spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်ပြည်သူတွေအများစု စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ခံစားနေရ၊ ကုစားပေးမှုတွေလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲတွေကြောင့် နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ပြောရဲတာက အရင်တုန်းက လေယာဉ်ပျံအသံကြားရင် လူတွေက မကြောက်ဘူး ထွက်ကြည့်တယ်။ ဟယ်ရီကော်ပတာလာတာဖြစ်စေ လေယာဉ်လာတာဖြစ်စေ ကြားရင် ထွက်ထွက်ကြည့်တယ် ပျော်တယ် လေယာဉ်ကိုမတွေ့ဖူးဘူး တွေ့ရင်ပျော်တယ်ဆိုတဲ့ခံစားချက်။ ဒါပေမယ့် အခု အဲ့ဒီခံစားချက်က ပြောင်းပြန်ဖြစ်သွားတယ်။ လေယာဉ်လာပြီဟေ့ အသံကြားပြီဟေ့ ဆို ကြောက်တယ် ထွက်မကြည့်ရဲဘူး ပြေးတယ် ကတုတ်ကျင်းထဲဝင်ခိုကြတယ်။ အဲ့ဒါပဲ ဒါက လွယ်လွယ်လေးပဲ။ အဲ့တော့ အရင်တုန်းက မတွေ့ဖူးတဲ့ဟာကို အခုကမတွေ့ရဲတော့ဘူး ကြောက်သွားတယ်။ အသံကြားတာနဲ့ကြောက်သွားတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်ကနေ လေကြောင်းအသုံးပြုပြီး စစ်ရှောင်နေထိုင်ရာအရပ်ကို ဦးတည်တိုက်ခိုက်တာတွေ လက်နက်ကြီးမကြာခဏပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ကြုံတွေ့နေရပါတယ်။

တစ်ဖက်မှာလည်း စစ်ဘေးရှောင်ကာလ နှစ်နှစ်နီးပါးကြာမြှင့်လာပြီး တိုက်ပွဲကြောင့် မိသားစုဝင်တွေကိုဆုံးရှုံးတာ၊ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ တွေကို စွန့်ခွာထွက်ပြေးနေကြရတဲ့အပြင်
ရေရှည်စားဝတ်နေရေး၊ နေရာထိုင်ခင်း၊ သားသမီးပညာရေးစိုးရိမ်မှု၊ စစ်ရှောင်စခန်းနေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရတာ၊ လုံခြုံမှုမရှိတဲ့ အကြောက်တရားတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားရေးအစီအစဉ်တွေကို အမျိုးသမီးအဖွဲ့အစည်း၊ စစ်ဘေးရှောင်ကူညီတဲ့အသင်းအဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေကနေ လုပ်ဆောင်ပေးနေတာရှိပေမယ့် လတ်တလော လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်တဲ့ အဆင့်သာရှိသေးပြီး အစီအစဉ်တကျ ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့အစည်းမရှိသေးပါဘူး။

“ကျနော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ လူငယ်တွေ အစုအဖွဲ့အသီးသီးမှာတာဝန်ရှိတယ် တတ်နိုင်တဲ့ဖက်ကနေ သွားလည်တာ သွားစကားပြောတာ ရီမောတာ ကစားတာ စိတ်ပျော်အောင်လုပ်ပေးဖို့လိုအပ်တယ်။ ခံစားချက်ကိုအပြင်ထုတ်ပေးလို့လိုတယ် အစီအစဉ်တစ်ခုအနေနဲ့ လုပ်ပေးဖို့လိုအပ်တယ်။ ဘာသာရေး နဲ့ ဓလေ့ထုံတမ်းအရ စိတ်နှစ်သိမ့်ပေးခြင်းလည်း လုပ်နိုင်တယ် ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းဆိုင်ရာကနေ ပုံမှန် ပါဝင်ခွင့်ပေးခြင်ဟာ စိတ်ပိုင်းဆိုင်ရာကုစားခြင်းမှာ အထောက်အကူပြုစေနိုင်တယ်။” လို့ ဦးဗညားက ဆက်ပြောပါတယ်။

ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) အနေနဲ့ အုပ်ချုပ်ရေးပိုင်း သေချာဖွဲ့စည်းပြီး စိတ်ပိုင်းဆိုင်ရာကုသရေးနဲ့ ပြန်လည်ထူထောင်တဲ့အပိုင်းမှာ လုပ်ဆောင်ပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး-၂ မော်ဖရေမြာက ဆိုပါတယ်။

“KSCC Reform လုပ်ပြီးလို့ အုပ်ချုပ်ရေးအဖွဲ့ပြီးနိုင်ပြီဆိုလို့ရှိရင်တော့ သေချာစနစ်တကျမူတွေ လမ်းညွှန်ပေးထားဖို့လိုအပ်တယ်။ အဖက်ဖက်က ပြည်နယ်မှာအလုပ်လုပ်ပေးနေတဲ့ Stake Holder တွေကိုလည်း ပိုပြီးတော့မှ လုပ်ဆောင်မှုအားကောင်းအောင် ချိတ်ဆက်မှုအားကောင်းအောင် အဲ့ဒါကိုလုပ်ဖို့လိုတယ်ဆိုတဲ့ဟာပေါ့။”လို့ မော်ဖရေမြာက ပြောပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းပြီးနောက် တစ်နှစ်ကျော်အကြာမှာ ပထမအကြိမ်ညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ထပ်မံဖွဲ့စည်းမယ့် အုပ်ချုပ်ရေးကောင်စီအောက်မှာ လူထုအတွက် အကူညီထောက်ပံ့မှုကို ရရှိအောင် လုပ်ဆောင်သွားမယ်လို့ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ထပ်ဖွဲ့စည်းမယ့် အုပ်ချုပ်ရေးကောင်စီရဲ့အောက်မှာ လူသားချင်းစာနာထောက်ထားမှုကော်မတီကိုဖွဲ့စည်းမှာဖြစ်တယ်။ အဲ့ဒီအဖွဲ့အစည်းကနေပြီးမှ လူထုအတွက် အတတ်နိုင်ဆုံးပေါ့နော အကူညီအထောက်ပံ့တွေကိုရရှိနိုင်အောင် ကျနော်တို့ကြိုးစားသွားမှာဖြစ်တယ်ပေါ့နော။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီစစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို နိုင်ငံတကာက သိရှိအောင်လုပ်ဆောင်နေတာရှိပြီး KSCC အနေနဲ့ စိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားရေးအစီအစဉ်တွေမှာ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts