spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငွေတောင်ဆည်ရေခမ်းခြောက်တာကြောင့် ဒီနှစ်နွေစပါးစိုက်ခင်း တစ်ဝက်ခန့်ကိုသာရေပေးနိုင်တော့မယ်လို့ ခန့်မှန်းထား

Author

Date

Category

စိုးထိုက်အောင်

ဒီနှစ်ငွေတောင်ဆည်အတွင်းကို ရေဝင်နည်းတဲ့ အတွက် ပုံမှန်ရေပေးဝေနေကျ နွေစပါး စိုက်ခင်းတွေရဲ့ တဝက်လောက်ကိုပဲ ရေပေးနိုင်တော့မယ်လို့ ကယားပြည်နယ် ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ပြည်နယ် ဒုညွန်ကြားရေးမှူး ဦးဝေလွင်ကပြောပါတယ်။

ဒီနှစ်မှာ မိုးနည်းတဲ့အတွက် ဆည်အတွင်း လုံလောက်တဲ့ ရေပမာဏကို သိုလှောင်မထားနိုင်ဘူးလို့ ဆိုပါတယ်။

“ ဒီနှစ်ကတော့ ရေဝင်နည်းတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ကန်ထဲမှာရှိနေတဲ့ရေပမာဏအပေါ်မူတည်ပြီးတော့ပေါ့နော် ကျနော်တို့က စိုက်ပျိုးဧကတွေကို ခန့်မှန်းပြီးတာ့ လျာထားရပါတယ်။ ဒီနှစ်ဆိုလို့ရှိရင် ကန်ရေပြည့်ဖို့အတွက်က ကျနော်တို့ မနှစ်ကဆိုကန်ရေပြည့်ပေ့ါနော်။ ကန်ရေပြည့်အမှတ်ထိအောင်ရှိတဲ့ အတွက်ကြောင့်မလို့ နွေစပါးဆိုလို့ ရှိရင် ဧက၁၅၀၀လောက်ထိအောင် ကျနော်တို့ လျာထားစိုက်ပျိုးနိုင်တယ်ပေါ့။ ဒီနှစ်ကတော့ ကျနော်တို့ ခန့်မှန်း ဧက ၈၀၀ပေါ့ အဲ့လောက်ပဲ ကျနော်တို့ ခန့်မှန်းလျာထားနိုင်မယ်လို့ ကျနော်တို့ လက်ရှိမှာသုံးသပ်ထားပါတယ်။” လို့ ဦးဝေလွင်ကပြောပါတယ်။

နှစ်စဉ် ငွေတောင်ဆည်ဟာ ရေပြည့်အမှတ်ကို ရောက်ရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ ရေပြည့်မှတ်အောက် ၈ ပေလျော့နည်းနေတာပါ။

ငွေတောင်ဆည်ရေဖြင့် နှစ်စဉ် မိုးစပါးဧက ၄၀၀၀ကျော်နဲ့ နွေစပါးဧက ၁၅၀၀ကျော်ကို ရေပေးဝေစိုက်ပျိုးနေတာဖြစ်ပါတယ်။

နှစ်စဉ်စိုက်ပျိုးနေကျ နွေစပါးကို ဒီတနှစ်အတွက် စိုက်ပျိုးလို့မရခဲ့ရင် အခက်ခဲရှိနိုင်တယ်လို့ စံပြ(၆)မိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကာဗြေးလယ်ကပြောပါတယ်။

“ နှစ်တိုင်းလိုလို သူတို့ လုပ်နေတော့ ဒီနှစ်မလုပ်ရတော့ဘူးဆိုရင်သူတို့ရဲ့ စီးပွားရေးအခြေအနေကတော့ နည်းနည်းခိုက်သွားမှာပေါ့နော်။ လျော့ပြီးလုပ်ရတာလဲ ရေအပေါ်မှာလဲ မူတည်တယ်လေး။ တချို့ ကသတ်မှတ်ထားတာရှိတယ်လေး။ ဒီတစ်နှစ်က ဒီကွင်းလုပ်မယ်။ နောက်တစ်နှစ်က ဒီကွင်းလုပ်မယ်ဆိုတာလဲ သူတို့ သတ်မှတ်ထားတာရှိတယ်။ တစ်ချို့အတွက်တော့ ကောင်းသွားတာပေါ့နော်။ ” လို့ ဦးကာဗြေးလယ်က ပြောပါတယ်။

လက်ရှိကန်တွင်းရေပမာဏပေါ်မူတည်ပြီးတော့ပဲ စိုက်ရေးပျိုးရေးကိစ္စတွေကို စိုက်ပျိုးရေး၊ ဆည်မြောင်း၊ မြေစာရင်းအဖွဲ့တွေအားလုံး ညှိ့နှိုင်းပြီးတော့ လျာထားချက်ဧကတွေကို ဆုံးဖြတ်ရတာဖြစ်တယ်လို့ ဦးဝေလွင်ကဆိုပါတယ်။

ဆည် ရေပမာဏအပေါ်မူတည်ပြီး ရေပေးနိုင်မှုကို လျာထားတဲ့အခါမှာ စိုက်ပျိုးရေးအတွက်အောင်ရေ ရရှိတဲ့ရေပမာဏကိုပဲ လျာထားရတာဖြစ်တဲ့အတွက် အောင်ရေရှိနိုင်တဲ့ ပမာဏထက်ပိုပြီးတော့ လျာထားမိမယ်ဆိုရင် စပါးအားလုံးပျက်ဆီးသွားနိုင်တယ်လို့ ဦးဝေလွင်က ပြောပါတယ်။

“ကျနော်တို့က ကန်တွင်းရေပမာဏအပေါ်မူတည်ပြီးတော့ပဲ နွေစပါးစိုက်ပျိုးမဲ့ လျာထားဧကပေါ့။ ကျနော်တို့ အောင်ရေအသေချာဆုံးပေးနိုင်မဲ့ ဧကကို ကျနော်တို့ လျာထားရပါတယ်။ ရေပမာဏအပေါ်မူတည်ပြီးတော့ လျာထားတဲ့အခါမှာ ကိုယ်မနိုင်တဲ့ဧကကို သွားပြီးမိမယ်ဆိုရင် အောင်ရေအထိအောင်ရေမပေးနိုင်ရင် နောက်ပိုင်းမှာ စပါးတွေအားလုံး ပျက်ဆီးသွားနိုင်တဲ့အခြေအနေရှိပါတယ်။ ဒါကြောင့်မလို့ ကိုယ်ရေပေးနိုင်မဲ့ ပမာဏအပေါ်မူတည်ပြီးတော့ပဲ လျာထားဧက ကိုကျနော်တို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။” လို့ ဦးဝေလွင်ကပြောပါတယ်။

ကယားပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနကနေ ထိန်းသိမ်းထားတဲ့ ဆည်ရေလှောင်တမံပေါင်း ၃၂ခုမှ ရေပေးဝေပြီး စိုက်ပျိုးနေတဲ့ လယ်မြေဧကပေါင်း ၄၀၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၂၂နှစ်အတွင်း ရေဝင်အနည်းဆုံးဖြစ်တဲ့ မိုးဗြဲဆည်ရေလှောင်တမံမှာလဲ နှစ်စဉ်မိုးစပါးစိုက်ဧက ၁၃၀၀၀ကနေ ယခုနှစ် မိုးစပါးစိုက်ချိန်မှာ ဧက၁၀၀၀၀ခန့်ကိုပဲ ရေရရှိတာဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးချိန်မှာ မိုးဗြဲရေလောင်တမံမှ ပုံမှန် ဧက၂၀၀၀-၃၀၀၀အထိ စိုက်ပျိုးလျက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts