spot_imgspot_imgspot_imgspot_img
Friday, May 24, 2024
spot_imgspot_imgspot_imgspot_img

စာအုပ်တဖက် ဆေးထိုးအပ်တလှည့် နဲ့ ကျောင်းဆရာ (သို့မဟုတ်) ခူးကျားရယ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အနီရောင် လွယ်အိတ်လေးထဲမှာ ကျောင်းဖတ်စာအုပ်လေးတွေ ထည့်လွယ်ထားပြီး လက်ထဲမှာ ဆေးဝါးတွေထည့်ထားတဲ့ ပလပ်စတစ်ပုံးကိုကိုင်ကာ ခူးကျားရယ်တယောက် ကျောက်ဆောင်တွေကြား က လူသွားလမ်းလေးအတိုင်း ခပ်သွက်သွက်လမ်းလျှောက်လာနေပါတယ်။

မိနစ်ပိုင်းလေးအတွင်း ခြေတံရှည်ဝါးတဲအိမ်ကလေးအနားရောက်တော့ လူနာရှိ၊ မရှိကို မေးမြန်းကာ အပြင်သွားနေတဲ့လူနာကို ခဏစောင့်လိုက်ပါတယ်။

အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးက ကပြာကယာ ရောက်ချလာတဲ့အချိန်မှာတော့ အိမ်ပေါ်တက်ကာ ထိုအမျိုးသမီးကို သွေးပေါင်စမ်းတာ၊ ဆေးထိုးတာတွေကို ပြုလုပ်ပေးပါတော့တယ်။

ခူးကျားရယ်ကတော့ ဒီရွာက ဒေသခံတဦးပါ။ မူရင်း အလုပ်ကတော့ ဆေးဆရာ (သူနာပြု) မဟုတ်ပါဘူး၊ ကလေးတွေကို စာသင်ပေးတဲ့ကျောင်းဆရာတဦးသာဖြစ်ပါတယ်။
ခုတော့ လိုအပ်ချက်တွေအရ မဖြစ်မနေ ဆေးထိုးအပ်ကိုကိုင်ပြီး လူနာတွေကို ကုသပေးနေရပါတယ်။
…………
ခူးကျားရယ်တို့ ရဲ့ ရွာမှာ ကလေး၊ လူကြီးမရွေး ရာသီတုပ်ကွေးဖြစ်ပွားနေသူတွေများပါတယ်။ ဒါပေမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်တဲ့ ဆေးဆရာ၊ ဆရာမတွေဆိုလို့ ခူးကျားရယ်ကလွဲရင် မရှိပါဘူး။

ဒါပေမဲ့ ခူးကျားရယ်ကတော့ ဆေးပညာတွေကို စနစ်တကျသင်ယူထားဖူးခဲ့သူတော့ မဟုတ်ပါဘူး။ ကျောင်းဆရာဘဝတုန်းက တောရွာတွေမှာ တာဝန်ကျစဉ်က မိမိကိုယ်ကို အရေးပေါ်ကုသနိုင်ဖို့ အတွက် ဆေးပညာနည်းနည်းပါးပါးသာ လေ့လာဖူးခဲ့တာပါ။

“တောထဲမှာသွားကျလို့ရှိရင် ငှက်ဖျားတွေဘာတွေဖြစ်လာရင် ဖျားနာလို့ရှိရင် ကိုယ့်ကိုယ်ကို ကုသရတယ် ဆိုပြီးတော့ ကျနော့်ကို ပညာသင်လာခဲ့ပေးတာ အဲ့ဒီဆေးထိုးနည်းတွေရော ဆေးကုနည်းတွေရော သင်ပေးတယ်။ အဲ့တာကို သင်ပေးတဲ့ဟာ အဲ့ဒါကနေစပြီးတော့ တတ်လာတယ်။ တတ်လာတဲ့ခါကျတော့ ကိုယ့်ကိုယ်ကိုကုဖို့ဘဲကို.. ဘာလဲ..လျာထားတာပေါ့နော. ဒါပေမဲ့ ရွာသားတွေအားကိုးလာတဲ့ခါတော့ တဖြည်းဖြည်းနဲ့ အတွေ့အကြုံလည်းများလာတဲ့အခါကျတော့ ဆေးဝါးတွေနားလည်လာ၊ကုတတ်လာတယ်။ အိမ်ထောင်ကျတာကလည်း အဲ့ဒီသူနာပြုဆရာမနဲ့ ရတော့ ပိုပြီးတော့ပညာရသွားတာပေါ့” လို့ ခူးကျားရယ်က ပြောပါတယ်။

