spot_img
Wednesday, February 1, 2023
spot_img

ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပေမယ့် တိုင်းရင်းသားတွေအမြဲ သစ္စာဖောက်ခံရစမြဲ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီခေတ် အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု

ကရင်နီအမျိုးသားတိုးတက်ရေးပါတီပြည်တွင်းငြိမ်းချမ်းရေး ပထမဆုံးအကြိမ်ဆွေးနွေးပွဲ ကို ၁၉၆၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်နေဝင်း လက်ထက်မှာ တစ်ကြိမ် ပျက်ပြယ်ခဲ့ရပါတယ်။


ခူဦးရယ်ရေးသားထုတ်ဝေထားတဲ့ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ အခန်းကဏ္ဍတစေ့တစောင်း စာအုပ်ထဲက ဖော်ပြပါရှိတဲ့ မှတ်တမ်းအရ သိခဲ့ရပါတယ်။


၁၉၆၃ မှာ စလုပ်ခဲ့တဲ့ တိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုက အစကနဦးမှာပဲ အဆုံးသတ်ခဲ့ရတာပါ။

နဝတ-နအဖ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)- နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) ခေတ် ရောက်လာပြန်တော့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးကြဖို့ ၁၉၉၃ ခုနှစ် မှာ အလွတ်သဘောနဲ့ နှစ်ဖက်ခေါင်းဆောင်တွေက တွေ့ခဲ့ကြပြန်ပါတယ်။

အဲဒီနောက် ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ထဲမှာပဲ ပြည်နယ်အဆင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေနဲ့ အချက် ၁၆ ချက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြန်ပါတယ်။

နောက်တစ်နှစ် ၁၉၉၅ ခုနှစ် မတ်လ ၇ ရက်နေ့မှာပဲ အဲဒီ ၁၆ ချက်ကို နှစ်ဖွဲ့တာဝန်ရှိသူတွေက ထပ်မံဆွေးနွေးခဲ့ကြပြီး မတ်လ ၂၁ ရက်နေ့မှာပဲ နှုတ်ကတိနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်။

အဲဒီကြားထဲမှာလည်း ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲတွေ တဖန်ပြန်လည်စတင်ခဲ့ကြပြန်ပါတယ်။ ၁၉၉၈ ၊ ၂၀၀၄ ခုနှစ် ၂၀၀၇ ခုနှစ်တွေမှာလည်း တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပေမယ့် တိုးတက်မှု မရှိခဲ့ပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံအောက်က ပစ်ခတ်ရပ်စဲရေး

စစ်အစိုးရရဲ့ သက်တမ်းတလျှောက် နောက်ဆုံးပြောရမလား ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က သမ္မတ ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးစကားဝိုင်းကလည်း စာရွက်စာတမ်းထဲမှာပဲ ကျန်နေခဲ့ပုံရပါတယ်။
ဦးသိန်းစိန်လက်ထက် ၂၀၁၂ မတ်လ ၇ ရက်နေ့မှာ ကယားပြည်နယ်လွိုင်ကော်မြို့မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစတင်ဆွေးနွေးချိန်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ အချက် ၂၀ တင်ပြဆွေးနွေးခဲ့ကြတယ်။

အဲဒီနောက် ဇွန်လ ၉ ရက်နေ့ လွိုင်ကော်မြို့မှာပဲ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၁၄ ချက်ကို မူသဘောအရ မဏာမ သဘောတူညီလက်မှတ်ထိုးခဲ့ကြတယ်။
အဲဒီနောက် စစ်တပ်စခန်းတွေ ထပ်မတိုးချဲ့ဖို့ပါပေမယ့်လည်း ဗမာစစ်တပ်က ဖရူဆိုမြို့နယ်ထဲမှာ လေ့ကျင့်ရေးတပ်ရအောင်တည်ဆောက်ခဲ့တယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးမသေးခင်စကြားမှာ ကြီးမားတဲ့ စီမံကိန်းတွေ မလုပ်ဖို့သဘောတူထားပေမယ့်လည်း တက်လာတဲ့အစိုးရက ဒါတွေသိပုံမရပါဘူး။ ရေအားလျှပ်စစ်စီမံကိန်းတွေ၊ သတ္တုစီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။

စစ်အစိုးရခေတ်အဆက်ဆက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးမှုလုပ်ငန်းတွေထဲက နောက်ဆုံး ၂၁ ရာစုပင်လုံညီလာခံကလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်သမ္မတလက်ထက်ကနေ ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်အထိ ယခုချိန်ထိ ဘာမှ ဆက်လက်အကောင်အထည် မဖော်နိုင်တော့ အဆုံးသတ်ခဲ့ရပါပြီ။

အဲဒီမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ထိုးထားတဲ့ အဖွဲ့တွေကလည်း လက်မှတ်သာ ရေးထိုးခဲ့ကြပြီး မြေပြင်မှာ တိုက်ပွဲတွေ ဖြစ်စမြဲကြားနေမြဲပါပဲ။

အဲဒီထဲမှာ NCA မထိုးထားသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကတော့ အစိုးရလက်ထက် နှစ်ဆက်စလုံးမှာ တိုက်ပွဲသံ နှစ်ကြိမ် သုံးကြိမ်လောက်သာ ကြားခဲ့ရပါတယ်။

ကရင်နီတပ်မတော် (KA) အခြေခံစစ်သင်တန်း သင်တန်းဆင်းပွဲမှ မြင်ကွင်းတခု

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တိုက်ပွဲပြင်းထန်
၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဆယ်စုနှစ်အတွင်းမှာ ကရင်နီပြည်နယ်က ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ ကရင်နီတပ်မတော် (KA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ် တိုက်ပွဲတွေ ပြင်းထန်လာပါတော့တယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ်ပြန်ထားတဲ့အချက်အလက်အရ အာဏာသိမ်းပြီးနောက်တစ်နှစ် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည်မှာ တိုက်ပွဲပေါင်း ၁၅၆ ကြိမ်နဲ့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှု ၃၂ ကြိမ်ထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါတွေက နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်အာဏာရှင်တွေ တိုင်းရင်းသားအပေါ် ဖိနှိပ်အုပ်ချုပ်ခဲ့လို့ တနိုင်ငံလုံး ပြိုင်တူ တော်လှန်နေချိန် တိုင်းရင်းသားဒေသတွေမှာလည်း ပြန်လည်ခုခံတော်လှန်နေကြတာပဲဖြစ်လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ရတာဖြစ်ပါတယ်။

လူငယ်တွေ လက်နက်ကိုင်တပ်ဖွဲ့တွေထဲပါဝင်လာပြီး စစ်ကောင်စီကို အသက်ပေးတိုက်နေကြ

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးနေရာအနှံ့ ပြည်သူတွေက ကန့်ကွက် ဆန္ဒပြကြသလိုပဲ ကယား(ကရင်နီ) ပြည်နယ်မှာလည်း မြို့နယ်အလိုက် ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီအာဏာသိမ်းတာကိုလက်မခံလို့ ကန့်ကွက်ဆန္ဒပြတဲ့ ကရင်နီပြည်သူတွေကို စစ်ကောင်စီတပ်က မတ်လ ၇ရက်နေ့ကစပြီး မျက်ရေယိုဗုံးတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး လွိုင်ကော်မြို့ပေါ်မှာ သပိတ်ဖြိုခွင်းမှု ပြုလုပ်လာပါတယ်။

မတ်လ ၁၉ရက်နေ့မှာ လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်အနီး သပိတ်ကို စစ်ကောင်စီတပ်က ကျည်အစစ်သုံးပြီး ဖြိုခွင်းမှုကြောင့် သပိတ်မှာ ပါဝင်သူ နှစ်ဦး ကျည်ထိမှန်ခဲ့ပြီး တစ်ဦးကတော့ ကျဆုံးသွားခဲ့ရပါတယ်။

