spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄၀ သေဆုံး၊ ၁၅၀ ကျော်ထိခိုက်မှုရှိခဲ့

ပုံဟောင်းအသုံးပြုခြင်းသာဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အာဏာသိမ်းကာလ ကစပြီး ယခုချိန်ထိ စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် ပြည်သူ ၄၀ ဝန်းကျင်သေဆုံးပြီး ၁၅၀ ကျော် ထိခိုက်ဒါဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ ဆရာဗညားက အခုလိုပြောပါတယ်။

ဆရာဗညားက ” လက်နက်ကြီးကြောင့် သေတဲ့ဦးရေကို ကျနော်တို့ပြန်ပြီးစစ်တဲ့အချိန်မှာ အနည်းဆုံးက ၄၀ ဝန်းကျင်ပေါ့နော ရှိနေပါပြီ။ ထိခိုက်ဒဏ်ရာရတဲ့ဒီဖက် အရပ်သားပေါ့နော။ အရပ်သားကတော့ ရတဲ့သတင်းအရကတော့ ၁၅၀ကျော်ကျော်ပေါ့နော။ ၂၀၀ဝန်းကျင်ရှိလာပြီလို့ ကျနော်တို့ပြောလို့ရတယ်။ ဒါက လက်လှမ်းမီမှုအပေါ် မူတည်ပြီး ပြောခြင်းဖြစ်တာပေါ့။ တကယ်လက်တွေ့ ဒီထက်များနိုင်တယ်ဆိုတာ ကျနော်တို့သိထားတယ်။” လို့ ပြောပါတယ်။

ကရင်နီပြည်အတွင်းမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဒေသခံတွေနေထိုင်တဲ့ကျေးရွာအတွင်းကို နေ့စဥ်ကျရောက်ပေါက်ကွဲနေတာပါ။  

ဒီးမော့ဆိုမြို့အတွင်းမှာဆိုရင် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးသံတွေကို နေ့တိုင်းနီးပါး ကြားနေရပါတယ်။

အဲ့ဒီလက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးပေါလူက သူရဲ့အဖြစ်အပျက်ကို အခုလိုဝေမျှပေးပါတယ်။

“သစ်ပင်က အဲ့လိုရှိတယ်။ သစ်ပင်ကိုလာထိပြီးတော့မှ ပေါက်ကွဲတယ်။ အဲ့ချိန် ကျနော်တို့အိပ်နေပြီ ၈နာရီထိုးပြီ။ ခေါင်မိုးပေါ်ကနေကျတာ။ ဦးလေးကတစ်ယောက်ထဲ၊ ကျနော့်တူလေးကနှစ်ယောက် ဟိုးဒီဖက်အိပ်တာ ကျနော်က အရှေ့ဖက်ပြောရမှာပေါ့။ ကျနော်တို့အိမ်ထဲမှာ သုံးယောက်လုံး ဒဏ်ရာရတယ်” လို့ ဦးပေါလူက ပြောပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ထုတ်ပြန်ချက်မှာတော့ လက်နက်ကြီးကြောင့် သေဆုံးမှုကို သီးသန့် ထုတ်ပြန်တာမျိုးမဟုတ်ပေမဲ့ အရပ်သားသေဆုံးမှု ကတော့ ၂၅၅ ယောက်အထိရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လေ့ရှိတဲ့ ဒီမော့ဆိုအရှေ့ဘက်က ကျေးရွာ ဒေသခံတွေအများစုဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားကြပေမဲ့ အချို့ကတော့ ကျေးရွာအတွင်းမှာ နေထိုင်နေဆဲပါ။

ဦးသဲရယ်က” ချောင်ကျတဲ့နေရာဆို ရွေ့တတ်ရင်တော့ ရွေ့တဲ့ပုံစံမျိုးပဲပေါ့။ တစ်ခါတလေကျတော့ မရွေ့ဘူး ဒီမှာပဲနေတယ် အိမ်မှာ။ အဲ့ဒီဗုံးကျင်းပဲအားကိုးတဲ့ပုံစံမျိုးပေါ့။ ဒီရပ်မိရပ်ဖတွေလည်း စကားနားထောင်တဲ့ပုံစံမျိုးပေါ့။ တကယ်လို့အခြေအနေဆိုးလို့ရှိရင် တစ်ခါတစ်လေကျတော့ ဘယ်လိုပြောရမလဲ တစ်ည နှစ်ည ရွေ့ခိုင်းတဲ့ပုံစံမျိုးပေါ့။ ခနပြန်နေတဲ့အချိန်ကျတော့ ပြန်လာ အ့ပုံစံမျိုးပဲပေါ့။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးမယ့်နေရာကို လက်နက်ကြီးနဲ့ ကြိုတင်ပစ်ခတ်တာ၊ တော်လှန်ရေး တပ်ဖွဲ့တွေရှိနိုင်တဲ့ နေရာတွေကို ပစ်ခတ်တာအပါအဝင် အရပ်သားတွေရှိတဲ့ နေရာတွေကိုပါ ပစ်မှတ်ထား ပစ်ခတ်လာတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဘာကြောင့်လက်နက်ကြီးနဲ့ပစ်တာလဲ ဆိုတာ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောကြားထားပါတယ်။

ဆရာဗညားက “ ကျနော်တို့တပ်စခန်းကိုလာမပစ်နဲ့ ကျနော်တို့သွားမယ် လာမပစ်နဲ့။ ပစ်ရင် မင်းတို့ရွာကို ငါတို့ပစ်မယ်။ ပစ်ရင် မင်းတို့ရွာကို ငါတို့မီးရှို့မယ်။ ဆိုတဲ့အကြောက်တရားကို လူထုတွေ ကြားမှာထည့်လိုက်တာပဲ။ ဒီအကြောက်တရားတရားက လူထုတွေတကယ်ပဲခံစားတယ်။ အခု မင်းတို့နီးလို့ မင်းတို့ကျောင်းလာဖွင့်လို့ မင်းတို့ဆေးခန်းဖွင့်လို့ ငါတို့ ဗုံးကြဲခံရတယ်ဆိုတာ လူထုဦးနှောက်ထဲ ဝင်သွားတာ။ ဒါက သူတို့ရဲ့ စစ်ဗျူဟာတစ်ခုဖြစ်တယ် အကြောက်တရားနဲ့လူထုကိုချတဲ့ ဗျူဟာဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ဒီဟာကို သူတို့ဆက်လုပ်ချင်းဖြစ်တယ်။ ဒီလုပ်ရပ်အားလုံးဟာ ကျနော်တို့ခေါ်တာက စစ်ရာဇဝတ်မှုမြောက်တဲ့အပြင် လူသားမျိုးနွယ်စုမှာကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတစ်ခုဖြစ်တယ်ဆိုတာကတော့ ထောက်ပြလို့ရတယ်။” လို့ ဆက်ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးပစ်ခတ်မှုရန်ကနေ ပြည်သူတွေအနေနဲ့ ထိခိုက်မှုနည်းပါးအောင် လုံခြုံတဲ့အဆောက်အဦးတွေ ဗုံးခိုကျင်းတွေကို အကာအကွယ်ယူနိုင်သလို လက်နက်ကြီးမကျရောက်နိုင်တဲ့ ဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ထားပါတယ်။

spot_img
spot_img