ရွာထဲက ရွာသူရွာသားတွေမှာ ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုးနဲ့ တခြားရောဂါတွေကို ခူးကျားရယ်က ကုသပေးရတဲ့အပြင်၊ သွေးတိုး နဲ့ တခြားနာတာရှည်ရောဂါသည်တွေအတွက်လည်း ခူးကျားရယ်က အရေးပါတဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတဦးပါ။

အခုလို ခက်ခဲတဲ့ကာလတွေမှာ တောတောင်ထဲမှာ စစ်ရှောင်နေရတဲ့ စစ်ရှောင်တွေအတွက် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ အဖွဲ့အစည်းတွေမရှိပါဘူး။ ဒါပေမဲ့ ခူးကျားရယ်လို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မယ့်သူတယောက်ရှိနေခြင်းက ဘုရားပြင်ဆင်ပေးတဲ့ဆုလာဘ်လို့ ပြောလို့ရပါတယ်။

“အကယ်၍ သူ ကျမတို့နဲ့မရှိဘူးဆိုရင် အခက်အခဲကတော့ အများကြီးရှိတယ်။ ပညာရေးကော ကျန်းမာရေးကော အခက်အခဲရှိတယ်ပေါ့နော။ ကျမတို့ သူ့ကိုအများကြီး အားကိုးတယ်ဆိုတော့ သူမရှိရင် အခက်အခဲ အများကြီးရှိတယ်ပေါ့။”

ဒါကတော့ အသက် ၃၀ အရွယ် မော်စဲမြာက ပြောပြပေးတာပါ။

ခူးကျားရယ်ဟာ ရွာသူရွာသားတွေရဲ့ ကျန်းမာရေးအတွက် နောက်ထပ်အားကိုးလို့ရနိုင်မဲ့သူတွေကိုလည်း မွေးထုတ်ပေးတာမျိုး လုပ်ပေးပါသေးတယ်။ ရွာထဲကလူငယ် ၃ ဦးကို သူတတ်မြောက်ထားတဲ့ အရေးပေါ်ဆေးကုသနည်းတွေ၊ ဆေးဝါးအသုံးပြုနည်းတွေကို သင်ပေးထားပါတယ်။

အခုတော့ ဒီလူငယ်လေးတွေက ရပ်ရွာထဲမှာ အတိုင်းအတာတခုထိ ဆေးဝါးကုသမှုတွေကို ပြုလုပ်ပေးနေကြပါပြီ။ သာမန် နှာစေး၊ ချောင်းဆိုး နဲ့ ကိုက်ခဲတာမျိုးတွေအတွက် ဆေးဝါးပေးတာတွေကို ဒီလူငယ်လေးတွေကိုယ်တိုင် ပြုလုပ်နေပြီး၊ ခူးကျားရယ် မအားလပ်တဲ့အချိန် သို့မဟုတ် ရွာထဲမရှိတဲ့ အချိန်တွေမှာဆေးကုသဖို့ သူတို့တာဝန်ယူပေးထားကြပါတယ်။