လက်နက်အားကိုးပြီး အကြောက်တရားနဲ့ ပြည်သူတွေကို အုပ်ချုပ်ဖို့ လုပ်လာတဲ့ စစ်ကောင်စီတွေကို ဒီလို အနုနည်းနဲ့ ဆန္ဒပြတောင်းဆိုလို့မရတဲ့အဆုံး လက်နက်ကိုင် တိုက်ယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ လူငယ်တော်တော်များများမှာ ခံယူချက်ရှိလာခဲ့ကြတယ်။

“အမှန်ကျနော်က လက်ရွေးစင် ဘောလုံးအားကစားသမား ကောင်းဖြစ်လာဖို့ ကြိုးစားနေတဲ့သူပါ။ အခုတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ်လုပ်ချင်တဲ့အရာတခုမှ ကိုယ်မလုပ်နိုင်တော့ဘူး။ ကျနော်တို့ လူမျိုးကို တသက်လုံး စစ်တပ်က အရင်ကတည်းက ဖိနှိပ်အုပ်ချုပ်ခဲ့တာလေး။ ဒီတခါ ကျနော်တို့ခေတ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ကျနော်တို့ တိုက်ရမယ့် တာဝန်ဝတ္တရားဖြစ်လာတဲ့အတွက် ကျနော်လက်နက် ပြီး စစ်ကောင်စီကို တိုက်နေတာပေါ့။” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အဖွဲ့ဝင် လူငယ်တဦးက ပြောပါတယ်။

လူငယ်တွေ လက်နက်ကိုင်တော်လှန်ဖို့ကလည်း နယ်မြေဒေသအရ သူတို့အတွက် ကျော်ထောက်နောက်ခံ ပေးမည့် စစ်အာဏာရှင်ကို တစိုက်မတ်မတ် တော်လှန်နေခဲ့တဲ့ ကရင်နီတပ်မတော် (KA)ရှိနေပေးလို့ပါ။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာတော့ ကရင်နီတပ်မတော် KA ထဲကိုဝင်လာတဲ့ လူငယ်တွေအတွက် သင်တန်းလုပ်ပေးတာ ၃ ပတ်စဉ်ရှိနေပါပြီ။ KA ရဲ့ ဦးစီးမှုအောက်မှာရှိတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆိုရင် တပ်ရင်း ၁၈ ရင်းနဲ့ လူငယ်တွေကို ဖွဲ့စည်းထားတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လူငယ်အများစုက သူတို့ရဲ့ ပညာရေး ၊ အလုပ်အကိုင် မျှော်လင့်ချက်အနာဂတ်တွေအားလုံး ပျောက်ခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ဖို့ အသက်ပေးတိုက်ပွဲဝင်နေကြရတာတွေ့နေရပါတယ်။

စစ်ကောင်စီကို အသက်ပေးတိုက်သွားတဲ့ KA ၊ KNDF ၊ PDF တွေက ၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို ၄၁ ဦး ကျဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။
ဒီလိုဖြစ်လာရတာက စစ်ကောင်စီရဲ့ အာဏာရှင်စနစ်အောက်မှာ တစ်သက်လုံး မနေချင်တာလည်း ဟုတ်သလို အနာဂတ်ကလေးငယ်တွေ စစ်ကျွန်ဆက်လက်မခံရဖို့ အခုခေတ် လူငယ်တွေ လက်ကိုင်တပ်ဖွဲ့ထဲဝင်ပြီး စစ်ကောင်စီကို အသက်ပေး တိုက်နေကြရတာဖြစ်ပါတယ်။

ကရင်နီတပ်မတော် (KA) အခြေခံစစ်သင်တန်း သင်တန်းဆင်းပွဲမှ သင်တန်းဆန်းတဦး သစ္စာရေသောက်နေစဉ်မြင်ကွင်းတခု

