spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ကရင်နီလူထုတွေ စိုးရိမ်မှုများနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ခုခံတော်လှန်မှုအားကောင်းနေတဲ့ ကရင်နီဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတစ်ခုတည်း မဟုတ်ပဲ တိုက်ပွဲမဖြစ်ပွားတဲ့နေရာဒေသတွေ အထိ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို လူထုတွေ ပိုမို ခံစားလာနေကြရပါတယ်။ လူထုတွေအတွက် လုံခြုံတဲ့နေရာဆိုတာ မရှိတော့ပဲ အမြဲတမ်း စိုးရိမ်ထိတ်လန့်နေတယ်လို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ ကျမတို့မှာ လေယာဉ်သံကြောင့် လေကြောင်းပစ်ခတ်မှုတွေကြောင့် ပေါ့နော။ အခုထိ တစ်ခုခုဆို အမြဲတမ်းလန့်နေရတာပေါ့နော။ လေတအားတိုက်ရင်တောင်မှ လေယာဉ်လား ဘာလားဆို သေသေချာချာနားထောင်ရတယ်။ သူများတစ်ခုခုလုပ်ရင်တောင် ဒါ လက်နက်ကြီးသံလား ပေါ့ သေချာနားထောင်ရတယ်။ အဲ့လောက်ထိတောင်ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်ရောက်ရောက် မလုံခြုံတော့ဘူးလို့ ခံစားရတယ်ပေါ့။ “ လို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လေယာဉ်သံကြားပြီဆိုတာနဲ့ လူထုတွေဟာ ဗုံးခိုကျင်းထဲ ပုန်းခိုကြတာရှိပေမယ့် အမှန်တကယ် ဗုံးကြဲတိုက်ခိုက်ရင်တော့ အပြည့်အဝ အကာကွယ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးတွေအသုံးပြုနေတာကြောင့် ထိခိုက်ပျက်စီးမှုတွေက ကြီးမားတယ်လို့ လည်းဆိုပါတယ်။

“ တိုက်ပွဲထဲမှာဆိုလို့ရှိရင်လည်း တစ်ဖက်နဲ့ တစ်ဖက် အပြန်လှန် ပစ်ခတ်တာတွေ ကျနော်တို့က လက်နက်အင်အား မမျှဘူး။ ဒီလိုမျိုး တအားအင်အားကြီးတဲ့ ဟာတွေ သုံးလာတဲ့အခါကျတော့ တိုက်ပွဲတွေကလည်း တရားမျှတမှု မရှိဘူးပေါ့နော။ စစ်ရှောင်တွေနေတဲ့ နေရာမျိုးတို့ ဒါမှ မဟုတ် လည်း တခြားနေရာမျိုးတွေမှာ ဆိုလို့ရှိရင်လည်း လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ အခါမျိုးမှာ စစ်ရှောင်တွေလည်း စိတ်ဒဏ်ရာတွေ ရကုန်ကြတယ်ပေါ့။ တချို့ဆို မိဘမဲ့တွေ ဖြစ်ကုန်တယ်။ တချို့ဆို သားသမီးတွေ သေကုန်တယ်ပေါ့နော။ “ လို့ တော်လှန်ရေးအင်အားစု ရဲဘော်တစ်ဦးက လေကြောင်းတိုက်ခိုက်မှုအပေါ် ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၄)ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကို ညအချိန် (၁၀)နာရီကျော်အချိန်မှာ လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် တော်လှန်ရေးအင်အားစု ရဲဘော် (၅)ဦး ကျဆုံးခဲ့ရတယ်။

ဒီလိုလုပ်ရပ်က စစ်ကောင်စီရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ သူတို့ လုပ်ရိုးလုပ်စဉ်ပေါ့ ကျနော် ဒီလိုပဲပြောချင်ပါတယ်။ သူတို့ လုပ်နေကျ အလုပ်ပဲ စစ်ကောင်စီကတော့ သူတို့က ညှာတာမှုလည်း မရှိဘူးပေါ့နော။ ပြည်သူအပေါ်မှာလည်း သူကြဲနေတာပဲပေါ့နော။ နောက်ပြီးတော့ ဘာသာရေး အဆောက်ဦးတို့ စာသင်ကျောင်းတို့ ဆေးပေးခန်းတို့ သူကြဲနေတာပဲ။ ဒါက သူတို့ လုပ်တဲ့ အလုပ်ပဲလို့ ကျနော် ဒီလိုပဲထင်တယ်။ ကျန်တဲ့ထူးထွေ မှတ်ချက်တော့ မပေးတတ်တော့ဘူးပေါ့။ “

လတ်တလော ဒီးမော့ဆို အရှေ့ဖက်ခြမ်း က မေလ (၁၄)ကနေ (၂၃)ရက်အထိ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက် ဂျက်တိုက်လေယာဉ်နဲ့ အကြိမ် (၆၀) ထက်မနည်း ဗုံးကြဲမှု လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မေလ (၂၄)ရက်နေ့ညမှာ တိုက်ပွဲ မဖြစ်ပွားတဲ့ နေရာဖြစ်တဲ့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းတစ်နေရာ၊ မေလ(၂၃)ရက်နေ့ညမှာ တိုက်ပွဲမဖြစ်တဲ့ မိုးဗြဲစစ်ရှောင်စခန်းတစ်နေရာ၊ မေလ (၁၈)ရက်နေ့မှာ ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်တစ်နေရာ တို့ကို ဗုံးကြဲခဲ့ပါတယ်။

၂၀၂၃ခုနှစ်မှာ စစ်ကောင်စီဟာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေပြီး မတ်လကနေ မေလအထိ လေကြောင်းနဲ့ စစ်ကောင်စီ မီးရှို့မှုကြောင့် အိမ်ခြေ အလုံး(၂၀၀) ပျက်စီးမှု ရှိခဲ့တယ်လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

spot_img
spot_img

Recent posts