spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာရှင်အမြစ်ဖြုတ်ဖို့ တော်လှန်နေတဲ့ ရဲဘော်

ကန္တာရဝတီတိုင်း(မ်)

အကောင်အထည်ဖေါ်လိုတဲ့ အိမ်မက်တွေကိုရပ်ထားပြီး ပြည်မကနေ ကရင်နီပြည်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် လာရောက်သူ

ကရင်နီဒေသမှာ ၂၀၂၁ခုနှစ် ၊ မေလ (၂၁)ရက်နေ့ ဒီးမော့ဆိုမြို့မှာ စတင်ပေါ်ထွက်လာခဲ့တဲ့ သေနတ်ပစ်ခတ်သံတွေဟာ ယနေ့ထက်ထိ ဆိုရင် တစ်နှစ်ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ သေနတ်သံ၊ ဗုံးသံတွေက ဆက်လက်ရှိနေဆဲပါပဲ။

လူငယ်တွေဟာဆိုရင် စစ်အာဏာရှင်ကို အမြစ်ဖြုတ်ဖို့ ဆိုတဲ့ ရည်မှန်းချက်ကို ရှေ့တန်းတင်ကာ လက်နက်ကိုင်တော်လှန်နေကြပြီး ကရင်နီပြည်မှာဆိုလည်း တစ်နေ့ပြီးတစ်နေ့ တိုက်ပွဲတွေ ပြင်းထန်လာနေတာကိုတွေ့မြင်ရပါတယ်။

လက်နက်ကိုင်တော်လှန်တဲ့ တစ်နှစ်တာ အတောအတွင်းမှာ လူငယ်တွေ အများအပြား ကျည်ဆံတွေကြား အသက်ပေါင်း မနည်း စတေးခံခဲ့ရပြီးသလို စတေးခံနေကြဆဲလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတာကို မကြိုက်လို့ လက်နက်ကိုင်တော်လှန်ကြတဲ့အထဲမှာ လူငယ်တွေလည်း အများစု ပါဝင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ ရဲဘော်တွေအများစုက မိသားစုတွေ ၊ အိုးအိမ်တွေ ၊ ချစ်ခင်ရတဲ့သူတွေ နဲ့ အဝေးမှာ ခွဲခွာနေရပြီး လက်နက်ကိုင်တော်လှန်နေကြတဲ့ သူတွေဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ရဲဘော်ဇော်ထက်ဆိုသူဟာ သူအကောင်အထည်ဖေါ်လိုတဲ့ အိမ်မက်တွေကိုရပ်ထားပြီး ပြည်မကနေ ကရင်နီပြည်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် လာရောက်သူ တစ်ဦးဖြစ်ပါတယ်။

“တကူးတကဖိတ်ခေါ်တာမရှိဘူး အဲအချိန်တုန်းက ကျတော်တို့က မြို့ပြမှာနေလို့ မရတော့ဘူး ကျတော်တို့က တကယ် တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကျတော်တို့ သွားချင်တယ်ဆိုတော့ ကျန်တော်တို့ စုံစမ်းကြည့်တဲ့အချိန်မှာ ကရင်နီက တိုက်ပွဲ အရမ်းပြင်းထန်နေတယ်ဆို့နော့ ကျတော်တို့က ဒီဖက်ကို လာချင်တဲ့စိတ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လာခဲ့တာပေါ့။” လို့ ကရင်နီပြည်မှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။

တော်လှန်ရေး ရဲဘော်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ဇော်ထက်ဟာ လက်ရှိမှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-B/06 ဒု-တပ်ရင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-B/06 ဒု-တပ်ရင်မှူး ဇော်ထက်

“ တိုက်ပွဲမှာ ရဲဘော်တွေကို အနီးကပ်ညွှန်ကြားပေးတာမျိုးပေါ့နော်။ စစ်ကြောင်းဦး ဆောင်ပေးတာမျိုးပေါ့။ကိုယ့်တပ်ရင်းကို ဦးဆောင်ရတာမျိုးပေါ့။ ဘာလဲဆိုတော့ တိုက်ပွဲမှာတပ်ရင်းပေါင်းစုံကလာကြတယ်။အဖွဲ့ပေါင်းစုံပူးပေါင်းပြီး လုပ်ကြတယ် အဲတော့ ကျတော်တို့က စစ်ကြောင်းကိုဦးဆောင်ပေးသူသော်လည်းကောင်း ဒါမှမဟုတ် ကိုယ့်တပ်ရင်းမှာရှိတဲ့ ကိုယ့်တပ်ရင်းရဲ့အဖွဲ့ကို ဦးစီးပေးတဲ့သူလိုမျိုး ပေါ့ အဲဒီတာဝန်ယူထားပါတယ်။”

သူဟာ စစ်အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုတွေမှာလည်း ပါဝင်ခဲ့သလို ၂၀၂၁ခုနှစ်၊ မတ်လ ပိုင်းလောက်မှာ ကရင်ပြည်နယ်မှာ စစ်သင်တန်းတက်ရောက်ခဲ့ပြီး ဇူလိုင်လမှာ ကရင်နီပြည်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDF ထဲ ဝင်ရောက်ခဲ့တဲ့ သူဖြစ်ပါတယ်။

တိုက်ပွဲဝင်တာဟာ ရေပက်တမ်း ကစားတာ မဟုတ်တဲ့အတွက် ရဲဘော်တစ်ယောက်အနေနဲ့ သေခြင်း ရှင်ခြင်းကို မပိုင်ဘူး လို့ သူက ဆိုပါတယ်။

“ တိုက်ပွဲသွားတာတော့ အိမ်ကိုမရောက်နိုင်တဲ့ခရီးလို့လည်းမတွေးဘူးပေါ့နော်။‌ ကိုယ်အကောင်းဆုံးသွားတယ် အကောင်းဆုံးပြင်ဆင်တယ်။ အကောင်းဆုံး လုပ်တယ်။ ဟို မတော်တဆဆိုတာတော့ရှိမှာပဲ ကျနော်တို့က ရေပက်တမ်း ကစားနေတာမဟုတ်ဘူး။ တိုက်ပွဲသွားတာဆိုတော့ လက်နက်ခဲယမ်းကြားမှာ အလုပ်လုပ်ကြတယ်ဆိုတော့ အိမ်ပြန်မရောက်နိုင်တော့ဘူး အဲ့လိုမျိုး အတွေးမျိုး တခါမှ မဝင်ဖူးဘူး။ ကျနော်တို့ လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပြီး အကောင်း ဆုံးပြန်လာကြတယ်။အဲလိုပဲတွေးထားတယ်။ “

တိုက်ပွဲတွေအတွင်းမှာ မျက်စိရှေ့မှာတင် ကိုယ့်ရဲဘော်တွေ ကိုယ်လက် အင်္ဂါ ဆုံးရှုံးခဲ့ရတာတွေ၊ ကျဆုံးခဲ့ရတာတွေ ၊ တိုက်ပွဲအတွင်းပျောက်ဆုံးပြီး ပြန်မလာတော့တဲ့ ရဲဘော်တွေ စတဲ့ အဖြစ်အပျက်တွေကိုလည်း ကြုံတွေ့ခဲ့ရတယ်လို့ သူကပြောပြပါတယ်။

လက်ရှိတော်လှန်ရေးမှာ ဆိုရင် လက်နက်ခဲယမ်းအခက်အခဲတွေ အဓိက ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။

“ လက်နက်ခဲယမ်းပြတ်တောက်သွား တာမျိုးတွေ ရှိတတ်တယ်။ တိုက်ပွဲမှာဆိုရင်တိုက်ပွဲအရမ်းပြင်းထန်လာတာနဲ့အမျှ လက်နက်ခဲယမ်းလိုအပ်သွားတာတွေ နောက်ပြီးလက်နက်ကြီးလိုအပ်ချက်တွေ ရှိတာတွေ အဲဒါတွေက အခက်အခဲဆုံး ဖြစ်မယ်ထင်တယ်။တခါတလေမှာ တင့်ကားတွေမြင်ရဲ့သားနဲ့ ကျနော်တို့ မပစ်လိုက်ရတာမျိုးတွေရှိတယ်။ လက်နက် ကြီးမရှိလို့ အဲလိုမျိုးတွေရှိတယ်။ တခါတလေကျရင် ရန်သူ့စခန်းသိမ်းနိုင်ခါနီးမှာ လက်နက်ခဲယမ်းပြတ်တောင်သွားလို့ ကျတော်တို့ပြန်ဆုတ်လာရတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့။ အဲဒါတွေက ကျနော်တို့အတွက် အခက်ခဲဆုံးဖြစ်မယ်ထင်တယ်။ “

ရဲဘော် ဇော်ထက်ဟာ တော်လှန်ရေးပြီးမှ အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားသူဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွေမှာလည်း တတ်စွမ်းသမျှ ပါဝင်သွားမယ်လို့ သူကဆိုပါတယ်။ လက်ရှိတော်လှန်ရေးမှာလည်း အားမလျော့သွားဘဲ ပြည်သူလူထုအားလုံး အရှိန်ကောင်းကောင်းနဲ့ အဆုံးထိ ပါဝင်ကြဖို့ လိုတယ်လို့ သူကတိုက်တွန်းထားပါတယ်။

လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေဟာဆိုရင် နောင်တစ်ချိန် လူထုတွေ သေချာတဲ့ အနာဂတ်မျှော်လင့်ချက်တွေရရှိနိုင်ဖို့ သူတို့ရဲ့ မသေချာတဲ့ အနာဂတ်ကို ပေးဆပ်နေကြရတာဖြစ်ပါတယ်။ မနက်ဖန်ဘာဖြစ်မယ်ဆိုတာ မသိနိုင်တဲ့ နေ့ရက်တွေကို မကြောက်မရွံဘဲ ရှေ့ဆက် တိုက်ပွဲဝင်နေကြတဲ့သူ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF-B/06 ဒု-တပ်ရင်မှူး ဇော်ထက်

ရုပ်/သံဖြင့် ကြည့်ရန်

spot_img
spot_img