spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်နီက တိုင်းရင်းသား နိုင်ငံရေးပါတီ ၂ခု ပါဝင်မည်မဟုတ်

Author

Date

Category

 

ကန္တာရဝတီတိုင်း( မ် )

၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီပြန်လည်ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကရင်နီပြည်အခြေစိုက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) ၊ ကယန်းအမျိုးသားပါတီ ( KNP ) တို့က ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ကန္တာရဝတီတိုင်း( မ် ) ကိုပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ပြင်ဆင်မှုမရှိသလို ဝင်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ KySDP ပါတီဝင်တစ်ဦးက ပြောပါတယ်။

“ဒါကလည်းရွေးကောက်ပွဲအတွက် ကျနော်တို့ ဘားမှပြင်ဆင်ထားတာမရှိဘူး။ ဝင်ပြိုင်မယ့် အခြေအနေလည်းမရှိဘူး။ ကျနော်တို့ ကရင်နီပြည်နယ်မှာလည်း တချို့သောမြို့တွေမှာက တိုက်ပွဲတွေဖြစ်နေတော့ စစ်ရှောင်တွေ အကုန်လုံးဖြစ်နေတဲ့ သဘောမျိုးဖြစ်နေတာပေါ့နော။ အဓိကကတော့ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်ကတော့ မြို့ပေါ်လောက်ပဲကျန်တယ်ပေါ့။ ဆိုတော့ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးလုပ်မယ်ဆိုတာကိုတော့ ကျနော်တို့လည်း စဉ်းစားလို့ မရဘူးပေါ့နော။“ လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ဥပဒေတွေကိုပြင်ဆင်ထားပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်နိုင်ဖို့ ပါတီဝင် တစ်သိန်းနဲ့ ဘဏ်စာရင်းထဲမှာ ပိုက်ဆံ သိန်းတစ်ထောင်လောက်ရှိနေရမယ်လို့ ဆိုပါတယ်။

အဲဒီဥပဒေဟာ တိုင်းရင်းသားပါတီတွေကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်စေဖို့ တော်တော်လေး အခက်အခဲဖြစ်စေတဲ့အနေအထားမှာရှိတယ်လို့ KySDP ပါတီဝင်တစ်ဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီက မှတ်ပုံတင်ထားပြီးသားနိုင်ငံရေးပါတီတွေအနေနဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့စပြီး ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံမတင်လျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ( UEC ) မှာ နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျှောက်ပျက်ပြယ်သွားမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ကရင်နီပြည်ထဲက တိုင်းရင်းသား နိုင်ငံရေးပါတီဖြစ်တဲ့ KySDP၊ KNP ကတော့ မှတ်ပုံတင်သွားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

“ ပျက်ပြယ်မယ်ဆိုတာက ကျနော်တို့ကတော့ အစကတည်းက ကယန်းအမျိုးသားပါတီကတော့ မှတ်ပုံတင်ကို သိပ်ပြီးတော့ အရေးမစိုက်ဘူး။ သိပ်ပြီးတော့ အလေးမပေးဘူး။ ကိုယ့်လူမျိုးက ကိုယ့်ကို ထောက်ခံနေသ၍ UEC ရဲ့မှတ်ပုံတင်ခြင်းရှိရှိ မရှိရှိပါတီဆက်ရှိနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လည်ပတ် နေကြတာလေ။” လို့ KNP အတွင်းရေးမှူး တစ်ဦးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီအနေနဲ့လည်း စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်ပြီး စစ်ကောင်စီကို ကူညီဆောင်ရွက်သူတွေကိုလည်း နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်သူအဖြစ် သတ်မှတ်သွားမယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့ NLD ဗဟိုအလုပ်အမှုဆောင်ကနေ ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်နီပြည်တွင်းမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုထဲက KNDF၊ DMO-PDF၊ KRU တို့က အသီးသီးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ်တွေထက် မလျော့အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး ဒေသအသီးသီးမှာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ရွေးကောက်ပွဲကျင်းပနိုင်မှသာ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်မှာလို့ စစ်ကောင်စီပိုင် သတင်းမီဒီယာကနေ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၉၈ မြို့လောက်ကို တည်ငြိမ်အေးချမ်းအောင်ထိန်းချုပ်နိုင်ပြီး လုံခြုံရေးအလေးထားရမယ့်မြို့ ၆၇ မြို့၊ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ရမယ့်မြို့ ၆၅ မြို့ရှိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း ကရင်နီပြည်တွင်းက ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့တွေကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဒီလိုဆောင်ရွက်မှုတွေဟာ ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှု ပိုရအောင်ကြိုးပမ်းနေတာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“နယ်မြေစိုးမိုးရေး သူတို့ပြန်လုပ်ချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို အဲ့ဒီ စစ်ဘေးရှောင်စခန်းတွေ နောက် လက်နက်ကိုင်အင်အားစုတွေ ရှိတဲ့ နေရာကလည်း မြို့နဲ့ မလှမ်းမကမ်းမာပဲ ဖြစ်နေတဲ့အခါကျတော့ သူတို့အတွက်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သူတို့ အဲ့လိုနေရာမျိုးတွေ ပြန်ပြီးတော့ နယ်မြေစိုးမိုးနိုင်အောင် သူတို့ လုပ်နေတယ်လို့ ယူဆတယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက မဲစာရင်းအတွက် အိမ်ထောင်စုစာရင်းကောက်ယူမှုတွေကို ဖားဆောင်း၊ ဘောလခဲ နဲ့ လွိုင်ကော်မြို့တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက ကရင်နီပြည်မှာ တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် လွိုင်ကော်မြို့ပေါ်မှာ ကယားပြည်နယ်နေ့အခမ်းအနားကို ရအောင်ကျင်းပခဲ့သလိုပဲ ရွေးကောက်ပွဲကိုလည်း ဖြစ်အောင်ပြုလုပ်လိမ့်မယ်လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးကသုံးသပ်ပါတယ်။

စစ်ကောင်စီက မည်သည့်ပုံစံနဲ့ ကျင်းပမယ်ဆိုတာတွေကိုတော့ လက်ရှိအချိန်အထိ မသိရသေးပေမယ့် ရွေးကောက်ပွဲမှာ လူထုတွေပါဝင်အောင် ဖိအားပေးမှုတွေလုပ်လိမ့်မယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ လူထုတွေ ပါဝင် မပါဝင်က သူတို့ ဘယ်လိုဖိအားပေးမလဲ ဆိုတာအပေါ်မှုတည်လိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အများစုဘယ်ပါချင်ပါ့မလဲ။ ကျနော် တစ်ယောက်ထဲအနေနဲ့တော့ သူတို့ရွေးကောက်ပွဲကို မယုံ ကြည်တော့ဘူး။ ဘာလို့လဲဆိုတော့ လုပ်ခဲ့ပြီးသားပဲကို ရွေးကောက်ပွဲက။ မဲရလဒ်တွေလည်းထွက်ခဲ့ပြီးသား။ ဘယ်သူအနိုင်ရတယ်။ ဘယ်လိုရလဒ်က ရှိပြီးသားပဲမလို့။” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP )က UEC မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ လျှောက်ထားနေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာကနေ ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသာမာမှုတွေရှ်ိိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာ တစ်နှစ်သိမ်းယူသွားခဲ့ပါတယ်။ အာဏာသိမ်းတစ်နှစ်ပြည့်တဲ့အချိန်မှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ အာဏာသိမ်းကာလသက်တမ်းတိုးပြီး လက်ရှိ အချိန်အထိလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အာဏာသိမ်းကာလကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၆ လထပ်မံသက်တမ်းတိုးထားပါတယ်။

spot_img
spot_img

Recent posts