိက တင်ပြဆွေးနွေးခဲ့တယ်။

ကန္တာရဝတီတိုင်း(မ်) – အဲ့ဒီ အချက် ၆ ချက်ဆွေးနွေးလိုက်တဲ့အပေါ် တုန့်ပြန်မှုအခြေအနေကဘယ်လိုရှိလဲ။
မျိုးလှိုင်ဝင်း – တုန့်ပြန်မှုအခြေအနေက သူတို့ကတော့ အစိုးရဌာနတွေကနေပြီး ဒီကိစ္စကို တတ်နိုင်သလောက်အမြန်ဆုံး ကူညီဖြေရှင်းပေးမယ်ပေါ့၊ လုပ်နိုင်သလောက်လုပ်သွားပေးကြမယ်ဆိုပြီးတော့ဘဲ အဆုံးသတ်လိုက်တယ်။

ကန္တာရဝတီတိုင်း(မ်) – ပြည်နယ်အစိုးရဘက်က ဒီတွေ့ဆုံပွဲမှာ ဝင်ရောက်ဆွေးနွေးတာမျိုးရှိလား
မျိုးလှိုင်ဝင်း – ဆွေးနွေးတာမရှိပါဘူး၊ ကျနော်တို့နဲ့နိုင်ငံတော်အတိုင်ပင်ခံကဘဲ အဓိကဆွေးနွေးကြတာပါ၊ ပြည်နယ်အစိုးရက ဝင်မဆွေးနွေးဘူး။

ကန္တာရဝတီတိုင်း(မ်) – ဟုတ်ကဲ့၊ ဆိုတော့၊ ဒီနေ့တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကရင်နီလူငယ်အင်းအားစုအနေနဲ့အားရကျေနပ်မှုရှိလား၊ ဆွေးနွေးမှုတွေအပေါ် ဘယ်လိုမျိုးသုံးသပ်လဲ။
မျိုးလှိုင်ဝင်း – တောင်သူကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာ အားရကျေနပ်မှုရှိတယ်လို့ကျနော်တို့မှတ်ယူတယ်၊ ကြေးရုပ်ကိစ္စနဲ့ လူငယ်ကိစ္စဆွေးနွေးတဲ့နေရာမှာ အားရကျေနပ်မှုသိပ်မရှိဘူးလို့ဘဲ ကျနော်တို့မှတ်ချက်ပြုလိုပါတယ်။

spot_img
spot_img

Recent posts