spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စားဝတ်နေရေးအတွက် တောင်သူတွေ သေနတ်သံကြားထဲ သီးနှံရိတ်သိမ်းနေရ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်က တောင်သူလယ်သမားတွေအနေနဲ့ နှစ်စဉ်ထွန်ယက်စိုက်ပျိုးတဲ့မြေကိုလည်း စစ်ဘေးကြောင့် မလုပ်နိုင်တော့ပဲ ပလပ်ထားလိုက်ရပြီး စိုက်ပျိုးထားတဲ့ အနည်းအကျဉ်းကို စိုးရိမ်ပူပန်မှုနဲ့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် သေနတ်သံကြားက သီးနှံတွေကို ရိတ်သိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သေနတ်သံကြားရင် ပြေးလိုက် ကောင်းတဲ့ချိန်ဆိုပြန်လာလုပ်လိုက် အဲ့လိုမျိုး ကြောက်ကြောက်လန့်လန့်နဲ့ပေါ့။ အခုကလည်း ပြေးလိုက်ပြန်လာလိုက်လုပ်နေရင်းနဲ့ အခုက စပါးရိတ်တဲ့အချိန်ရောက်လာပြီလေ။ စပါးရိတ်တဲ့ချိန် စပါးပုတ်တဲ့ချိန်ဆိုတော့ အဲ့ဒီ ၄ ၅ ရက် တိုက်ပွဲဖြစ်တော့ ဒီလိုပဲပေါ့။ သေနတ်သံကြားတော့ တချို့ကလည်း တောင်ယာသွားဖို့ ကြောက်နေကြတယ်။ ဘာလို့ဆို လက်နက်ကြီးက ကျချင်တဲ့နေရာကျတာကော။ ကြောက်ကြောက်လန့်လန့်နဲ့ သွားနေကြတာပဲ။ ဟိုတစ်ခေါက်က နန်းဖဲမှာ လက်နက်ကြီးထုလို့ နှမ်းခင်းထဲမှာ လူသေသွားကတည်းက အဲ့ဒါပိုဆိုးပေါ့ ပိုတောင်ကြောက်သွားသေးတယ်။” လို့ ဖရူဆိုဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်နယ်မှာ သီးနှံမျိုးစေ့ စချချိန်ဖြစ်တဲ့ မေလကတည်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတွေ အများစု ထွက်ပြေးတိမ်းရှောင်ရတာ ဖြစ်ပြီး တောင်ယာလုပ်ငန်းကို မှီခိုအားထားရတဲ့ သူတွေ ဖြစ်ပါတယ်။ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တောင်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်တော့ဘူးလို့ ဆိုပါတယ်။ စိုက်ပျိုးမီလိုက်နိုင်တဲ့ တောင်သူလယ်သမားတချို့ဟာလည်း လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် စားဝတ်နေရေးအတွက် ဒေသခံတွေကြားက သီးနှံတွေကို ရိတ်သိမ်းနေရတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့အခါ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေက စပါးကျီ မီးရှို့ဖျက်စီးမှုတွေ ရှိနေတဲ့အတွက် ရိတ်သိမ်းပြီး စပါးသိုလှောင်ဖို့ နေရာအတွက် ပူပန်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း စိုက်ပျိုးရာသီမှာ သီးနှံမစိုက်ပျိုးနိုင်တော့ဘဲ စစ်ဘေးရှောင်နေရပြီး ဘဝလုံခြုံမှုမရှိတဲ့အတွက် တောင်သူတွေအနေနဲ့ တောင်ယာမလုပ်နိုင်တော့တာကြောင့် စားဝတ်နေရေးအခက်အခဲကြုံနိုင်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“တောင်သူလယ်သမားတွေကတော့ ထိခိုက်နစ်နာတာအများကြီးရှိတာပေါ့။ ဘဝရှင်သန်မှုအတွက် သူတို့ရုန်းကန်နေရတယ်။ နောက်တစ်ခုက သူတို့တောင်ယာသွားဖို့လည်း ဘဝလုံခြုံမှုမရှိတော့ဘူး။ သွားရင်လည်း အခန့်မသင့်ရင် အသက်ပေးလိုက်ရတဲ့ သာဓကတွေရှိတယ်။ ကရင်နီပြည်နယ်မှာ နန်းဖဲမှာ သူတို့ နှမ်းသွားခုတ်ရင်းနဲ့ အသက်ပေးလိုက်ရတဲ့ဟာလည်း ရှိတယ်။ ဆိုတော့ အသက်ပေးလိုက်ရတဲ့အပြင် စစ်တပ်ဖက်ကလည်း စစ်ကောင်စီဖက်က လာပြောတဲ့ စကားတွေကလည်း တကယ်နာကြည်းဖို့ကောင်းတယ် ရင်နာဖို့ကောင်းတယ် (နည်းတောင်နည်းသေးတယ် တောင်ယာသွားတာ ) ဆိုပြီး။ တောင်ယာသွားရင်းနဲ့ အသက်ပေးလိုက်ရတဲ့ သာဓကလိုမျိုးဖြစ်လာတဲ့ခါကျတော့ တောင်သူလယ်သမားတွေ ဘယ်လိုပဲဖြစ်ဖြစ် ဘဝစိတ်ချလုံခြုံမှုရှိရှိနဲ့ တောင်ယာသွားဖို့ဆို မဖြစ်နိုင်တော့ဘူးလေ။ ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း သူတို့လယ်ယာမြေ တချို့ မြေယာဧကပေါင်းများစွာကို ပလပ်ထားလိုက်ရတယ်ပေါ့။ ပလပ်ထားတယ်ဆိုတာက ဘဝလုံခြုံမှုမရှိလို့ပေါ့။”လို့ ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂမှ တာဝန်ရှိသူက ပြောပါတယ်။

တောင်သူတွေအနေနဲ့ အသက်ရင်းပြီး တောင်ယာလုပ်ကိုင်ကြပေမယ့် ဓာတုမျိုးစေ့ကို ပြောင်းလဲလုပ်ကိုင်လာကြတဲ့အတွက် ဓတ်မြေဩဇာသုံးဖို့ လိုအပ်ပြီး မြင့်မားလာတဲ့ ဓတ်မြေဩဇာဈေးနှုန်းကြောင့် မသုံးစွဲနိုင်တဲ့အတွက် အထွက်နှုန်းကျမှာကို တောင်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓတ်ဆီဈေးနှုန်းမြင့်တက်လာတဲ့အတွက် ထွန်ယက်ဌားရမ်းရိတ်သိမ်းဖို့လည်း မတတ်နိုင်ဘူးလို့ ဆိုကြပါတယ်။

“နံပါတ်(၁)တစ်ခုက နိုင်ငံတကာလူမှုကူညီရေးအသင်းတွေ လူမှုကူညီရေးအဖွဲ့ရဲ့အကူအညီတွေကို အများကြီးပံ့ပိုးဖို့ လိုအပ်မယ်။ နောက်တစ်ခုက တောင်သူတွေအနေနဲ့ ရှင်သန်ရပ်တည်ဖို့အတွက် ဘယ်လိုနည်းနဲ့ အလွယ်ဆုံးဖြစ်မလဲဆိုတဲ့ စဉ်းစားချက်ကို သူတို့မှာလည်း ရှိဖို့လိုတယ်ပေါ့။ နောက်တစ်ခုကတော့ စစ်အာဏာရှင်အနေနဲ့ ဒီဟာအပေါ်မှာ ဒီလိုဖြစ်သွားတယ်ဆိုတာတော့ အရှိကိုအရှိအတိုင်း အမှန်တရားကို ဝန်ခံဖို့လည်းလိုတယ်။ ကျနော်တို့ဒီလောက်ထိ နစ်နာသွားတယ်။ ဘယ်လောက်ထိ ပျက်စီးသွားတယ်ဆိုတဲ့ဟာကို အမှန်တရားပြောပြီး ဝန်ခံဖို့လိုတယ်။ တောင်သူတွေအနေနဲ့တော့ နောက်နှစ်ရှင်သန်ရပ်တည်ဖို့အတွက် စားဝတ်နေရေးက ကြီးလိမ့်မယ်။ စိန်ခေါ်မှုက အရမ်းကြီးတယ်။ ဆိုတော့ ပြန်ပြောရင် လူမှုကူညီရေးအဖွဲ့တွေက ကူညီပံ့ပိုးမှု အများကြီးလိုအပ်တယ်လို့ ကျနော်မြင်တယ်လေ။” လို့ ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂမှ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၁သိန်း ၃သောင်းကျော်ရှိနေပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်သူအများစုဖြစ်တဲ့အတွက် နောက်နှစ်မှာ ဘဝရှင်သန်ရပ်တည်ဖို့ အခက်အခဲဖြစ်စေပြီး ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img