ခဲဈေးကျတာကြောင့် မော်ချီးလုပ်သားတွေ စားဝတ်နေရေးအခက်ခဲကြုံ

0
3146
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမြင်ကွင်း။

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖားဆောင်းမြို့ မော်ချီးဒေသဟာ အဓိက ခဲသတ္တုတူးဖော်မှုနဲ့ စားဝတ်နေရေးဖြေရှင်းနေရတာဖြစ်ပြီး လက်ရှိ ခဲဈေးကျတာကြောင့် ခဲကျင်းပိုင်ရှင်၊ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ ခဲကျင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ခဲဈေးကျတဲ့အခါကျတော့ အလုပ်သမားက သူ့လုပ်အားခကိုပြန်လျော့ချရင်လည်း သူ့ရဲ့စားဝတ်နေရေးက အခက်အခဲရှိသွားလိမ့်မယ်။ မလျော့ချပြန်တော့လည်း အုံနာက သူ့ခဲဈေးမရှိတဲ့ခါကျတော့ သူ့မှာလည်းအခက်အခဲရှိပြန်ရော။ နောက်ပြီးမှ အဖက်ဖက်ကနေ ပြန်ကြည့်တဲ့အခါကျတော့ အဓိကတော့ ခဲဈေးပဲ။ ခဲဈေးတက်သွားလို့ရှိရင် အတည်တကျရှိစေချင်တယ်။” လို့ ခဲကျင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ယခင်က ခဲပေါက်ဈေးက တစ်ပိဿာ၅သောင်းဝန်းကျင်ရပေမယ့် လက်ရှိမှာ နှစ်သောင်းဝန်းကျင်သာရရှိတော့တယ်လို့ ဆိုပါတယ်။ ခဲအရည်အသွေးကောင်းရင်ကောင်းသလို ဈေးရတယ်လို့ ဆိုပါတယ်။ ခဲကျင်းအလုပ်သမားတစ်ဦးအတွက် တစ်ရက်လုပ်အားခ တစ်သောင်းဝန်းကျင်ရှိတာကြောင့် ခဲကျင်းပိုင်ရှင်အနေနဲ့ အလုပ်သမားလုပ်အားခပေးဖို့ ရေရှည်မှာ မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

မော်ချီးခဲသတ္တုတွင်းကို အမှီပြုလုပ်ကိုင်နေတဲ့ ကျင်းလုပ်သားတွေက ခဲအရောင်းအဝယ်သမားတွေက အဓိက အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။

လက်ရှိ ကုန်ဈေးနှုန်းမြင့်မားနေတာတဲ့အပြင် ခဲဈေးကလည်း ကျတဲ့အတွက် နောက်ပိုင်းမှာ စားဝတ်နေရေးအခက်အခဲဖြစ်စေနိုင်တာကြောင့် ခဲဈေးအတည်တကျဖြစ်စေချင်တယ်လို့ သူက ပြောပါတယ်။ မော်ချီးဟာ တောင်ပေါ်ဒေသဖြစ်ပေမယ့် တောင်ယာလုပ်ငန်း၊ နှမ်းလုပ်ငန်း၊ ဖာလာလုပ်ငန်းတွေက စားဝတ်နေရေးမဖူလုံတာကြောင့် ခဲသတ္တုတူးဖော်တဲ့လုပ်ငန်းကို အဓိကထား လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

မော်ချီးဒေသမှ ထွက်သမျှ ခဲမဖြူ၊ အဖြိက်နက်တွေကို တရုတ် လုပ်ငန်းရှင်တွေက အဓိက ဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ခဲဈေးကျတာလောက် ယခင်ကမရှိဖူးသေးဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အခု အဝယ်သမားတွေက အများဆုံး နှစ်သောင်း နှစ်သောင်းတောင်မှ ရွာထဲ အချင်းချင်းဝယ်တာပဲရှိတယ်။ တရုတ်တွေက ၁၅ (၁၅၀၀၀)ဈေးအလွန်ဆုံးပဲ ပေးချင်တာ အဲ့လောက်ပဲ။ အရင်တုန်းကတော့ ၅သောင်းလောက်ရှိတာပေါ့။
အဲ့လောက်ထိ ကျဖူးတာတခါမှမရှိသေးပါဘူး ဒီတစ်ခေါက်ကတော့ ပစ်စလက်ခတ်ကျသွားတာပေါ့ ပြောရမယ်ဆိုရင်။ နိုင်ငံရေးကောင်းတုန်းကတော့ ခဲဈေးက ဘယ်လိုပြောရမလဲ ပုံမှန်ရှိသေးတယ်ပေါ့နော ကျရင်ကျတဲ့ဈေး အဲ့လောက်ထိမကျဘူးပေါ့။ စဖြစ်ခါကျဆို နည်းနည်းပုံမှန်ဖြစ်သေးတာပေါ့ အခုတလောပဲ တအားကျသွားတာ။” လို့ မော်ချီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မော်ချီးခဲသတ္တုတူးဖော်ထုတ်လုပ်ရေးကို ပြည်ထောင်စုအစိုးရကနေ တိုက်ရိုက်ကိုင်တွယ်တာဖြစ်ပြီး ကုမ္ပဏီတွေ ၊ လုပ်ငန်းရှင်တွေ လုပ်ငန်းတူးဖော်ကြသလို ဒေသခံတွေကလည်း တစ်နိုင်တစ်ပိုင် ခဲကျင်းလုပ်တာ၊ ခဲဆေးတာတွေကို ပြုလုပ်ကြပါတယ်။ မော်ချီးဒေသက သတ္တုတွင်းဟာ ခဲမဖြူ၊ အဖြိုက်နက်ထွက်ရှိပြီး နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေပြီဖြစ်ပါတယ်။

ယခင်က ခဲသတ္တုလုပ်ငန်း ဆောင်ရွက်နေတဲ့ အမှတ် (၃) ခဲသတ္တုကျင်းမှာ လုပ်ကွက်ပေါင်း (၇၀)ကျော် ရှိရာမှ လက်ရှိ (၄၀)ကျော်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။