ကရင်နီတော်လှန်ရေးဖြစ်ပေါ်လာပုံ

ဗမာပြည်လွှတ်လပ်ရေးရပြီးတဲ့နောက်ကတည်းက ကရင်နီတော်လှန်ရေးစတင်ပေါ် ပေါက်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။
ဒီနှစ် ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ကျရင်တော့ စစ်အာဏာရှင်ကို တိုက်ပွဲဆင်နွဲခုခံတော်လှန်ခဲ့တဲ့တာ (၇၄) နှစ်မြောက် ရှိပြီဖြစ်ပါတယ်။

ကိုယ့်ကြမ္မာကိုယ် ဖန်တတီးပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးလာခဲ့တာ ဒီနေ့ချိန်ထိလို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီ (၇၃)နှစ်မြောက် အမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားမှာတော့ KNPP ရဲ့ ပါတီ ဗဟိုဌာနချုပ်ရဲ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


အဲဒီသဝဏ်လွှာပါအချက်အလက်အရ ဗမာအစိုးရ ဗြိတိသျှအစိုးရဆီကနေ လွတ်လပ်ရေးရရှိပြီးတဲ့ အချိန်ကာလအထိ ကရင်နီပြည်ဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ အုပ်ချုပ်ပြီး သီးခြားရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။


ဒါပေမဲ့ ဗမာပြည်လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ဖဆပလ စစ်အစိုးရဟာ ကရင်နီပြည်ကို စစ်ရေးကျူးကျော်လာတဲ့အတွက် ကရင်နီအမျိုးသားတွေရဲ့
ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးလာခဲ့တာ ဒီနေ့ဒီအချိန်ထိပါပဲလို့ ဆိုပါတယ်။

ဒီအချိန်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က ကရင်နီပြည်ထဲမှာ လူထုတွေကို မတရားဖမ်းဆီး သတ်ဖြတ်ပြီး အိုးအိမ်အဆောက်အဦးတွေနဲ့ ဘာသာရေးဆိုင်ရာ ဘုရားကျောင်းတွေကို ဖျက်ဆီးနေတာဟာ ကရင်နီအမျိုးသားတွေအတွက် လက်သင့်ခံနိုင်စရာ လုံးဝမရှိတဲ့အကြောင်း ပြည်သူလူထုနဲ့အတူ အပြည့်အဝ ရပ်တည်ပြီး တိုက်ပွဲဝင်နေကြတာလို့ ဆိုပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်ပွဲဝင်ခဲ့တာ ကရင်နီ တော်လှန်ရေးနဲ့ အတူ စစ်ရှောင် အရေအတွက်ကလည်း ရှိနေတာပါ။ အခုတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ ကရင်နီ ပြည်သူတွေက ဆက်ပြီး စစ်ရှောင် ရပြန်ပါပြီ။ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကရင်နီ ပြည်သူတွေ အတွက် အနာဂတ်ဟာ သိပ်မသေချာပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော်လှန်ရေးက ပြည်နယ်တွေက တိုင်းရင်းသားတွေအပါအဝင် ဗမာတိုင်းရင်းသားတွေက ဝင်ရောက်တော်လှန်တဲ့ တော်လှန်ရေး ဖြစ်တာကြောင့် မြန်မြန် အဆုံးသတ်နိုင်မလားလို့ အားတက်မိတာကတော့ အမှန်ပါပဲ။

