spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေများနေတဲ့ လိုဘာခို ကျေးရွာကို စစ်ကောင်စီက ဗုံးကျဲ

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်တွေလာရောက်နေထိုင်မှု များတဲ့ လိုဘာခိုကျေးရွာကို စစ်ကောင်စီက ဒီကနေ့မနက် ၁နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ကျေးရွာထဲကို ဗုံးနှစ်လုံး လာကျဲချခဲ့တာဖြစ်ပြီး လူနေအိမ်တွေကို စင်ထိတာတွေရှိပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

“ အိမ်ထိတယ်ဆိုတာက ကျမရဲ့ အဖေအိမ်ရယ် အကိုအိမ်ရယ်ပေါ့နော။ အစ တွေ လွင့်တာလေ။ အစတွေက သွပ်မိုးနဲ့ ထိတာ။ သွပ်မိုး တစ်ဝိုက် နည်းနည်းတော့ ပေါက်တာပေါ့နော။ “ လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

လိုဘာခို ကျေးရွာဟာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိပြီး စစ်ရှောင်ပြည်သူတွေ လာရောက်ခိုလှုံကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကျဲတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေရှိနေပါတယ်။

“တနေ့ကပဲ လိုဘာခိုကို ရောက်လာတဲ့ စစ်ဘေးရှောင်က ဒီမနက်လည်း ဗုံးထပ်ကျဲခံရတော့ သူတို့က ဘယ်လိုမှ စိတ်တည်ဆောက်ရာမရတော့ဘူး။ အခုက ပျာယာခတ်ပြီးတော့မှလေ။ ရူးသလိုလိုတော့ ဖြစ်နေပြီးပေါ့။ တချို့လူတွေက တအားကြောက်သွားတာလေနော။ ပြီးတော့ အခြားနေရာထပ်ရွေ့မယ်ဆိုပြီးတော့ ထပ်ရွေ့ဖို့ အလားအလာအများကြီးရှိတယ်။ အဲ့တော့ ကျနောတို့ ပြည်နယ်ရဲ့ခြေနေက ခဏက ပြောသလို လက်နက်ကြီးနဲ့လည်း ပစ်ခံရတယ်။ ဗုံးနဲ့လည်း ထုခံရတယ်။ ဒါ့အပြင် ပြည်နယ်ရဲ့ အဝင်အထွက် အပေါက်ဝအားလုံး ကိုလည်း စစ်ကောင်စီက ပိတ်ဆို့ပြီးတော့မှ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှုတွေလည်း ဖြတ်တောက်ထားတာပေါ့နော။ အဲ့ဒီဟာက ဒီအတိုင်း နိုင်ငံတကာက ထိုင်ကြည့်လို့ မရတော့ဘူးဆိုတာ ပြောချင်တယ်ပေါ့နော။ ပြီးတော့မှ ပြည်သူလူထုတွေ တစ်ရပ်လုံးကလည်း ဒီ ကရင်နီပြည်နယ်ရဲ့ လက်ရှိခြေနေကို ပိုပြီးတော့ ကရုစိုက်နားထောင်ပြီးတော့မှ တတ်နိုင်ဆုံး ဖေးမကူညီကြပါလို့ပဲ ကျနော်ကတော့ အဲ့တာပြောချင်တယ်ပေါ့နော။ “ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ဒီးမော့ဆိုမှာဆိုရင် စစ်ကောင်စီကနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီကနေပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်လာနေတာဖြစ်တယ်လို့ လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ဆက်ပြောပါတယ်။

စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ စိုးရိမ်မှုတွေ ရှိနေပြီး လုံခြုံမယ်လို့ ယူဆကြတဲ့ နေရာကို တချို့ပြည်သူတွေ ထပ်မံ ရှောင်နေကြတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီကနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၇)ရက်နံနက် ၁ နာရီအချိန်မှာလည်း ဖရူဆိုမြို့နယ်ရီခီးဘူး စစ်ရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်ပြည်သူ(၃)ဦးသေဆုံးခဲ့ရတာတွေလည်း ရှိပါတယ်။ ကရင်နီပြည်နယ်မှာဆိုရင် စစ်ရှောင်ပြည်သူ တစ်သိန်းခုနစ်သောင်း ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img