Friday, December 4, 2020

ငိုရင်ပုလဲ ရယ်ရင်ရွဲ

Must read

ဒေသခံတွေရဲ့တောင်းဆိုမှုကြောင့် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်သစ်ဆိပ်သို့ ပြောင်းရွှေ့

ကန္တာရဝတီတိုင်းမ် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝှါရီကောခူကျေးရွာအတွင်းရှိ အထကခွဲ ကျောင်းဝန်းထဲက ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက တောင်းဆို တာကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ လွိုင်ကော်သစ်ဆိပ်သို့ ရွှေ့ပြောင်းလိုက်တယ်လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ရေးမှူး...

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

သိုက်စိုးထွန်း(နတ်ရွာ) ရေးသားသည်။

“ဟိုရှေးရှေးတုန်းက ရွာတစ်ရွာဝယ်၊ မိန်းမချောလေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က မစံပယ်၊ မခမ်းနားသော်လည်းဆန်းပြားကြွယ်၊ သူငိုရင်ပုလဲ သူရယ်ရင်ရွဲဖြစ်သတဲ့ကွယ်” တဲ့။ ငိုရင်ပုလဲ ရယ်ရင်ရွဲဆိုတဲ့ သီချင်းလေးကို ဂန္ထဝင်အဆိုတော်ကြီး အန်တီဒေါ်မာမာအေးရဲ့အသံလေးနဲ့ နားဆင်ခဲ့ရတာ။ သီချင်း ဖန်တီးခဲ့တဲ့ ဂီတစာဆိုက ‘ဥက္ကလာခင်စော’ပါတဲ့။

“ရက်စက်သူတွေက ပုလဲကိုလိုချင်လို့ ငိုခိုင်းတယ်၊ ရွဲကိုလိုချင်တော့ သူ့ကိုရယ်ခိုင်းတယ်”တဲ့။ ဒီနေရာမှာ ဒီသီချင်းလေးအကြောင်းကို အစအဆုံးစာဖွဲ့ချင်တာ မဟုတ်ပါဘူး။ သီချင်းလေးနားဆင်ရင်းနဲ့ ရလာတဲ့အတွေးလေးတစ်ပိုင်းတစ်စကို တင်ပြလိုတာပါ။

သီချင်းလေးထဲက မစံပယ်ဆိုတဲ့ မိန်းမချောလေးက သူငိုလိုက်တဲ့အခါ ပုလဲတွေထွက်လာ၊ ရယ်လိုက်တဲ့အခါ ရွဲတွေထွက်လာနဲ့ သူ့ရဲ့ ငိုတစ်ခါရယ်တစ်လှည့်၊ ဝမ်းနည်းတစ်ခါ ဝမ်းသာတစ်လှည့် လောကဓံတွေကြားမှာ လောကကြီးအတွက် ပုလဲတွေ၊ ရွဲတွေထုတ်ပေးနေခဲ့တဲ့အဖြစ်လေးကို စဉ်းစားမိလို့ပါ။ ဒါလေးက ပုံပြင်လေးတစ်ပုဒ်ဆိုတော့ တကယ့်အဖြစ်လည်း ဟုတ်ချင်မှဟုတ်မှာပါ။ ဇာတ်တော်တစ်ခု မှာတော့ ငိုရင်ပုလဲ၊ ရယ်ရင်ပတ္တမြားထွက်တဲ့ မင်းသားတစ်ပါးရှိခဲ့ဖူးပါသတဲ့။ ထားပါတော့၊ ဒီသီချင်းလေးထဲ မှာတော့ ငိုရင်ပုလဲ ရယ်ရင်ရွဲထွက်တဲ့ မိန်းမချောလေးတစ်ယောက်အကြောင်းပါ။

မစံပယ်ရဲ့ဝမ်းနည်းမှု၊ ဝမ်းသာမှုက သူ့ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေကိုသာ ဖြစ်စေခဲ့တဲ့ အကြောင်း စဉ်းစားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ဝမ်းနည်းမှု၊ ဝမ်းသာမှုတွေ၊ အမျိုးမျိုး အဖုံဖုံသော ခံစားမှုတွေကနေ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေ ဖြစ်လာစေခဲ့သလား၊ ဆိုးကျိုးတွေ ဖြစ်လာစေခဲ့သလား ဆိုတာကို စဉ်းစားကြည့်နေမိပါတယ်။ ကိုယ်ငိုနေမှ သူ့အကျိုးရှိမယ်လို့ ထင်တဲ့သူတွေက ကိုယ့်ကိုငိုစေချင်နေကြမှာပါပဲ၊ ငိုအောင်လုပ်နေကြမှာပါပဲ။ ကိုယ်ရယ်နေမှ သူ့အကျိုး ရှိမယ်လို့ထင်တဲ့သူတွေကလည်း ကိုယ့်ကိုရယ်စေချင်နေကြမှာပါပဲ၊ ရယ်အောင်လုပ်နေကြမှာပါပဲ။ ငိုအောင် ရယ်အောင်ပြုမူနေကြတဲ့အပေါ်မှာ ကိုယ့်ရဲ့တုံ့ပြန်မှုတွေက ဓမ္မဓိဋ္ဌာန်ကျနေရဲ့လားဆိုတာကို စဉ်းစားနေမိ ပါတယ်။

ဘဝခရီးကိုလျှောက်လှမ်းကြတဲ့အခါ လောကဓမ္မတာအရ လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒာ၊ ပသံသာ၊ သုခံ၊ ဒုက္ခံဆိုတဲ့ လောကဓံရှစ်ပါးကို လူတိုင်း၊ သတ္တဝါတိုင်းကြုံတွေ့ကြရတာပါပဲ။ ကောင်းတာတွေနဲ့ ကြုံရတွေ့ရတော့ ရယ်ကြရွှင်ကြပျော်မိကြတာပါပဲ။ ဆိုးတာတွေနဲ့ကြုံရတွေ့ရပြန် တော့လည်း ဝမ်းနည်းကြ ပူဆွေးကြ၊ ငိုကြွေးမိကြတာပါပဲ။ ဒါက ထူးဆန်းတဲ့အရာတွေတော့မဟုတ်ပါဘူး။ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်သွားမှသာ ဝမ်းနည်းပူဆွေး ငိုကြွေးမှုတွေ၊ သောကတွေ၊ ဒေါသတွေကို ပယ်နိုင်ပါသတဲ့။ သူလိုကိုယ်လို ပုထုဇဉ်လူသားမှန်သမျှ လောကဓံကို ကြံ့ကြံ့ခံမခံနိုင်ကြသေးတာက သဘာဝကျတယ်လို့ ဆိုရမှာပေါ့။

ဝမ်းနည်းစရာအခင်းတွေ၊ ဝမ်းသာစရာအခင်းတွေကတော့ လူတိုင်းကြုံနေကြရမှာပါပဲ။ ဝမ်းနည်း၊ ဝမ်းသာစရာမဟုတ်တဲ့ တစ်ခြားအခြေအနေတွေလည်း ကြုံနေကြရမှာပါပဲ။ ဟိုတုန်းက ကြုံခဲ့ပြီးသလို အခုလည်းကြုံနေကြရတာပါပဲ။ နောင်လည်းကြုံနေရဦးမှာပါပဲ။ ဒီလိုကြုံလာတဲ့အခါ ပြန်လည် တုံ့ပြန်ပုံတွေကွဲသွားတာနဲ့အမျှ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ ဘဝပုံရိပ်တွေလည်း ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။

တစ်ချို့က အဆိုးလောကဓံတစ်ခုနဲ့ကြုံပြီးတဲ့အခါ ဝမ်းနည်းပူဆွေးမှုတွေကို ရပ်တန့်ဖို့ အကြာကြီး အချိန်ယူရလေ့ရှိပါတယ်။ “ငါ့ကျမှဒီလိုဖြစ်ရတယ်လို့”ဆိုတဲ့အတွေးမျိုးနဲ့ တွေးမိလေလေ ဝမ်းနည်းလေလေ ဖြစ်ပြီး အတောမသတ်နိုင်အောင် ခံစားနေမိတတ်ပါတယ်။ “ငါ့ကျမှ”ဆိုတဲ့စကားလုံးရဲ့နောက်မှာ “သူ့ကျတော့”ဆိုတာတွေ ကပ်ပါလာပါတယ်။ ကိုယ့်ကျတော့ ဒီလိုဖြစ်တယ်၊ သူ့ကျတော့ ဒီလိုမဖြစ်ဘူး ဆိုတဲ့ အတွေးတွေကြောင့် ဝမ်းနည်းခြင်းရဲ့နောက်မှာ မကျေနပ်ခြင်းတွေပါ ကပ်လိုက်လာရော။ ဒီဝမ်းနည်းမှု အပေါ်မှာ ဘယ်လိုပြန်လည်ကုစားရမလဲဆိုတဲ့အဖြေကိုလည်း ရှာနေမိတတ်ပါတယ်။ ရှာတဲ့အဖြေတွေထဲမှာ တစ်ခါတစ်ခါ အနာနဲ့ဆေးမတည့်တဲ့နည်းလမ်းတွေလည်း ပါလာတတ်တာမို့ စိတ်ချမ်းမြေ့မှုရဖို့ အချိန် အတော်ကြီး ပြန်ယူနေရတတ်ပါတယ်။

ကိုယ်ဖြစ်ချင်တာတွေဖြစ်နေပြီး အကောင်းလောကဓံတွေနဲ့ ဆက်တိုက်ကြုံနေရပြန်တော့လည်း ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လားဆိုပြီး မာန်မာနတွေတောင်လိုမောက်လာတတ်ပြန်ပါတယ်။ တွေ့သမျှ မြင်သမျှ ကိုယ့်ထက်နိမ့်ကျတဲ့လူ၊ ကိုယ့်လောက်မအောင်မြင်တဲ့လူ၊ ကိုယ့်လောက်အဆင့်အတန်းမရှိတဲ့လူ၊ ကိုယ့်လောက်တတ်သိလိမ္မာမှုမရှိတဲ့လူလို့ ထင်သွားတတ်ပါတယ်။ ဒီလိုမဟုတ်ဦးတော့ “ဒီလူ ငွေသာ ပေါတာ၊ ပညာတော့ ငါ့လောက်မတတ်ပါဘူး”လို့ ဆိုပြီး မာန်တက်နေတတ်ပါတယ်။ ဥစ္စာရှင် ကလည်း “ဒီလူ စာသာတတ်တာ လက်တွေ့စီးပွားရေးပညာမတတ်လို့ ငါ့လောက်တော့ဥစ္စာ မပေါပါဘူး”လို့ တွေးပြီး မာနတံခွန်ထူနေတတ်ပါတယ်။

ပူဆွေးငိုကြွေးချိန်မှာ သောကနွံတွင်းကလွတ်ကင်းအောင် ရုန်းမထွက်နိုင်လောက်တဲ့အထိ အားအင်တွေနုန်းချိ၊ နွမ်းလျအားငယ် သာခွေယိုင် စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်ပြီးတော့ ရယ်ရွှင်မြူးချိန်၊ မော်ကြွားချိန်ကျပြန်တော့ မာနတောင်ကြောပေါ်ကမဆင်းနိုင်တော့ဘဲဖြစ်နေတတ်ပါတယ်။

ဘုရားရှင်လက်ထက်တော်အခါတုန်းက ပသေနဒီကောသလမင်းကြီးက မြတ်စွာဘုရားရှင်နဲ့ဆွေမျိုး တော်ချင်စိတ်တွေဖြစ်လာသတဲ့။ အမျိုးတော်ချင်တော့ သာကီဝင်မင်းတွေဆီ သမီးကညာဆက်သဖို့ ရာဇသံ ပို့လိုက်တယ်။ သာကီဝင်တွေဆိုတာကလည်း အမျိုးအနွယ်ကိုစောင့်ထိန်းရာမှာနာမည်ကြီးတဲ့သူတွေဆိုတော့ သာကီမျိုးမဟုတ်တဲ့ ပသေနဒီကောသလမင်းကြီးဆီ သာကီနွယ်မင်းသမီးမပို့ချင်ဘူး။ ဒီတော့ မဟာနာမ မင်းနဲ့ နာဂမုဏ္ဍာကျွန်မကမွေးတဲ့ ဝါသဘခတ္တိယာကို သာကီဝင်ဆိုပြီးပို့လိုက်တယ်။ မင်းကြီးကလည်း အဂ္ဂမဟေသီအရာထားပြီးမြှောက်စားတဲ့အပြင် မွေးလာတဲ့ဝိဋဋူဘမင်းသားလေးကိုလည်း ငယ်စဉ် ကတည်းက သေနာပတိအရာပေးထားတယ်။ အရွယ်ရောက်လာတော့ မယ်တော်ဘက်က ဆွေတော် မျိုးတော်တွေရှိရာ ကပ္ပိလဝတ်ကို အလယ်လာပြီးအပြန်မှာ ဝိဋဋူဘထိုင်သွားတဲ့ထိုင်ခုံကို “ဝါသဘခတ္တိယာ ကျွန်မသား ထိုင်သွားတဲ့ ပျဉ်ချပ်”လို့ ပြောရင်းနဲ့ နွားနို့ရေနဲ့ဆေးတာကို မင်းချင်းတစ်ယောက်ကကြား၊ ဝိဋဋူဘကို ပြန်လျှောက်တော့ အရှက်ကြီးရှက်၊ အနာကြီးနာပြီး “ငါမင်းဖြစ်တဲ့အချိန် ငါ့ပျဉ်ချပ်ကို သင်းတို့လည်ချောင်းသွေးနဲ့ ဆေးရလိမ့်မယ်”လို့ ကြုံးဝါးရင်း ရန်ငြိုးဖွဲ့လိုက်တယ်။ သူ့ရန်ငြိုးက နောင်လည်း မပြေတော့ သည်းသည်းမည်းမည်းလက်စားချေရင်း သာကီဝင်တွေအကုန်ဒုက္ခရောက်ကုန်တယ်။ သူကိုယ်တိုင်လည်း တပ်နဲ့တကွရေမျောပြီး အသက်ဆုံးရတယ်။ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ခံစားချက် တစ်ခု သူမွေးဖွားမိလိုက်တယ်။

