spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်အာဏာသိမ်းပြီးနောက် KyWO မှ ကူညီဖြေရှင်းပေးတဲ့ မုဒိမ်းမှု ၇မှုအနက် သက်ငယ်မုဒိမ်းမှု ၅မှုပါဝင်

ကန္တာရဝတီတိုင်း( မ် )

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ကယန်းအမျိုးသမီးအစည်းအရုံး ( KyWO ) ကနေ ကူညီဖြေရှင်းပေးခဲ့ရတဲ့ မုဒိမ်းမှု ၇မှုရှိခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၅မှုပါဝင်တယ်လို့ KyWO အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံ ဆရာမ ယုယုဆွေက ပြောပါတယ်။

ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှု ၂ခု၊ အိမ်ထောင်ရေးဖောက်ပြန်မှု ၁ခု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂ခုတို့ကိုလည်း ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အမှုတွေကို ကူညီဖြေရှင်းတဲ့အချိန်မှာ ကျူးလွန်သူတွေကို ယခင်အာဏာမသိမ်းခင်ကလို တရားဥပဒေလမ်းကြောင်းအတိုင်း တရားရုံးကနေ သွားဖို့ အခက်အခဲရှိနေတယ်လို့ KyWO အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တာဝန်ခံ ဆရာမ ယုယုဆွေက ပြောပါတယ်။

“ဒီ မုဒိမ်းမှုတို့အခြားသော case တို့ လိမ်ကာမ ရယူတဲ့ case ပဲဖြစ်ဖြစ် ကျမတို့ အလွယ်တကူ တရားရုံးမှာတော့ အနည်းဆုံးတော့ အရင်အာဏာမသိမ်းခင်က ရှိတဲ့ တရားရုံးတောင် တရားမမျှတဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ အမျိုးသမီးနဲ့ ကလေးတွေ ဒီလိုမျိုးအကြမ်းဖက်ခံရပြီဆိုရင်တော့ တရားရုံးရှိသေးတယ်။ သွားပြီးတော့ အမှုဖွင့်တိုင်ကြားလို့ရတယ်။ ဆိုတဲ့အနေအထားလေးတွေပေါ့။ ကျမတို့ အဲ့ဒီလိုမျိုး သွားပြီးတော့ လုပ်ဆောင်လို့ရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံးဝ အဲ့ဒီအပိုင်းက အဆင်မပြေတော့ဘူးပေါ့နော။ အဲ့ဒါလေးတွေတော့ အဓိက မြင်တွေ့ရတဲ့ကွာဟချက်ပေါ့နော။” လို့ ဆရာမ ယုယုဆွေက ပြောပါတယ်။

အကြမ်းဖက်ခံရသူတွေအနေနဲ့ တိုင်ကြားနိုင်ဖို့ နေရာ တိတိကျကျမရှိသလို သူတို့အတွက် လုံခြုံအိမ် (Save House)လည်း ထားရှိနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေကြားသိနေရပေမယ့် တိုင်ကြားပြီး အရေးယူခံရမှု အားနည်းနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ KyWO ထံ တိုင်ကြားလာသူတွေဟာ စစ်ဘေးရှောင်တွေကော မြို့ပေါ်တွေမှာ နေထိုင်တဲ့သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဖယ်ခုံမြို့၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့က အကြမ်းဖက်ခံရမှုတွေကို ကူညီဖြေရှင်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


ယခင်အာဏာမသိမ်းခင်ကထက် တိုင်ကြားမှု များပြားလာတာ မရှိပေမယ့် ကျူးလွန်ခံရမှုတွေပိုများပြားနိုင်တယ်လို့ ဆရာမ ယုယုဆွေက သုံးသပ်ထားပါတယ်။

“လက်ရှိမှာက ကျမတို့ ၁၂ခုဆိုတာက ဒါကျမတို့ တိုက်ရိုက်ကူခဲ့တဲ့ ကျမတို့ဆီ တိုက်ရိုက်ရောက်လာပြီး ကူခဲ့တဲ့ အမှုတွေဖြစ်တယ်ပေါ့နော။ အကြားထဲမှာ ကျမတို့ဆီကိုလည်း မဆက်သွယ်လာနိုင်ဘူး။ ကျမတို့ဘက်ကလည်း သွားပြီးတော့မှ မကြည့်နိုင်ပဲနဲ့ အခြားတွေကိုပဲ လမ်းညွှန်လိုက်ရတဲ့ ဟာမျိုးတွေပေါ့နော။ အဲ့လိုဖြစ်စဉ်တွေ ကြားထဲမှာ ဟိုလိုဆိုလို့ရှိရင်တော့ ဥပမာ မုဒိမ်းမှုဖြစ်စဉ်တွေက ဘယ်လိုဖြစ်တယ်။ အကြမ်းဖက်မှုဖြစ်စဉ်တွေက ဘယ်လိုဖြစ်တယ်။ အဲ့ဒီလိုမျိုး ကြားနေရတဲ့ဟာတွေနဲ့ ပေါင်းရင်တော့ တော်တော်တော့ များလာတယ်ပေါ့နော။ အရင်ကထက်ပိုပြီးတော့ အရင်ကထက်ပိုပြီးတော့ များလာတယ်လို့ ပြောလို့ရတာပေါ့နော။”လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အိမ်တွင်းအကြမ်းဖက်မှု ( ၈ ) မှု ၊ မုဒိမ်းမှု ( ၁ ) မှု ကို ကရင်နီပြည်ရဲဌာန ( KSP ) ကနေ ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့လည်း ဩဂုတ်လ ၂၅ရက်နေ့က ( KSP ) တစ်နှစ်ပြည့် အစီရင်ခံစာအရ သိရပါတယ်။

spot_img
spot_img