spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေခိုလှုံတဲ့ ကျေးရွာမှာ လက်နက်ကြီးကျပြီး အရပ်သား သုံးဦးဒဏ်ရာရ

ကန္တာရဝတီတိုင်း( မ် )

Photo – KNDF B -05

ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်တွေခိုလှုံနေတဲ့ ကျေးရွာတစ်ရွာမှာ ဒီကနေ့ ( ဇွန်လ ၁၄ ရက်နေ့ ) နေ့လည် ၂နာရီဝန်းကျင်အချိန် လက်နက်ကြီးသုံးလုံး ကျရောက်ခဲ့ပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူမှာ အသက် ၆၀ အရွယ် အဘွားတစ်ဦး၊ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ ၃နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ထိတာကတော့ သုံးယောက်ထိတယ်။ ဒါပေမယ့် အဘွားတစ်ယောက်က သူ့ခြေထောက်ထိတယ်။ ဒါပေမယ့် ကျိုးသွားလား။ ဘာဖြစ်သွားလဲ ကျနော်လည်း မသိရသေးဘူး။ ကျောက်ပတ်တီးနဲ့ ပတ်ပေးလိုက်တယ်။ ယောက်ကျားလေးတစ်ယောက်က သူ့လက်တံတောင်ဆစ်မှာ နည်းနည်းလေး ထိသွားတယ်။ ကလေးတစ်ယောက်ကတော့ သူ့ ဦးခေါင်းမျက်နှာနားမှာ နည်းနည်းထိသွားတယ်။ “ လို့ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

နေအိမ်ထဲမှာ ရှိနေကြစဉ် လက်နက်ကြီး ကျလာတာဖြစ်ပြီး ဆိုင်ကယ်တစ်စီးလည်း ပျက်စီးသွားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ လက်နက်ကြီးဟာ နေအိမ်ပေါ်တစ်လုံး၊ စပါးကျီပေါ်တစ်လုံး၊ အိမ်နဲ့ နွားခြံကြားမှာ တစ်လုံးကျရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်ခဲ့တဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ဒေသခံနဲ့ စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အင်အားမရှိတော့တဲ့အတွက် လက်နက်ကြီးကို အင်အား တစ်ရပ်အဖြစ် အသုံးပြုတာတွေ၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာတွေဟာ အပြည်ပြည်ဆိုင်ရာ ပေါ်လစီကို လိုက်နာမှု မရှိဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ပြောခွင့်ရ ခူဒယ်နီယာယ်က ပြောပါတယ်။

“ သူတို့မှာက စစ်ဆင်ရေး ပြုလုပ်တဲ့ နိုင်ငံတိုင်းမှာက စစ်ရေး ပေါ်လစီဆိုတာ ရှိတယ်။ တိုက်ခိုက်တဲ့ လူတွေ အချင်းချင်းပဲ တိုက်ခိုက်ရမှာပေါ့။ အခုက ရန်သူရယ် လူထုရယ် အဲ့လိုမျိုး သူတို့ မခွဲတော့ဘူး။ ရှိတဲ့ နေရာ ၊ တွေ့တဲ့လူ ကို သူတို့က ရန်သူလို့ သတ်မှတ်ပြီးတော့မှ လက်နက်ကြီးတွေကလည်း လျောက်ထုတာပေါ့နော။ နောက်တစ်ခုက သူတို့မှာ အင်အား မရှိတော့တဲ့အတွက် ဒီ လက်နက်ကြီးတွေကိုပဲ အင်အား တစ်ရပ်အနေနဲ့ သူ အသုံးပြုတယ်။ အနိုင်ယူတယ်။ လေယာဉ်အထိတောင် သုံးလာတယ်။ အဲ့လိုမျိုး ဖြစ်တာက ပေါ်လစီနဲ့ ပြောရင်တော့ အပြည်ပြည်ဆိုင်ရာ ပေါ်လစီကိုလည်း လိုက်နာမှုမရှိဘူး ပြောလို့ရတယ်” လို့ ခူဒယ်နီယာယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဆောင်ဒူလာကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျရောက်ခဲ့ပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့သလို အရပ်သားပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ယခုလ ဇွန်လအတွင်း ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့စာရင်းအရ ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မိုင်းနင်းမိသေဆုံးသူ တစ်ဦးရှိနေပြီး စစ်ကောင်စီတပ်မှ ပစ်သတ်ခံရသူ တစ်ဦး ရှိပါတယ်။

spot_img
spot_img