တဖိုကျေးရွာမြင်ကွင်းတချို့ (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ဦးမြာ ၊ စိုးရယ်

ဒီးမောဆိုမြို့နယ်ကနေ အရှေ့ဘက်ခြမ်း တစ်နာရီခရီးလောက်သွားရတဲ့ စစ်ဘေးရှောင်ခဲ့တဲ့ ကျေးရွာတစ်ရွာဖြစ်တဲ့ တဖိုကျေးရွာဟာဆိုရင် အခုချိန်ထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်တဲ့ ကျေးရွာလေးပဲဖြစ်ပါတယ်။ အဲ့ဒီကျေးရွာလေးဟာ အိမ်ခြေ ၂၃ အိမ်ခန့်ရှိပြီး တောင်ယာလုပ်ငန်းကိုသာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

အဲ့ဒီကျေးရွာထဲက ဒေသခံတွေဟာ ၁၉၉၅-၁၉၉၆ခုနှစ် ဖြတ်လေးဖြတ်မှာ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်မှာ နေရပ်ကို ပြန်လည်နေထိုင်ကြတာ ဖြစ်ပါတယ်။ ယခင်က နေရာတော်တော်များများမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်စေ၊ တပ်မတော်တွေဖြစ်စေ ကျေးလက်နေ အမျိုးသားတွေကို ပေါ်တာထမ်းဖို့ ခေါ်ဆောင်သွားကြပါတယ်။ အဲ့ဒီထဲမှာလည်း တဖိုကျေးရွာက အမျိုးသားတွေ ပါဝင်ခဲ့ပါတယ်။

စစ်ဘေးတိမ်းရှောင်ရတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ခက်ခဲစွာ ဖြတ်သန်းခဲ့ရသလို မိမိတို့ ကျေးရွာမှာ ကျန်ရှိခဲ့တဲ့ပစ္စည်းတွေဟာလည်း မီးရှိူ့ခံခဲ့ရတယ်လို့ ဦးဆော်ရယ်က သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။

တဖိုကျေးရွာသားမှ ဦးစိုးရယ်က ” ကျွန်တော်တို့ သူများရွာမှာ သွားနေတော့ စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေဘူးလေ။ ကျွန်တော်တို့ တောင်ယာ၊ လယ်ယာလည်း မရှိဘူး။ ကျွန်တော်တို့ နေရပ်ကို ပြန်လာနေတော့ နည်းနည်းတော့ ပိုစားရလာတာပေါ့။ အဲ့ဒါကြောင့် ဒီမှာပဲ ကြိုးစားပြီး ပြန်လာနေတာ။” လို့ ပြောပါတယ်။

၂၀၀၄ ခုနှစ်မှာ နေရပ်ကို ပြန်လာနေထိုင်ပေမဲ့ မိသားစုနေထိုင်ဖို့အတွက် အိမ်တစ်လုံးကိုတောင် မဆောက်နိုင်ကြသေးပါဘူး။ နေရပ်ကို ပြန်လည်နေထိုင်ဖို့အတွက် အဆင်ပြေသလိုသာ တဲထိုးပြီးနေခဲ့ရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံတရားရဲ့ထောက်မမှုကြောင့် ၂၀၁၄-၁၀၁၅ ခုနှစ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက မိသားစုတစ်စုကို တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးတယ်။ ဒါပေမဲ့လည်း အိမ်ခြေ ၂၃ အိမ် ရှိတဲ့အနက် မိသားစု ၂ဝ အတွက်ပဲ ချပေးခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ တဖိုကျေးရွာဟာ တိုက်အိမ်တွေကို မပိုင်ဆိုင်ထားနိုင်ပေမဲ့ လေလုံမိုးလုံနေအိမ်မှာ နေထိုင်နေကြရပြီဖြစ်တဲ့အတွက် မိသားစုရဲ့ စိတ်ချမ်းသာစရာတွေကို ပိုင်ဆိုင်နိုင်ကြပါပြီ။

နေထိုင်စရာ အိမ်ကလေးတွေကို ပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့ ဒေသခံတွေကတော့ စားဝတ်နေရေးအတွက် ယနေ့ထိ ကြိုးစားရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။ ကျေးရွာရှိ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဦးစိုးရယ်က အခုလို ပြောပြပါတယ်။

ဦးစိုးရယ်က ” ကလေးတွေအတွက်ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီမှာ မြင်နေကြရတဲ့အတိုင်းပဲ။ အဝတ်အစားတွေလည်း လုံလုံလောက်လောက်မရှိကြဘူး။ တစ်ခါတစ်လေ ရေးဖို့စာအုပ်တောင်မှ ဝယ်ဖို့ပိုက်ဆံမရှိဘူး။ လွယ်စရာလွယ်အိတ်လည်းမရှိဘူး။ စုတ်စုတ်ပြတ်ပြတ်တွေပဲ လွယ်နေကြရတယ်။” လို့ ပြောပါတယ်။

တဖိုကျေးရွာ မြင်ကွင်းတနေရာ (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

လက်ရှိမှာတော့ အစိုးရကနေ မူလတန်းကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ပေးထားပြီး ဆရာ၊ဆရာမ ၅ ဦးက ကျောင်းသူ၊ကျောင်းသား ၃ဝ ဝန်းကျင်ကို သင်ကြားပေးနေရတာ ဖြစ်ပါတယ်။

ဒေသခံတွေဟာ မိမိတို့နေရပ်ကို ပြန်လည်နေထိုင်တာ ၁၄ နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပေမဲ့ ပညာရေး၊ ကျန်းမာရေး အသိပညာ နည်းပါးနေဆဲဖြစ်ပါတယ်။ အခုချိန်ထိ ကျေးရွာထဲမှ ဆယ်တန်းအောင်မြင်သူ၊ အဖွဲ့အစည်း၊ အစိုးရလုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိသူ တစ်စုံတစ်ယောက်မှ မရှိသေးပါဘူး။

ကျေးရွာထဲမှာ ကျေးလက်ဆေးပေးခန်းတွေ မရှိသေးတဲ့အတွက် မီးဖွားမယ့်မိခင်တွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေါ်ရီးမြာက အခုလိုပြောပြပါတယ်။

တဖိုကျေးရွာသူဒေါ်ရီးမြာက ” လမ်းပေါ်မှာ သွားရင်းနဲ့ ကလေးပျက်သွားတာတွေလည်းရှိတယ်။ နောက်ပြီးတော့ ရွာထဲမှာပဲ ပျက်သွားတာတွေလည်းရှိတယ်။ ရွာထဲမှာနေပြီးတော့ ဆရာ၊ ဆရာမတွေ အချိန်မှီ ဆေးလာမထိုးနိုင်ဘဲ ကလေးပျက်သွားတာတွေလည်းရှိတယ်။ သုံး၊လေးယောက်လောက်ရှိနေပြီ။” လို့ ပြောပါတယ်။

တဖိုကျေးရွာကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အစိုးရကျန်းမာရေးဝန်ထမ်းတွေက တစ်လတစ်ကြိမ် လာရောက်စစ်ဆေးပေးနေပေမဲ့ ဒေသခံတွေ လိုအပ်တဲ့ဆေးဝါးတွေကိုလည်း လုံလုံလောက်လောက် ပေးခဲ့တာတွေမရှိဘူးလို့ ဒေါ်ရီးမြာက ကျန်းမာရေးအခက်အခဲကို ဆက်ပြောပြခဲ့ပါတယ်။

သက်ဆိုင်ရာ အစိုးရကို တောင်းဆိုခွင့်ရမယ်ဆိုရင် ကျေးရွာအတွက် သူ့ရဲ့ တောင်းဆိုမှုလေးကိုတော့ ဒေါ်ရီးမြာက အခုလို ပြောပြသွားပါတယ်။

တဖိုကျေးရွာ ဒေါ်ရီးမြာက ” ကျွန်မတို့ တစ်နေရာရာသွားဖို့အတွက်၊ ပြီးတော့ ကျွန်မတို့ ကျန်းမာရေးတွေ မကောင်းတာရှိရင် ဆေးခန်းသွားပြဖို့ ကားတွေကို သွားရှာခေါ်တဲ့အခါတွေမှာဆိုရင် အဆင်ပြေဖို့ လမ်းကို ကောင်းကောင်းမွန်မွန် လုပ်ပေးစေချင်တယ်။ မီးကလည်း ကျွန်မတို့ ညကြီးမိုးချုပ် သွားလာတာရင်လည်း မီးလိုအပ်တယ်။ အဲ့ဒါကြောင့် ကျွန်မတို့ အဲ့ဒါတွေကို လိုချင်တယ်။” လို့ ပြောပါတယ်။

ကယားပြည်နယ် ဒီးမောဆိုမြို့ထဲမှာရှိတဲ့ ဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ဒေသနဲ့ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာထဲမှာ တဖိုကျေးရွာလည်း အပါအဝင်ဖြစ်ပါတယ်။

ဒေါ်ရီးမြာလိုပဲ တဖိုကျေးရွာက ဒေသခံတွေကလည်း အစိုးရထံ ကျေးရွာအတွက် လိုအပ်တာလေးကို မျှော်လင့်နေကြပါတယ်။

 
 
 

Comments

comments