စုက္ကတေးမင်းက အနော်ရထာမင်းသားကို ‘ညီသားနောင်မယ်’လို့ခေါ်လိုက်တယ်။ ဒီစကားအပေါ် အနော်ရထာကမင်းသားမခံချင်ဖြစ်ပြီး စုက္ကတေးမင်းကို စီးချင်းထိုးဖို့စိန်ခေါ်လိုက်တယ်။ နှစ်ဦးသား စီးချင်းထိုးလိုက်တာ စုက္ကတေးရင်ဝမှာ လှံတန်းလန်းနဲ့ မြင်းနောက်က ဒရွတ်တိုက်ဆွဲပြီးပါသွားလို့ ဒီအရပ်ကိုတောင် မြင်းကပါအရပ်လို့တွင်သွားသတဲ့။ အနော်ရထာကို စိတ်ထိခိုက်အောင် ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ပြောတဲ့သူကို ထိခိုက်သွားစေခဲ့တယ်။ ဗိုလ်ပုံအလယ်မှာ အခနဲ့ခံလိုက်ရစဉ်မှာ အနော်ရထာမင်းသားအနေနဲ့ ဝမ်းနည်းရှက်ရွံ့ခဲ့မှာပါပဲ။ ဒါပေမဲ့ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုမှာတင် ရပ်မနေခဲ့ဘူး။ လာမယ့်ဘေးကိုပြေးတွေ့လိုက်တယ်။ ညီနောင်အချင်းချင်း စီးချင်းထိုးတာကို အားမပေးသင့် ပေမဲ့ သူ့လုပ်ရပ်က ပုဂံပြည်အတွက်ကောင်းမြတ်တဲ့အလှည့်အပြောင်းတွေ ဖြစ်ပေါ်စေခဲ့တယ်။

ပြီးခဲ့တဲ့နှစ်က လူငယ်လေးတစ်ယောက်ကို သူ့ရဲ့လိင်ပိုင်းဆိုင်ရာတပ်မက်မှုနဲ့ပတ်သက်လို့ လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းလှောင်ပြောင်ကြရာကတစ်ဆင့် သူ့ကိုသူအဆုံးစီရင်သွားခဲ့တယ်။ သူကတော့ သူ့ရဲ့ရှက်ရွံ့အားငယ်မှုအပေါ်မှာ ရင်ဆိုင်နိုင်စွမ်းမရှိဖြစ်ပြီး အရှုံးပေးလက်မြှောက်သွားခဲ့တာ။ လှောင်ပြောင်သူတွေကိုအားမပေးသင့်သလို လက်မြှောက်အရှုံးပေးသွားတာကိုလည်း မချီးကျူးသင့်ပါဘူး။ ကြုံလာသမျှ အခက်အခဲတွေအပေါ်မှာ ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်လွှားရဲတဲ့သတ္တိကို လူတိုင်းမွေးမြူထားရမှာပါ။