spot_imgspot_imgspot_imgspot_img

More from the blog

အိမ်ပြန်ခွင့်ရရင်တောင် ပြန်စရာအိမ်မရှိတော့တဲ့သူများ

ကန္တာရဝတီတိုင်း(မ်) ၂၀၂၁ အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ နိုင်ငံတွင်းမှာ လက်နက်ဆွဲကိုင်တော်လှန်မှုတွေ စတင်ခဲ့တဲ့ အချိန်ကစပြီး အသေးငယ်ဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်နယ်မှာ စစ်ပွဲရဲ့ အကျိုးဆက်တွေကို ပြည်သူတွေ နဖူးတွေ့၊ဒူးတွေ့ ခံစားရပါတော့တယ်။ စစ်ပွဲကာလအတွင်း မိသားစုဝင်ဆုံးရှုံး သွားခဲ့ကြသူတွေရှိသလို၊ စည်းစိမ် ဥစ္စာတွေကိုလည်း ဆုံးရှုံးထားသူတွေ ဒုနဲ့ ဒေးဖြစ်ပါတယ်။ အဲဒီထဲမှာ အသက်...

ဝင်ငွေရဖို့ ဝဥကို ရွေးချယ်စိုက်ပျိုးခဲ့တဲ့ ကယန်းဒေသက တောင်သူ

ခွန်းကလိုင်းဖရီး(ကန္တာရဝတီတိုင်း(မ်)) လွန်ခဲ့တဲ့ ၅ နှစ်ကျော် လောက်ကစပြီး ကယန်းဒေသမှာ စပါး၊ ငရုတ်နဲ့ ဖာလာကို အဓိက စိုက်ပျိုးရာကနေ ဈေးကွက်ဝင်တဲ့ ဝဥကိုလည်း စိတ်ဝင်တစား စိုက်ပျိုးလာကြပါတယ်။ ယခင်ကတော့ ဝဥကို တောတောင်တွေထဲက အလေ့ကျပေါက်တာတွေကိုပဲ ရှာဖွေတူးဖော်ခဲ့ကြပေမယ့် ခုတော့ ကယန်းဒေသက တောင်သူတွေဟာ ဝဥကို စီးပွားဖြစ် စနစ်တကျစိုက်ပျိုးလာကြတာပါ။ ခုလို...

တိုက်ပွဲနယ်မြေအတွင်းက “အလံဖြူ”

(ကန္တာရဝတီတိုင်း(မ်)) ဖရူဆိုမြို့နယ် နဲ့ ဘောလခဲမြို့နယ် ကြားက တောင်ယာခင်းတနေရာမှာရှိတဲ့ တဲအိမ်လေး တွေရဲ့ ခေါင်မိုးအထက်မှာ မြင်သာထင်သာရှိတဲ့ အဖြူရောင် အဝတ်စလေးတွေကို ချိတ်ဆွဲထားပါတယ်။ တစ်ပေကျော် အကျယ်ရှိတဲ့ ဒီအဝတ်ဖြူစဟာ တောင်ယာခင်းထဲမှာ စစ်ရှောင်နေကြရတဲ့ နန်းဖဲဒေသက ဒေသခံတွေအတွက် အန္တာရယ် ကင်းစေနိုင်တဲ့ မျှော်လင့်ချက် အဆောင်လေးလို့ ပြောလို့ရပါတယ်။ တောင်ယာခင်းထဲကတဲအိမ်လေးတွေရဲ့...

တစ်ပူပေါ်နှစ်ပူဆင့် လာတဲ့ စစ်ပွဲရဲ့ မြေစာပင်ဘဝ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) ထိတ်လန့်ဖွယ်ရာ လက်နက်ကြီးရန်ကို ကရင်နီလူထုတွေ ရင်ဆိုင်လာခဲ့ရတာ တစ်နှစ်ခွဲနီးပါး ရှိလာခဲ့ပါပြီ။ ယခင်နှစ်မှာ ညအမှောင်ကိုသာ ထိတ်လန့်ရတဲ့ ကရင်နီလူထုတွေဟာ အခုချိန်မှာတော့ နေ့အလင်းတွေကိုလည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ ရင်ဆိုင်ဖြတ်သန်းနေရတာပါ။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာ၊ လူထုတွေ စစ်ဘေးရှောင်တဲ့နေရာ စတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ...