ခွန်းကလိုင်းဖရီး/ကန္တာရဝတီတိုင်း(မ်)
ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတစ်ရွာရဲ့ ကက်သလစ်ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ အခြားစစ်ရှောင်တွေရဲ့ တဲ အိမ်တွေနဲ့အတူ စစ္စတာအာစွန်းတာတို့ တဲအိမ်ဟာလည်း အဆင်ပြေသလို ဆောက်လုပ်ထားပါတယ်။
အဲဒီတဲအိမ်ကို လွန်ခဲ့တဲ့ နှစ်လလောက်မှာ ကျောင်းသားမိဘတွေက သူတို့သား၊သမီးတွေ အဆောင်နေပြီး ကျောင်းတက်နိုင်ဖို့အတွက် ဆောက်ပေးခဲ့တာပါ။
အလှူရှင်တွေက ကူညီတဲ့ မိုးကာတွေနဲ့ စစ္စတာတို့ ရှာဖွေရရှိလာတဲ့ သစ်၊ဝါးတွေ ပေါင်းစပ်ပြီး ဆောက်လုပ်ထား တဲ့ အဲဒီတဲအိမ်မှာ စစ္စတယ်အာစွန်းတာနဲ့ ကျောင်းသူ၊သား (၆) ဦးတို့ နေထိုင်ကြပါတယ်။
“မိဘမတတ်နိုင်တဲ့ လူပေါ့။ ဆင်းရဲတဲ့ လူပေါ့။ ဆင်းရဲတဲ့လူက စစ္စတာခေါ်ထားတယ်။ ပြီးတော့မှ ပညာပေးချင်တာပေါ့နော်။ အကျင့်စာရိတ္တလည်း ကောင်းမွန်စေချင်တယ်။ နောက်ပြီးတော့မှ ဘုရားတရားလည်း သိအောင်၊ ပိုပြီးတော့မှ ဘုရားနဲ့ပိုရင်းနှီးအောင်၊ ဘုရားကျောင်းတက်နိုင်အောင် စစ္စတာက ရည်ရွယ်ချက်ထား ပြီးတော့မှ သူတို့ကို ခေါ်ထားခြင်းဖြစ်တယ်။”လို့ စစ္စတာအာစွန်းတာက ဆိုပါတယ်။
တောင်ပေါ်ဒေသက မိဘတွေဆင်းရဲပြီး ကျောင်းတက်ဖို့အခက်အခဲဖြစ်တဲ့ အဲ့ဒီကက်သလစ်ဘာသာဝင် ကလေးတွေကို ခေါ်ယူပြီး ပညာသင်ကြားနိုင်ဖို့ စစ္စတာက ကြည့်ရှုကူညီထားပါတယ်။
စစ္စတာအတွက် အလှူရှင်တွေဆီကရတဲ့ စစ်ဘေးရှောင်စားနှပ်ရိက္ခာဝေစုကို သူ့ကျောင်းသူ၊သားတွေ စားသောက်နိုင်ဖို့အတွက် ပြန်ပြီးစီမံပေးပါတယ်။
“သူတို့ ကျောင်းပြန်လာပြီဆိုလို့ရှိရင် ထမင်းဟင်းကျက်ပြီဆိုရင် ထမင်းဟင်းကျွေး လိုက်တယ်။ ထမင်းဟင်း မကျက်သေးဘူးဆိုရင် ရေမိုးသွားချိုးခိုင်းလိုက်တယ်။ ရေမိုးချိုးခိုင်းပြီးမှ ထမင်းစားခိုင်းတယ်။ စားပြီးပြီဆိုလို့ရှိရင် စာကျက်ခိုင်းတယ်။ စာကျက်ခိုင်းပြီးတော့မှ ဘုရားကျောင်းတက်ခိုင်းတယ်။” လို့ စစ္စတာအာစွန်းတာက ဆိုပါတယ်။
မနက်စာကိုတော့ ကျောင်းသူ၊သားတွေ ကိုယ်တိုင်ချက်ပြုတ်ပေမယ့် နေ့လည်စာနဲ့ ညနေစာအတွက်ကိုတော့ စစ္စတာကိုယ်တိုင်ပဲ ချက်ပြုတ်ပေးပါတယ်။