“သူသင်ပေးတာကတော့ သုံး လေး ငါးလလောက်တော့ သင်ပေးတယ်ပေါ့နော၊ သူက ဒီဆေးက ဒီရောဂါနဲ့၊ ဒီဆေးက ဒီရောဂါနဲ့ သူပြောပြပေးခါကျတော့ အဲ့ဒါတွေ ကျမတို့ ကုတတ်လာတယ်ပေါ့နော” လို့ ခူးကျားရယ်ဆီက ဆေးပညာတွေကို လေ့လာနေတဲ့ မော်စဲမြာက ပြောပြပါတယ်။

အာဏာမသိမ်းခင်ကတော့ ခူးကျားရယ်ဟာ ကရင်နီပြည် မဟုတ်တဲ့ တခြားဒေသတခုမှာ တာဝန်ကျနေတာပါ။ အာဏာသိမ်းကာလမှာတော့ သူ့ရဲ့ မွေးရပ်မြေက ဆွေမျိုးသားချင်းတွေဆီပြန်လာပြီး တတ်နိုင်တဲ့ဖက်က နေရပ်ဆွေရပ်မျိုးတွေကို ကူညီနေတာဖြစ်ပါတယ်။

“ဒါက ကိုယ့်ဇာတိမို့လို့ ၊ ကိုယ့်ရွာသားတွေကို တိုးတက်စေချင်လို့ ကောင်းစေချင်လို့ ပြန်လာပြီးတော့ ကူညီပေးတာ။” လို့ ခူးကျားရယ်ကပြောပါတယ်။

ရပ်ရွာထဲက ကျန်းမာရေးစောင့်ရှောက်မှု တခုတည်းကိုသာ တာဝန်ယူပေးတာမဟုတ်ပါဘူး။ ရွာထဲက ကလေးတွေပညာသင်ကြားခွင့် မဆုံးရှုံးရလေအောင်လည်း ခူးကျားရယ်က လုပ်ဆောင်ပေးနေပါသေးတယ်။

ရွာထဲမှာ ကျောင်းနေအရွယ်ကလေး ၈၀ ဝန်းကျင်ရှိနေပြီးတော့ ဒီကလေးတွေ ရဲ့ ပညာရေးအတွက် တခြားသော ပညာရေးအဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီး ရွာတွင်းမှာ ကျောင်းဖွင့်နိုင်အောင် ဦးစီးဆောင်ရွက်ပေးထားပါတယ်။

“ဒီကလေးတွေကို စာသင်ပေးဖို့ ဘယ်သူမှ ဦးဆောင်ဦးရွက်တဲ့သူမရှိတဲ့ခါကျတော့ ဒီကလေးတွေကို ခင်ဗျားတို့ ဒီလိုဘဲပစ်ထားမလားလို့ ရွာသားတွေကို ကျနော်မေးတယ်။ ခင်ဗျားတို့တက်ချင်သပဆို ကျနော် သင်ပေးမယ် ရှိသလောက်နဲ့ သင်ပေးမှာပေါ့။ ဘယ်နှတန်းအထိရှိလဲ ဆိုပြီးတော့ အဲ့ဒီအတန်းအပေါ်မူတည်ပြီးတော့ ကျနော်ရသလောက်သင်ပေးမှာပါ” လို့ ခူးကျားရယ်က စာသင်ကျောင်းစဖွင့်ဖြစ်ပုံကို ပြောပါတယ်။

ခူးကျားရယ်ရဲ့ ဦးဆောင်ပေးမှုကြောင့် ကလေးငယ် ၈၀ ဝန်းကျင်ဟာ စာသင်ကြားခွင့်ရနေပြီဆိုပေမဲ့ ဒေသတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စာသင်ချိန်ကလည်း ပုံမှန်မရှိပါဘူး။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လအတော်ကြာအောင် ကျောင်းပိတ်ထားခဲ့ရပါသေးတယ်။