ဝမ်းနည်းဝမ်းသာဖြစ်စေမယ့်အခြင်းအရာတွေကတော့ ဘဝခရီးမဆုံးသရွေ့ တွေ့ကြုံနေရမှာပါပဲ။ ဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အချက်ကသာ အရေးကြီးနေမှာပါ။ “ဒီကနေ့တော့ ပျော်လွန်းလို့ဟေ့” ဆိုပြီး တစ်ဝိုင်းဖွဲ့လိုက်ကြသလို နောင်တစ်ချိန်ကျပြန်တော့လည်း “ဒီအပူကြီးကိုတော့ ဒါလေးနဲ့ပဲ ဖြေပါရစေတော့ကွာ”ဆိုပြီး ရှေးနည်းတူလုပ်ပြန်ရော။ ဝမ်းနည်း၊ ဝမ်းသာမှုတွေအတွက် ထွက်ပေါက် ရှာရင်းရှာရင်းနဲ့ ဝမ်းသာစရာတွေကနေ ဝမ်းနည်းစရာအခြေအနေတွေအဖြစ် တစ်ဖြည်းဖြည်းပြောင်းလဲ သွားတတ်သလို ဝမ်းနည်းစရာဖြစ်ပြီးသားအခြေအနေတွေကလည်း ပို၍ပို၍ရင်နင့်ဖွယ်ရာအဖြစ်တွေအဖြစ် ပြောင်းလဲလာနိုင်တာကို သတိထားကြရမှာဖြစ်ပါတယ်။

လူတစ်ယောက်အောင်မြင်လာတယ်ဆိုရင် သူ့အတွက်ဝမ်းသာစရာပေါ့။ သူဝမ်းသာသလို ကိုယ်လည်း ဝမ်းသာရမှာပေါ့။ ဒီလိုမဟုတ်ဘဲ သူအောင်မြင်တာကို မအောင်မြင်အောင်၊ တစ်ဖြည်းဖြည်းနဲ့ ကျရှုံးခန်းကိုရောက်သွားအောင် ဘယ်ချောက်ထဲကိုတွန်းချလိုက်မယ်၊ ဘယ်ခလုတ်နဲ့တိုက်မိသွားအောင် လုပ်လိုက်မယ်၊ ဘယ်အန္တရာယ်နဲ့ ပက်ပင်းတိုးသွားအောင် ခွင်ဆင်ထည့်လိုက်မယ်ဆိုတာမျိုးနဲ့ အကြံမှား၊ အပြောမှား၊ အပြုမှားတွေကိုလုပ်လိုက်ရင် ဝမ်းသာစရာအခင်းကနေ ဝမ်းနည်းစရာအခင်းကို ပြောင်းသွားတယ်လို့ပြောရမှာပါပဲ။ ကိုယ်ပြုလိုက်တဲ့မကောင်းမှုကြောင့် သူဒုက္ခရောက်သွားတယ်ပဲထားဦး၊ ဒါက သူ့အတွက်တင် ဝမ်းနည်းစရာကောင်းတာမဟုတ်ပါဘူး။ ပျက်စီးသွားတဲ့ ကိုယ့်ရဲ့စာရိတ္တအတွက်လည်း အမှန်တကယ်ကို ယူကြုံးမရဖြစ်စရာပါပဲ။

လူတစ်ယောက်ကျရှုံးသွားပြီဆိုရင် ဒီကျရှုံးမှုထဲကနေ ရုန်းထွက်နိုင်အောင် ဘယ်လိုကယ်တင်ဖေးမ ကူညီပေးရရင်ကောင်းမလဲဆိုတာကို စဉ်းစားရမှာပါ။ သူ့ဝမ်းနည်းမှုတွေကို မျှဝေခံစားသင့်တာမှန်ပေမယ့် ကိုယ်ပါလိုက်ပြီး ချုံးပွဲချနေရင်လည်း ဘယ်သူ့ဘယ်သူမှမကယ်နိုင်ဖြစ်ပြီး ဒီနွံထဲကရုန်းထွက်နိုင်မယ့်လမ်းကို ရောက်တော့မှာမဟုတ်ပါဘူး။ ကိုယ်ကကမ်းပေါ်ကလူဆိုရင် လက်ကလေးကမ်းပြီး ဆွဲခေါ်မလား၊ သစ်ခက် သစ်ကိုင်းကလေးကမ်းပေးပြီး ဆွဲခေါ်မလား၊ တစ်နည်းနည်းတော့ ကြံရမှာပါ။ ကိုယ့်အစွမ်းအစကို ယုံကြည်လို့ ကိုယ်တိုင်ဆင်းပြီး ကယ်ဆယ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကယ်ရင်းကယ်ရင်းနဲ့ နှစ်ယောက်လုံး နစ်မွမ်းကြရတဲ့အဖြစ်မျိုးဆိုရင်တော့ မကောင်းပါဘူး။ လူတစ်ယောက်ကျရှုံးနေချိန်မှာ၊ ဝမ်းနည်းပူဆွေးမှုတွေ ခံစားနေရချိန်မှာ ဘေးလူတစ်ယောက်အနေနဲ့ မလုပ်သင့်ဆုံးကတော့ သူ့ဝမ်းနည်းမှု တွေကို ပိုမိုဆိုးရွားသွားစေမယ့် အလုပ်မျိုး၊ အပြောမျိုးပါ။ “ငါအစောကြီးကတည်းက ကြိုမပြောဘူးလား၊ အစကတည်းက ဒီလို မလုပ်သင့်တာကို မသိဘူးလား၊ ဖြစ်မှာပေါ့ ဉာဏ်ကိုကနည်းတာကိုး၊ အခုတော့ ဘာအသုံးကျသေးသလဲ” ဆိုတာမျိုးနဲ့ ကရုဏာဒေါသလိုလို၊ တကယ့်ဒေါသလိုလိုနဲ့ ပြောလိုက်တဲ့ စကားလုံးတွေက စိတ်ညစ်နေတဲ့သူကို ပိုပိုပြီးညစ်သွားစေပါတယ်။ ကျနေတဲ့စိတ်ဓာတ်က ဘယ်လိုမှ ပြန်တင်လို့မရတော့လောက်အောင် ပျက်စီးသွားစေပါတယ်။ ကိုယ့်စကားတစ်ခွန်းကြောင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စတွေက ပြန်ကောင်းလာနိုင်ဖို့ လမ်းမမြင်တော့ဘူးဆိုရင် ရေနစ်သူကို ဝါးကူလို့ထိုးသလိုဖြစ်စေမယ့် စကားလုံးမျိုးတွေကို မသုံးတာအကောင်းဆုံးပါ။ ဒီအခက်အခဲအကြပ်အတည်းကနေ ဘယ်လိုရုန်းထွက်ရင် ကောင်းမလဲဆိုတဲ့ အကြံကောင်း၊ ဉာဏ်ကောင်းမျိုးပေးနိုင်ရင်တော့ နှစ်ဦးနှစ်ဘက်စလုံးအတွက် တိုင်းထက်အလွန် အကျိုးများစေမှာပါ။

ဝမ်းနည်းဝမ်းသာဖြစ်ရသူက ကိုယ်ကိုယ်တိုင်ဖြစ်နေပြီဆိုရင်လည်း ဒီလောကဓံတွေကို တတ်နိုင်သမျှ မတုန်လှုပ်စတမ်း အားတင်းပြီးရင်ဆိုင်ဖြေရှင်းကြရမှာပါပဲ။ ဝမ်းနည်းစရာလောကဓံတွေကို အားခဲရင်ဆိုင် ရမှာကတော့ ဟုတ်ပါပြီ။ ဝမ်းသာစရာအခင်းတွေကိုကျတော့ ဘာဖြစ်လို့ ရင်မဆိုင်နိုင်ရမှာလဲလို့ မေးကောင်း မေးပါလိမ့်မယ်။ ဝမ်းနည်းစရာအခင်းကို ကြံ့ကြံ့မခံနိုင်ကြပုံကတော့ အထူးဖွင့်ဆိုရှင်းပြဖို့မလိုတော့ပါဘူး။ ဘဝကို စိတ်ပျက်လက်မှိုင်ချပြီး အရှုံးပေးသွားကြသူတွေ အများကြီးရှိနေတာကိုကြည့်ရင် သိသာပါတယ်။ တကယ်တော့ ဝမ်းသာစရာအခြေအနေတွေကိုလည်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့အရေးကြီးပါတယ်။

တန်ဖိုးထားစောင့်စည်းအပ်တဲ့အရာတွေကို ဆင်းရဲစဉ်အခါတုန်းက ထိန်းသိမ်းစောင့်စည်းနိုင်ခဲ့ ပေမယ့် ချမ်းသာလာချိန်ကျမှ မစောင့်စည်းနိုင်တော့တာတွေ၊ ပညာရည်အဆင့်အတန်းမမြင့်မားစဉ်တုန်းက ရိုသေထိုက်သူကိုရိုသေခဲ့ပေမယ့် ပညာရည်မြင့်လာပါပြီလို့ဆိုနိုင်ချိန်ကျကာမှ ပညာမာနထောင်လွှားပြီး ဘယ်သူ့ကိုမှ အလေးဂရုမပြုနိုင်တော့တာတွေ၊ ရည်မှန်းချက်တစ်ခုကို မအောင်မြင်စဉ်တုန်းက လိမ္မာ ယဉ်ကျေးနိုင်ခဲ့ပြီးတော့ အောင်မြင်လာချိန်ကျမှ မယဉ်ကျေးနိုင်၊ မလိမ္မာနိုင်တော့တာတွေ စသည်စသည် အားဖြင့် ဝမ်းသာပျော်ရွှင်စရာတွေကြုံလာပြီးချိန်မှာမှ အဆိုးဘက်ကို ဦးတည်ပြောင်းလဲ သွားသူတွေ ရှိနေတာကိုကြည့်ခြင်းအားဖြင့် အကောင်းလောကဓံဆိုတာတွေကိုလည်း ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်တယ် ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

ရေသည်ယောက်ျားဘဝ ဆင်းရဲစဉ်အခါတုန်းက “ကောက်လျင်ကြီးဆန်၊ နီတာလန်နှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုတ်များကို၊ တစ်လုပ်ကယ်ဝဝ၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့”လို့ တမ်းတခဲ့သူက အိမ်ရှေ့စံဘဝလည်းရောက်ရော “ဗာရာပြည်ငယ်၊ ဇင်ဂလယ်လေးကို၊ သေးဖွဲသိမ်နုပ်၊ မင်းနှစ်ယောက်လုပ်ရတယ်၊ စိတ်ရှုပ်စရာ”ဆိုတဲ့အတွေးမျိုးဝင်လာပြီး ဆွေမတော်၊ မျိုးမစပ် အိမ်ရှေ့အရာအပ်ခဲ့တဲ့ကျေးဇူးရှင်ကြီးကိုတောင် သံလျက်နဲ့ပိုင်းဖို့စိတ်ကူးမိသေးတာကို ကြည့်ရင် အကောင်းလောကဓံတွေ၊ ရယ်ရွှင်စရာအဖြစ်တွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ဖို့ခက်ခဲတယ်ဆိုတာကို သိမြင်နိုင်မှာဖြစ်ပါတယ်။

ကောင်းတာတွေ၊ ပျော်ရွှင်စရာ၊ ရယ်မောစရာတွေပဲ ကြုံကြုံ၊ ဆိုးတာတွေ၊ စိတ်ပျက်အားငယ်စရာ၊ ငိုကြွေးစရာတွေပဲကြုံကြုံ ဘဝအတွက်အကောင်းဆုံးအခြေအနေတွေဖြစ်လာနိုင်ဖို့အတွက် မိမိကိုယ်ကိုယ် စောင့်ထိန်းတည့်မတ်ပြီး ဘဝခရီးကို အကောင်းဆုံးဆက်နိုင်အောင် ကြိုးစားကြရမှာပါ။
“သင်္ခပုဏ္ဏား၊ မင်းသားဇနက်၊ ပင်လယ်လျက်ကို၊ လက်ပစ်ယက်ကူး၊ တစ်ထူးထို့ပြင်၊ ရှဉ့်ငယ်စဉ်လျက်၊ နစ်ကျင်သားငယ်၊ ရေပင်လယ်ကို၊ ကျယ်၏မမှတ်၊ မြီးဖျားဆွတ်၍၊ မချွတ်ခုသည်၊ ခမ်းစိမ့်မည်ဟု၊ စိတ်ရည်ခဲအိုး၊ ကြံကာကြိုး၏၊ မြတ်မျိုးဓလေ့၊ ပြကတေ့ဖြင့်၊ မရွေ့စမြဲ၊ ဆောက်တည် ကဲလျက်၊ ဝမ်းထဲသိုထား၊ သိတရားကြောင့်၊ တစ်ပါးပုဂ္ဂိုလ်၊ ဟောမဆိုလည်း၊ ကိုယ့်ကိုယ်ကိုလျှင်၊ ကိုယ်သွန်သင်၍၊ သက်ရှင်ရုံမျှ၊ မဟူရအောင်၊ ကာယခြင်းရာ၊ ဆင်ခြင်ကာလျှင်၊ ပညာနှိုက်နှဲ၊ စက်နှယ်ခွဲ၏” လို့ မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝလင်္ကာသစ်မှာ သြဝါဒခြွေခဲ့ပါတယ်။