စစ္စတာအာစွန်းတာဟာ ငယ်စဉ်ဘဝမှာ တောင်ယာ၊လယ်ယာလုပ်ကိုင်တဲ့ မိဘတွေက ပညာရေးကို အားမပေးတာကြောင့် ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်က ရွာငယ်လေးကို စွန့်ခွါပြီး ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ္စတာကျောင်းတစ်ခုမှာ ပညာသင်နိုင်ဖို့ သွားခဲ့ရတယ်လို့ ဆိုပါတယ်။
စစ္စတာ့လိုပဲ ဆင်းရဲချို့တည့်တဲ့ ကလေးတွေကို ပညာသင်ကြားမယ့် အခွင့်အရေးမဆုံးရှုံးပဲ ပညာအမွေကို ရစေချင်သူဖြစ်ပါတယ်။
“သူတို့အမေအဖေက စာလုံးဝမတတ်ဘူး။ ကျောင်းလည်း မတက်ရဘူး။ စာလုံးဝမသိဘူး၊ လုံးဝမတတ်ဘူး။ ကျောင်းလည်း မနေဖူးဘူး။ ဘယ်လိုလဲ လူမှုရေးလည်း နားမလည်ဘူး၊ မသိဘူး၊ ညံ့ဖျင်းတယ်။ အစားအသောက်လည်း၊ စားဝတ်နေရေးလည်း မရှိဘူး။ သူများနားပဲ ချေး(ငှား)စားတဲ့မျိုးလည်းရှိတယ်။ နောက်အကြွေးလည်း မဆပ်နိုင်ဘူး အဲ့လိုမျိုးလည်းရှိတယ်။ စစ္စတာ ဒီလိုမျိုးမဖြစ်ခိုင်းစေချင်ဘူးကလေးတွေကို အနည်းဆုံးအမွေခံမရှိဘူး၊ ပညာအမွေခံရရှိပါစေ။ အဲ့စိတ်ဓါတ်ထားတယ်။” လို့ သူကျောင်းသူ၊ ကျောင်သား အပေါ်သူ့ရဲ့ ဆန္ဒတွေကိုပြောပြပါတယ်။
စစ္စတာခေါ်ထားတဲ့ကလေးတွေဟာ အလယ်တန်းနဲ့ အထက်တန်းအရွယ် ကျောင်းသား၊ သူတွေဖြစ်ပါတယ်။
စစ္စတာ့အဆောင်မှာ နေထိုင်တဲ့ ရှစ်တန်းကျောင်းသူ မူဗစ်တိုးရီးယား ဟာ သူ့မှာ မောင်နှစ်မ ၁၀ ယောက်ရှိပြီး သူအပါအဝင် သူ့ညီနှစ်ယောက်ပဲ ပညာဆက်လက်သင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
“ကျောင်းတက်နေတာက ညီမနှစ်ယောက်နဲ့ ကျမတစ်ယောက်ဆိုတော့ သုံးယောက်ပေါ့။ ကျန်တဲ့လူတွေက အိမ်မှာပဲ။ တောင်ယာတွေ၊ လယ်ယာတွေပဲလုပ်တယ်။ အမေဆန်တစ်အိတ်ဝယ်ဖို့ဆို ပိုက်ဆံ မလုံလောက်ဘူးပေါ့။ အခက်အခဲတွေရှိတယ်။ ပြီးမှ ကလေးတွေ ကျောင်းတက်ဖို့တို့ အတတ်နိုင်ဆုံးပဲ ပေးတာပေါ့။ မတတ်နိုင်လို့ အမေက ဒီမှာလာပို့တယ်။ ပိုက်ဆံ၊ ကျောင်းလခလည်း မပေးနိုင်လို့”လို့ ဆိုပါတယ်။
စစ္စတာအာစွန်းတာဟာ အရင်တုန်းကတော့ ဘာသာရေးလုပ်ငန်းတွေအပါအဝင် ကလေးစာသင်တာ၊ စေတမာန်လုပ်တာ၊ ကျန်းမာရေးလုပ်သားလုပ်တာ၊ စာရေးမ လုပ်တာနဲ့ ဂိုဒေါင်မှူးအလုပ်တွေလည်း လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်၂၀၁၃ ခုနှစ်မှာ မာသာထရေးဇာအတ္ထုပတ္တိကို ဖတ်ရှုရပြီး လေးစားအားကျတာကြောင့် ၂၀၁၅ ခုနှစ်မှာ မရှိဆင်းရဲသား ဘုရင်မ မာသာထရေးဇာလုပ်ငန်းကို ယုံကြည်ချက်နဲ့ တစ်ပါးတည်း လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
ခုလည်း ပညာရေးနဲ့ပတ်သက်လို့ သူ့ယုံကြည်ချက်အတိုင်း တတ်စွမ်းသလောက် လုပ်ဆောင်နေပေမယ့် အဆင်မပြေမှုတွေ ရှိနေပါသေးတယ်။
“မီးတွေဆိုတော့ သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့နော်။ ပြီးရင်စာကျက်ဖို့နေရာဆိုရင်လည်း သိပ်ပြီးတော့ အဆင်မပြေဘူး။ ဘာလို့ဆို စာကျက်တဲ့အခန်းကလည်း သီးသန့်မရှိခါကျတော့ အိပ်ယာခန်းမှာပဲ ကျက်ခါကျတော့ နည်းနည်း ပိုပြီးတော့ အဆင်မပြေဘူးဖြစ်နေတယ်။ မီးအိမ်တစ်လုံးတော့ ရှိပါတယ်။ ဒါပေမယ့်တော့ မလုံလောက်ဘူးဖြစ်နေတယ်။လို့” ရှစ်တန်းကျောင်းသူ မူအဂ္ဂနက်က ဆိုပါတယ်။
အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆိုလာတွေရှိပေမယ့် ဆိုလာအားမပြည့်တဲ့အခါ တချို့ညတွေမှာဆိုရင် ဖယောင်း တိုင် ထွန်းပြီး စာကျက်ကြရပါတယ်။
ဒါ့အပြင် ညအိပ်တဲ့အခါမှာလည်း ခြင်ထောင်မလုံလောက်တာကြောင့် ဖြုတ်တွေ၊ ခြင်တွေ ကိုက်လို့ ခန္ဓာကိုယ်ပေါ်မှာ အနာတွေ ဖြစ်ရပါတယ်။
” ယောကျ်ား လေးအတွက် တစ်ထည်၊ မိန်းကလေးအတွက်တစ်ထည်၊ နောက်စစ္စတာနဲ့ မိန်းကလေးဖက်အတွက်က တစ်ထည်၊ အနည်းဆုံးမျက်နှာဖုံးထားရအောင်ပေါ့နော်။ ခြင်ထောင်ကလည်း ကြီးကြီးမဟုတ်ဘူးကော။ နည်းနည်းသေးတဲ့ခါကျတော့ ခြေထောက်ပေါ်ရတာပေါ့နော်။ မျက်နှာပဲ အထိက ဖုံးထားတာပေါ့နော်။” လို့ စစ္စတာအာစွန်းတာက ဆိုပါတယ်။
အခုလို အခက်အခဲတွေ ရှိနေပေမယ့်လည်း စစ္စတာအာစွန်းတာကတော့ ကလေးတွေကို ပညာတတ် စေချင်တဲ့အတွက် ဘုရားသခင်က စီမံပေးလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် အတိုင်း ဆက်ပြီးလျှောက်လှမ်းနေပါတယ်။