ခူးဖဲဘူး
ကယားပြည်နယ်အတွင်း အခွင့်အလမ်းများသည့် ခရီးသွားကဏ္ဍတွင် အဓိက ရင်းနှီးမြုပ်နှံစေလိုကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုက ပြောကြားသည်။
“ဟော်တယ်နဲ့ ခရီးဖွံ့ဖြိုးမှုအခန်းကဏ္ဍမှာ ဟော်တယ်တွေပဲ တိုးပွားများပြားလာလို့ မဖြစ်ဘူး။ ခရီးသွားကဏ္ဍ များပြားစွာ တိုးတက်လာဖို့လည်းပဲ ဇောင်းပေး ဖော်ဆောင်လိုပါတယ်။”ဟု ဝန်ကြီးချုပ်က ပြောသည်။
မေလ ၂၆ ရက်နေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ်တွင် အထက်ပါအတိုင်း ဝန်ကြီးချုပ်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကယားပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် ရင်းနှီးမြုပ်နှံလိုသူများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ပေးမည်ဟု ၎င်းက ဆိုသည်။
“တကယ်ရင်းနှီးမြုပ်နှံချင်တယ်ဆိုရင် ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲကနေ မူနဲ့ ဘောင်နဲ့ အပြန်မလှန်အကျိုးအမြတ်ရှိရေး၊ ထိခိုက်နစ်နာမှုမရှိရေး ၊ လုပ်ပေးနိုင်တဲ့ဟာကို အင်နဲ့ အားနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်။”ဟု ဝန်ကြီးချုပ်က ထပ်လောင်းပြောသည်။
ဖိုရမ်တွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူနှင့် ချိတ်ဆက်ပြီး ကယားပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး၊ တွင်းထွက်သယံဇာတ၊ ထုတ်လုပ်မှုကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍများနှင့် သက်ဆိုင်သော ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများကို အစိုးရက ထုတ်ဖေါ်ပြသခဲ့သည်။
ကယားပြည်နယ်အတွင်း သဘာဝသယံဇာတများကို ကုန်ကြမ်းအဆင့်ထုတ်လုပ်ရောင်းချမှုထက် တန်ဖိုးမြှင့်ကုန်ချောအဖြင့် ထုတ်လုပ်ခြင်းကို ပိုမိုအားပေးကြောင်း ဆိုသည်။
ကယားပြည်နယ်အတွင်း တွင်းထွက်သယံဇာတထုတ်လုပ်မှုကို မော်ချီးခဲသတ္တုတွင်းနှင့် အခြား တွင်းထွက်သတ္တုသိုက်များတွင် ရင်းနှီးမြှပ်နှံကာ အချောထည်အဖြစ် ထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေးအတွက် ရင်းနှီးမြုပ်နှံချင်သူများကိုလည်း ခွင့်ပြုပေးမည်ဟု ၎င်းက ပြောသည်။
“အဲဒီသတ္တုတွေကို ကုန်ကြမ်းအဖြစ်နဲ့သာ တင်ပို့ရောင်းချနေရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီပြည်နယ်ကြီးမှာ ဒီသတ္တုတွေကို စုစုစည်းစည်းနဲ့ ပြည်သူတွေ အကြားမှာလည်း အလုပ်ကိုင်အခွင့်လမ်းရရှိအောင် ကြိုးပမ်းဖော်ဆောင်ပြီးမှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းကို လုပ်ချင်တဲ့သူတွေရှိတယ်ဆိုရင် ကျနော်ကခွင့်ပြုချင်တယ်ဗျ။”ဟု ဝန်ကြီးချုပ်က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်(၃) ရပ်မှ ကိုယ်စားလှယ်များ၊ ကုမ္ပဏီနှင့် စက်မှုလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ လွိုင်ကော်မြို့ရှိ ပုဂ္ဂလိကဘဏ်များ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တာန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။