ကျယ်ပြောလှတဲ့သမုဒ္ဒရာအလယ်မှာ သင်္ဘောပျက်ကိန်းကြုံရတဲ့ မဟာဇနကမင်းသားအဖို့ စိတ်ပျက် အားငယ်၊ ဝမ်းနည်းနေမယ်ဆိုရင်လည်း ဘယ်သူမှတော့ အပြစ်ဆိုနိုင်မှာမဟုတ်ပါဘူး။ ကမ်းမမြင်၊ လမ်းမမြင်တဲ့ ရေပြင်ခရီးမှာ တစ်ကိုယ်တည်းလက်ပစ်ကူးဖို့ဆိုတာ သူမို့လို့သာ ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပါ။ အလောင်းတော်ရှဉ့်မင်းဘဝမှာတုန်းကလည်း သားကလေးပင်လယ်ထဲကျသွားတော့ ဝမ်းနည်းစရာ သည်အခင်းကို စိတ်ပျက်လက်မှိုင်ချမနေဘဲနဲ့ အမြီးဖျားနဲ့ပင်လယ်ရေကိုဆွတ်၊ ကမ်းပေါ်ကိုသွားပြီး ခါချ၊ နောက်တစ်ခါရေစပ်ကိုပြေးလာ၊ အမြီးဖျားနဲ့ပင်လယ်ရေကိုဆွတ်၊ ကမ်းပေါ်ကို ပြေးတက်ပြီးခါချ၊ သည်ပုံသည်နည်းချည်း အကြိမ်ကြိမ်ပြုလုပ်နေတော့ တာဝတိံသာကသိကြားမင်းတောင် မနေနိုင်လို့ ဆင်းလာပြီး ကယ်ပေးလိုက်ရသတဲ့။

ငိုပွဲရယ်ပွဲတွေကတော့ အမျိုးမျိုးအဖုံဖုံကြုံနေကြရဦးမှာပါပဲ။ လူတိုင်း၊ သတ္တဝါတိုင်း ကြုံကြရတာပါပဲ။ ငိုပွဲရယ်ပွဲကြုံတာက ဘာမှမဆန်းတော့ပါဘူး။ မကြုံပါစေနဲ့ရယ်လို့လည်း တားလို့ဆီးလို့ ရတာမျိုးမဟုတ်ပါဘူး။ ဘာတွေကြုံလာမယ်ဆိုတာကို ဘယ်သူမှမသိနိုင်သလို ကြိုတင်စီစဉ်တာတွေ၊ ပြောင်းလဲတာတွေလည်းမလုပ်နိုင်ပါဘူး။ ဘယ်လိုရင်ဆိုင်မယ်ဆိုတာကတော့ ကိုယ့်သဘောအတိုင်းသာ ရှိနေမှာပါ။


ငိုရင်ပုလဲ ရယ်ရင်ရွဲထွက်တဲ့ မိန်းမချောလေးမစံပယ်လို လောကဓံကြုံတိုင်း ပုလဲတွေ၊ ရွဲတွေ မထွက်ချင်နေပါစေတော့။ ငိုပွဲရယ်ပွဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးတိုင်းမှာ မူလအခြေအနေထက် ယုတ်လျော့ နိမ့်ပါးမသွားဘဲ တိုးတက်မြင့်မားလာသူ အဖြစ်ကိုသာရောက်ရှိလာနိုင်ဖို့အတွက်ကတော့ အတ္တသမ္မာပဏိဓိ မင်္ဂလာနှင့်အညီ ကိုယ့်စိတ်ကို ကောင်းကောင်းတည့်မတ်ပြီး ဘဝခရီးကို ဆက်ကြရမှာပါပဲလေ။

Comments

comments

- Advertisement -
- Advertisement -

Latest article

ဒေသခံတွေရဲ့တောင်းဆိုမှုကြောင့် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို လွိုင်ကော်သစ်ဆိပ်သို့ ပြောင်းရွှေ့

ကန္တာရဝတီတိုင်းမ် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝှါရီကောခူကျေးရွာအတွင်းရှိ အထကခွဲ ကျောင်းဝန်းထဲက ယာယီကုန်တင်ယာဉ်ရပ်နားစခန်းကို ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက တောင်းဆို တာကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ လွိုင်ကော်သစ်ဆိပ်သို့ ရွှေ့ပြောင်းလိုက်တယ်လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ရေးမှူး...

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

ကန္တာရဝတီတိုင်း (မ်) လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့...

Comments

comments