spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်မှာ နေထိုင်စရာ အိမ်မရှိသေးသူများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးကာနဲ့ ခေါင်မိုးတစ်ခြမ်းသာ အုပ်ထားရသေးတဲ့ ဝါးတဲအိမ်ထဲမှာ မော်တာမယ်ဟာ အိမ်အသုံးအဆောင်ပစ္စည်းတွေကို နေရာကျအောင် စီနေပါတယ်။ ဝါးအိမ်လေးဟာ တည်ဆောက်နေဆဲ အခြေအနေမှာရှိသေးပေမယ့် မော်တာမယ်ကတော့ လာရောက်နေထိုင်ဖို့ စီစဉ်နေတာပါ။

သူဟာ ကရင်နီပြည်တွင်း ဒီးမော့ဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ နေထိုင်ခဲ့သူ ဖြစ်ပြီး သူ့တို့ရွာတွင်းမှာ တိုက်ပွဲကြီး ဖြစ်ပွားတဲ့တာကြောင့် စစ်ရှောင်ခဲ့ရပါတယ်။

သူမနေထိုင်တဲ့ ကျေးရွာကနေ အရှေ့ဘက်ကို ဦးတည်ပြီး ၅ ရက်ကြာအောင် တောတောင်တွေကို ဖြတ်ကျော်ပြီး တခြားသော စစ်ရှောင်တွေနဲ့ အတူ ခြေကျင်ခရီးထွက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်ခုကို ရောက်ရှိ နေပါပြီ။

ဒါပေမဲ့ လည်း ခရီးလမ်းဝေးတဲ့အတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို အကုန်မသယ်နိုင်ပဲ လမ်းမှာ စားဖို့အတွက်ပဲ သယ်နိုင်တယ်လို့ သူကပြောပါတယ်။

“ ဒီပြေးတဲ့အချိန်ပြောရရင် အရေးကြီးတာဆိုလို့ မှတ်ပုံတင်ပါပဲ။ ကျမတို့လည်း အစကတည်းက အဆင်မပြေပါဘူး။ အဲ့ချိန်က ကျမကလေးတွေ ကိုပဲ ကျမဂရုစိုက်တယ်။ လူပဲအဓိက ဂရုစိုက်တယ်။ ပြေးတဲ့အချိန်က ဆန်နည်းနည်းပါးပါးပဲ စောင်နှစ်ထည် ဆား အဲ့တာပဲ ယူပြေးတယ်။ ကျန်တာတော့ ဘာမှမရှိပါဘူး။ လူပဲ ဂရုစိုက်တယ်။” လို့ သူမကပြောပါတယ်။

အသက် ၃၀ ကျော်ရှိပြီဖြစ်တဲ့ မော်တာမယ်ဟာ ခင်ပွန်းအပါအဝင် ကလေးသုံးယောက် နဲ့အတူ အဲဒီစစ်ရှောင်စခန်းကို ပြီးခဲ့တဲ့ မတ်လကတည်းက ရောက်ရှိလာတာဖြစ်ပါတယ်။ မော်တာမယ်တို့ နေထိုင်တဲ့ ကျေးရွာဘက်မှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စပြီး လက်ရှိ ဧပြီလထဲထိ တိုက်ပွဲတွေ နေ့စဉ် အပြင်းအထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။

အရပ်သားသုံးသောင်းဝန်းကျင်က စစ်ဘေးရှောင်ခဲ့ရပြီး အဲဒီထဲက တစ်ထောင်ကျော်ဟာ မော်တာမယ်လိုပဲ လက်ရှိ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှာ နေထိုင်ဖို့ အသစ်ထပ်ရောက်လာတဲ့ စစ်ရှောင်။

အဲဒီစစ်ရှောင်စခန်းမှာ နေထိုင်ဖို့ အိမ်တွေကို ဆောက်လုပ်နေပေမယ့် လိုအပ်တဲ့ ပစ္စည်းတွေကို အကုန်ငှားရမ်း အသုံးပြုနေရတယ်လို့ မော်တော်မယ်က ပြောပါတယ်။

“ မိုးကာတော့ စစပြေးတဲ့ချိန်ကပါလာတဲ့ဟာ။ ကိုယ်ပိုင်ဟာက အဲ့တစ်ခုပဲ။ မရှိတာကစောင်တွေ၊ ခေါင်းအုပ်တွေ ၊မိုးကာတွေ ပန်းကန်တွေ ဇွန်းတွေ။ပြီးတော့ ပေါက်ပြားတို့ပေါ့။ အခုလောဆယ်ဘာမှမရှိဘူး။ ကိုယ်တိုင်ဝယ်တာ ဘာတစ်ခုမှမရှိသေးဘူး။ အကုန်သူများဆီကပဲငှားရသေးတယ်။ ဒီဓါးတွေလည်းငှားတယ်။ အခက်ခဲပေါင်းစုံနဲ့ပြေးရတော့ ပိုက်ဆံလည်းတစ်ပြားမှမရှိတော့ ဘာမှမဝယ်နိုင်ဘူး။ ” လို့ မော်တာမယ်က ပြောပါတယ်။

မော်တာမယ်လိုပဲ နေအိမ်မဆောက်လုပ်နိုင်သေးတာကြောင့် စာသင်ကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးတွေရဲ့အိမ်မှာ ပြည့်ကြပ်နေအောင် တည်းခိုနေရသူတွေလည်း အများအပြားရှိနေပါသေးတယ်။

တစ်ဖက်မှာလည်း စစ်ရှောင်စခန်း ရဲ့ အုပ်ချုပ်ရေးကော်မတီတွေဘက်ကလည်း အသစ်ရောက်ရှိလာသူတွေကို လိုအပ်တဲ့ အိမ်သုံးဆောင်ပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ စောခါးထယ်က ပြောပါတယ်။

“ မိုးကာတွေ၊ အိမ်သုံးပစ္စည်းတွေ အဲဒါတွေကတော့ တစ်ခုမှ အခုလက်ရှိ ရောက်နေတဲ့ စစ်ရှောင်တွေအတွက်တော့ မရှိသေးဘူး။ …. အိုးခွက်ပန်ကန်တွေလည်း မရှိသေးဘူး။ non-food items တွေပေါ့နော။ အဲဒါတွေအတွက်တော့ ဘာတစ်ခုမှ မရှိသေးဘူး။ ” လို့ သူက ပြောပါတယ်။

အိမ်ဆောက်ဖို့အတွက်လည်း သစ်၊ ဝါးတွေကို ဝေးလံတဲ့နေရာမှာ သွားရောက်ခုတ်ယူရတဲ့အတွက် ပိုခက်ခဲတယ်လို့ အိမ်ဆောက်လုပ်နေဆဲ စစ်ရှောင်တစ်ဦးဖြစ်တဲ့ စောအယ်ထူးက ပြောပါတယ်။

“ဝါးတွေလည်းခုတ်ရမယ်။ ရှာရတာလည်း အရမ်းခက်တယ်။ သံမှိုတွေလည်း ကိုယ့်ကို ဝယ်ရတယ်။ မိုးကာတွေလည်း အခုလောလောဆယ်မရှိသေးဘူး။ အဲဒီလိုမျိုးပေါ့နော။ ဒီလိုပဲ အိမ်အရင်ဆုံးထောင်တာပေါ့နော။” လို့ စောအယ်ထူးက ပြောပါတယ်။

အခက်အခဲ စိန်ခေါ်မှုက အဲဒါတွေချည်းသာ မဟုတ်သေးပါဘူး။ စားနပ်ရိက္ခာနဲ့ သောက်ရေ၊သုံးရေ ရှားပါးတဲ့ ပြဿနာတွေကိုလည်း ခါးစည်းခံနေရပါသေးတယ်။

လက်ရှိမှာလည်း နယ်စပ်မှာရှိနေတဲ့ အတွက် ထိုင်းအာဏာပိုင်တွေဘက်က လုံခြုံရေးကို အကြောင်းပြပြီး စစ်ရှောင်တွေအတွက် လိုအပ်တဲ့ ရိက္ခာတွေနဲ့ ပစ္စည်းတွေကို အဓိက သယ်ယူနေရတဲ့ ကားလမ်းကို ပိတ်ထားတာ တစ်လကျော်ရှိသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ရှိနှင့်ပြီးသား ရိက္ခာတွေထဲက တချို့ကို အသစ်ရောက်လာသူတွေကို ဝေငှထားရပါတယ်။

