spot_imgspot_imgspot_imgspot_img
Tuesday, April 30, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းသားတွေ ဆေးဝါးကုသမှုမရ

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည်၊ လွိုင်ကော် အကျဥ်းထောင်မှာ အကျဥ်းကျခံနေရသူတွေဟာ ဆေးဝါးကုသမှုတွေ မရရှိကြဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

အကျဥ်းထောင်မှာ ဆရာဝန်တွေရှိနေပေမယ့် အကျဥ်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု မပေးဘူးလို့ ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး ( KPPA ) ရဲ့ ပြန်ကြားရေး တာဝန်ခံ ထားဖိုးက ပြောပါတယ်။

“အခုထောင်ထဲမှာက ဆေးဝါးတွေ ပြတ်လပ်နေတယ်။ နောက်တစ်ချက်က ဖျားနာတဲ့အချိန်မှာ လာကြည့်ပြီးတော့ ကုသပေးမယ့်ဆရာဝန် ရှိတော့ ရှိတယ်။ သို့ပေမယ့် လာပြီးတော့ ကြည့်ရှုကုသပေးခြင်း မရှိတဲ့ အခြေအနေ ရောက်နေတယ်ပေါ့နော။”လို့ ထားဖိုးက ပြောပါတယ်။

လက်ရှိ လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းသား ၅၀၀ ဝန်းကျင်ရှိနေပြီး နိုင်ငံရေးအကျဥ်းသား ၁၀၀ ကျော်ပါရှိတယ်လို့ သိရပါတယ်။ အကျဥ်းကျခံနေရစဥ် အမျိုးသမီးတွေလည်း မီးဖွားရာမှာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေ မရရှိဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“အထဲမှာကိုယ်ဝန်လစေ့လို့ မွေးရရင်လည်း ဆေးရုံမှာ ရဲမေ ၂ယောက်က လက်တဖက်ကို လက်ထိပ်ခတ်ခံရပြီး မိခင်ကမွေးရတယ်။ ၂ ရက် နေ တန်းဆင်းခိုင်းပြီး အချူပ်ထဲမှာ အိပ်ယာကျပ်ကျပ်နဲ့ အများနဲ့နေရတော့ ကလေးကောမိခင်ကော မီးလည်းမနေရပဲ အခင်းပါးပါးနဲ့ ခက်ခက်ခဲခဲနဲ့ နေရတဲ့ အဖြစ်ပေါ့။ မိခင်က မွေးဖွားပြီးလည်း ကျန်းမာရေးစောင့်ရှောက်ခွင့် ဆုံးရှုံးပြီး မီးယပ်ချမ်း ထနိုင် တဲ့အခြေအနေနဲ့ နေရတာပေါ့။ မီးနေသည် တယောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မူကောင်းကောင်းမရဘူးပေါ့။”လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ၁ လေးလုံး စစ်ဆင်ရေးနောက်ပိုင်း အကျဥ်းသားတွေကို ဆန်ကြမ်းနဲ့ ငါးပိ သာ ကျွေးတယ်လို့ KPPA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ အကျဥ်းသားတွေကို အခန်းထဲမှာ ပိတ်လှောင်ထားတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီလို လုပ်ရပ်တွေဟာ အကျဥ်းသားတွေရဲ့ ကျန်းမာရေးကို ပိုမိုထိခိုက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

“ကျနော်တို့က အချိန်ပြည့် ICRC တို့ UNOCHA တို့ကို တောင်းဆိုနေတဲ့ဟာတွေ ရှိသော်ငြားလည်း တစ်ဖက်ကနေ ပြန်လည် လက်တွေ့ကျတဲ့ action ပိုင်းမှာ ကျနော်တို့ တွေ့မြင်ရခြင်းမရှိဘူး။ မီဒီယာကနေလည်း ကျနော်တို့ အမြဲတမ်းဖြေကြားလေ့ရှိတယ်ပေါ့နော။ အခြေအနေ အရပ်ရပ်ကြောင့် ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေက ကျနော်တို့ကို လှည့်မကြည့်နိုင်တာလား။ ကျနော်တို့ မသိဘူး။ သို့ပေမယ့် ဒီနိုင်ငံရေး အကျဥ်းသား ကဏ္ဍက နိုင်ငံရေး လှုပ်ရှားမှု ကွင်းပြင်ထဲမှာ မီးမှိတ်နေတဲ့ အနေအထားမှာရှိတယ်။” ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး ( KPPA ) က ပြန်ကြားရေး တာဝန်ခံ ထားဖိုးက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းကာလအတွင်းမှာ လွိုင်ကော်အကျဉ်းထောင်မှာ ကျန်းမာရေး ဝန်ဆောင်မှု အားနည်းတာကြောင့် သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ လွိုင်ကော်အကျဥ်းထောင် ကအကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ဖို့နဲ့ ဆေးဝါးတွေ ပို့ဖို့ကို စစ်ကောင်စီတပ်ဘက်က တင်းကြပ်ထားပါတယ်။
အကျဥ်းသားတွေအတွက် မိသားစုဝင်ပေးပို့တဲ့ ငွေကြေးရဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း အကျဥ်းဦးစီးတွေက ဖြတ်တောက်ထားတယ်လို့ KPPA က ပြောဆိုထားပါတယ်။

spot_img
spot_img