ဒါတင်မကပါဘူး.. စစ်ကောင်စီတပ်ရဲ့ ကင်းထောက်ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေအပြင် ဗုံးကြဲ နိုင်တဲ့ တိုက်လေယာဉ်တွေရဲ့ ရန်ကိုလည်းကြောက်ရပါသေးတယ်။
ကျောင်းဆောင်တွေဆောက်တဲ့ အချိန်မှာလည်း စာသင်ကျောင်းမှန်း မသိသာအောင် ဆောက်လုပ်ကြရတာကြောင့် ကြာရှည်ခံမဲ့သွပ်မိုး အစား မိုးကာတွေကို အသုံးပြုကြရပါတယ်။

ဒါ့အပြင် ကလေးတွေဆော့ကစားလို့ရတဲ့ ကွင်းပြင်နေရာတွေမှာ စာသင်ကျောင်းမဆောက်ရဲကြပါဘူး။ လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကို အထိုက်အလျောက်ကာကွယ်နိုင်မဲ့ ကျောက်ဆောင်တွေကြားမှာသာ ကျောင်းကို တည်ထားခဲ့ကြတာပါ။

“ကျမတို့ကျောင်း မူလတန်းကျောင်းမှာဆိုရင် သွပ်နဲ့မိုးတာဖြစ်တဲ့ခါကျ လေယာဉ်တို့လာဝဲပြီဆိုရင် စိတ်မချရဘူးလို့ ရွာက လူကြီးတွေပြောခါကျတော့ ဖြုတ်ချလိုက်ပြီးတော့မှ မူလတန်းကျောင်းကို သစ်ပင်အောက်တွေမှာ မိုးကာတွေနဲ့ဘဲ ပြန်လုပ်ထားတယ်ပေါ့နော။ အဲ့ဒီတော့ လုံခြုံရေးကိုပြောရရင် လက်နက်ကျည်ဆံတို့ ပစ်ကြပြီဆိုရင် ကျောင်းပိတ်ရတယ်ပေါ့” စာသင်ကျောင်းမှာ ဆရာမအဖြစ်ပြန်လုပ်နေတဲ့ အသက် ၂၂ အရွယ် မော်ကလျေးမိုး ကပြောပါတယ်။

အခုတော့ ခူးကျားရယ် အပါအဝင် တခြား ဆရာ၊ ဆရာမတွေက ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ စာသင်ကျောင်းက ကလေးငယ်တွေရဲ့ စာအံသံ၊ ဆရာမတွေရဲ့ စာသင်ကြားနေသံတွေဟာ စစ်ရှောင်တောင်ကုန်းတနေရာ ရဲ့ ကျောက်ဆောင်တွေကြား ပျံ့လွင့်နေပါပြီ။

“ကျနော်တို့ခေတ်တုန်းကဆိုရင် စာမတတ်ရင်လည်းရတယ်ဆိုပြီး မိဘတွေကပြောတယ်။ အခုက စာမတတ်လို့မရဘူး ဖုန်ခေတ်ဘာခေတ်ဆိုရင် ကိုယ်စာတတ်မှ၊ သူများနဲ့လိုက်မီမှာလေ။ ကမ္ဘာက အဲ့ဒီပညာနဲ့ဘဲ အသုံးပြုနေတဲ့ခါကျတော့ ကိုယ်က စာမတတ်ရင် အောက်ကျနောက်ကျ ဖြစ်ကုန်မှာပေါ့၊ ဖြစ်သွားရင် ကိုယ့်ကလေးတွေလည်း ဘာအတွက်အရေးကြီးလဲဆို ရပ်ရွာအတွက် ရပ်ရွာတရွာမှာ ပညာတတ်များလေ တိုးတက်လေလေပေါ့။ အဲ့ဒီရပ်ရွာအတွက် ပညာတိုးတက်လေလေ ကိုယ့်ရဲ့မြို့နယ်အတွက် ကိုယ့်ရဲ့တိုင်းပြည်အတွက် ကိုယ့်ရဲ့နိုင်ငံအတွက်ဆို အဆင့်ဆင့်တိုးတက်လာတာပေါ့နော” လို့ ခူးကျားရယ်က ပြောဆိုသွားပါတယ်…….။

spot_img
spot_img

Recent posts