စစ်ရှောင်တွေအတွက် ရိက္ခာရရှိအောင် နိုင်ငံတကာတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတာရှိတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ( ၂ ) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ ပြည်တွင်းအတွက်ကော ပြည်ပအတွက်ကော နယ်စပ်မှာရှိတဲ့ ဒုက္ခသည်အတွက်ကော ပေါ့နော။ ကျနော်တို့ အတတ်နိုင်ဆုံး နိုင်ငံတကာသံရုံးတွေ အဖွဲ့စည်းတွေ အလှူရှင်တွေနဲ့ ကျနော်တို့ ချိတ်ဆက် ပြီးမှ ဆောင်ရွက်တာတွေ ရှိတယ်။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကရင်နီပြည်တွင်း တိုက်ပွဲ စတင်ဖြစ်ပွားချိန်မှာ နယ်စပ် စစ်ရှောင်စခန်းအဖြစ် လာရောက်နေထိုင်ကြရင်း လက်ရှိမှာတော့ လူဦးရေ လေးထောင်ဝန်းကျင်ရှိသွားပြီဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့သူတွေဟာ ရပ်ကွက်အနေနဲ့ နေထိုင်စေပြီး လက်ရှိမှာ ရပ်ကွက် ၅ အထိ ရှိနေပြီဖြစ်ပါတယ်။ တိုးလာတဲ့ စစ်ရှောင်အပေါ်မူတည်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ဝါးတဲအိမ်ကို ဖက်မိုးကျဲကျဲ နဲ့ အုပ်ထားတာကတော့ ဦးငါးရယ်ရဲ့ အိမ်ဖြစ်ပါတယ်။ ဒီအိမ်ရအောင် အသိတစ်ယောက်ဆီက ဓါးကို ငှားပြီး ၂ ပတ်ကြာအောင်ဆောက်လုပ်ထားခဲ့ရတာပါ။

“အရွက်တွေတော့ တချို့ရောင်းတာရှိတယ်ပြောတယ်။ ကျနော်တို့ ပိုက်ဆံတောင်မရှိဘူး။ ဒါပေမယ့် ကျနော်တို့ ပိုက်ဆံနည်းနည်းစုရှာပြီးတော့ ဝယ်လိုက်တယ်။ ကျနော်တို့ဝယ်တာ အချပ် ၁၀၀ ကို ၃၅၀ ( ထိုင်းဘတ်ငွေ ) ပြောတယ်။ အဲဒီတော့ ကျနော်တို့ ၃၅၀ နဲ့ဝယ်ရတယ်။ အဲဒါနဲ့ပဲ ကျနော်တို့ အိမ်ခေါင်မိုးကို အုံ့ရတယ်။ ကျနော်တို့ အထူကြီးအုပ်မယ်ဆိုရင်လည်း အိမ်တစ်အိမ်လုံးကို မလောက်ဘူး။ အဲဒါကြောင့် ကျနော်တို့ ကျဲကျဲလေးပဲ ခေါင်မိုးကို လုပ်ရတယ်။ ကျနော်တို့ အထဲမှာ ခိုနားလို့ရရင်တော်ပြီလို့ပဲ တွေးပြီး အဲဒီလိုကျဲကျဲလေးပဲ ခင်းလိုက်တယ်။ ” လို့ ဦးငါးရယ်က ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှာ နေထိုင်ဖို့ အိမ်ဆောက်ထားပေမယ့် ခေါင်မိုးအတွက် မိုးကာမလုံလောက်ကြ။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်တွင်းမှာ စစ်ရှောင်တွေဟာ တိုက်ပွဲတွေ ဖြစ်ပွားမှုပိုနည်းပါးတဲ့ နယ်စပ်တွေကို စစ်ရှောင်လာကြပေမယ့် လူသားချင်းစာနာမှု အကူအညီရရှိမှု နည်းပါးနေသလို စစ်ရှောင်စခန်းကော်မတီတွေအနေနဲ့လည်း အရေးပေါ်ရိက္ခာတွေကိုသာ အဓိကထား ထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်။

အဲဒီမှာနေထိုင်တဲ့ စစ်ရှောင်တွေဟာ ဝင်ငွေလည်းမရှိသလို နေထိုင်ဖို့ အိမ်တွေကို ဆောက်လုပ်ဖို့နဲ့ အိမ်အသုံးအဆောင် အိုးခွက်ပန်းကန်တွေကို သုံးစွဲဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts