spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

စိတ်ဓာတ်ခွန်အားမြင့်တင်ရေး သင်တန်းတွေ ပိုမိုဖွင့်လှစ်ပေးဖို့ စစ်ရှောင်အမျိုးသမီးတွေ တောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ခံစားရတဲ့အတွက် စိတ်ဓာတ်ခွန်အားမြင့်တင်ရေး သင်တန်းတွေ ပိုမိုဖွင့်လှစ်ပေးဖို့ စစ်ရှောင်အမျိုးသမီးတွေက တောင်းဆိုကြပါတယ်။

ယမန်နေ့ မေလ ၂၃ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ကနေ စိတ်ဓာတ်ခွန်အားပေးခြင်း သင်တန်းတို တစ်ရက် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်တန်းကို စစ်ရှောင်စခန်းက အမျိုးသမီးဦးရေ ၂၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အဲ့လိုသင်တန်းတွေ ပြုလုပ်ပေးခြင်းက စစ်ရှောင်ရတဲ့ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်စေတယ်လို့ အသက် (၃၉)နှစ်အရွယ် ဒေါ်နန်းမိုးက ပြောပါတယ်။

“ပေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမတို့ စစ်ရှောင်ကတည်းက စိတ်ဒဏ်ရာက ပြောရမယ်ဆိုရင် အများကြီးရှိတယ်။ ကျမတစ်ယောက်ထဲ ခံစားရသလို သူများလည်း ခံစားရမယ်လို့ထင်တယ်ပေါ့နော။ စစ်ရှောင်ကတည်းက စိတ်ဒဏ်ရာကတော့ အယောက်တိုင်းရှိမှာပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဆိုးမယ် စားဝတ်နေရေးက တစ်ဖက် မိသားစုအရေး၊ သားသမီးအရေး၊ ကလေးတွေ ကျောင်းပညာရေးကတစ်ဖက်က အမျိုးမျိုးပေါ့နော စိတ်ဒဏ်ရာရှိကြမယ်လို့ထင်တယ်။ ဒီသင်တန်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ခွန်အားတစ်ခုတော့ဖြစ်စေမှာပါ။” လို့ ဒေါ်နန်းမိုးက ပြောပါတယ်။

သူမကတော့ ကရင်နီပြည်မှာ ၂၀၂၁ခုနှစ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားစဉ်ကတည်းက နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ မိသားစုဝင် ၆ ဦးရှိပြီး စစ်ရှောင်ကာလ ၂နှစ်ပြည့်ပြီလို့ သူမက ပြောပါတယ်။ စားဝတ်နေရေးအဆင်ပြေဖို့အတွက် ဈေးရောင်းနေပေမယ့် ဈေးရောင်းတဲ့နေရာအနီးတစ်ဝိုက်မှာ လက်နက်ကြီး မကြာခဏ ကျရောက်မှုတွေရှိတာကြောင့် ဈေးရောင်းနားထားလိုက်ရတယ်လို့ ဆိုပါတယ်။ စားသောက်နေထိုင်ရေးအတွက် လိုအပ်ချက်က လိုအပ်နေဆဲဖြစ်တာကြောင့် စိတ်ဖိစီးမှုက ပိုမိုဖြစ်စေတယ်လို့ ဒေါ်နန်းမိုးက ပြောပါတယ်။

စိတ်ဓာတ်ခွန်အားမြင့်တင်ရေး တစ်ရက်တာ သင်တန်းတိုမှာ အမျိုးသမီး ဆိုင်ရာအသိပညာပေးခြင်း အစီအစဉ်တွေဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခြင်း၊ လူမှုစီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရိုးရာဓလေ့ဆိုင်ရာအကြမ်းဖက်ခြင်း၊ ရင်ဖွင့်ခြင်းအစီအစဉ် နဲ့ အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်တွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

“ရင်ဖွင့်ခြင်းမှာတော့ တစ်ယောက်ရဲ့အခက်အခဲကို တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ကြတယ်။ ပြီးတော့မှ စိတ်တော့ တော်တော်လေးပေါ့သွားတယ်။ သင်တန်းတွေတော့ များများလုပ်ပေးရင်တော့ စိတ်ဖိစီးမှုတော့ တော်တော်လေးပေါ့သွားမယ်လို့ထင်တယ်။ ပြီးတော့မှ နောက်ဆိုလည်း စိတ်ဖိစီးမှုနည်းသွားအောင် သင်တန်း ခဏခန လုပ်ပေးဖို့လည်း တောင်းဆိုချင်တယ်။” လို့ သင်တန်းတက်ရောက်ခဲ့တဲ့ အသက် (၁၇)နှစ်အရွယ် မဒီးဒီးက ပြောပါတယ်။

ကရင်နီပြည်တွင်းက အမျိုးသမီးအဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့၊ အစုအဖွဲ့၊ တစ်ဦးချင်းတွေကနေ စစ်ရှောင်စခန်းတွေမှာ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးသင်တန်းအစီအစဉ်၊ စစ်ရှောင်တွေနဲ့ ဝိုင်းဖွဲ့စကားပြောတာ၊ အခက်အခဲ ရင်ဖွင့်စကားကိုနားထောင်တာ၊ အကြံပြု ဆွေးနွေးပေးတာ၊ အားပေးတာ၊ ဂိမ်းလေးတွေနဲ့ စိတ်ပျော်အောင် ကစားကြတာ စတဲ့ ပုံစံတွေနဲ့ လုပ်ဆောင်ကြတာ ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts