ကေ့ထျိုးဘိုးတိုင်တော်ကို ခုတ်ထွင်နေစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

မော်ဦးမြာ

ခေတ်မီသိပ္ပံနည်းပညာများကို အသုံးပြုခြင်းထက် မိရိုးဖလာ ရိုးရာနည်းများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသော တိုင်းရင်းသားတို့သည် သဘာဝကပေးသော မိုးရေကို အားကိုးတကြီးမျှော်ကြသည်။

စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်စေရန်အတွက် မိုးရေကို ပေးသောနတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်နှင့် လယ်ယာကို စောင့်ရှောက်သောနတ်တို့ကို ပူဇော်ပသလေ့ရှိသည်။

ထိုသို့ပူဇော်ပသ ကြသော ပွဲများအနက် ကယားပြည်နယ်၌ ကျင်းပသော ကေ့ထိုးဘိုး(ခေါ်)တံခွန်တိုင်ပွဲတော်သည် လူသိအများဆုံး ရိုးရာပွဲတော်ကြီး ဖြစ်သည်။

ကေ့ထျိုးဘိုး တိုင်တော်ကို သယ်ဆောင်လာစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

တံခွန်တိုင်ပွဲတော်သည် ကမ္ဘာမိုးမြေနှင့်တကွ အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော ဖသာလုခေါ် ဘုရားကိုပူဇော်သည့် ရိုးရာကိုးကွယ်မှုမှ အစပြု၍ ပေါက်ဖွားလာသော ပွဲတော်အဖြစ် မှတ်ယူကြသည်။

ပွဲတော်ကို နှစ်စဉ် တပေါင်းလကုန်မှစ၍ တန်ခူးလနှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသော နှစ်သစ်ကူးပွဲတော်လည်းဖြစ်သည်။ ဤပွဲတော်ကို ကျင်းပခြင်း အားဖြင့် မိုးလေဝသမှန်ကန်ပြီး ကောက်ပဲသီးနှံဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်ကြသည်။

ကေ့ထျိုးဘိုး တိုင်တော်ကို သယ်ဆောင်လာနေသည်ကို စောင့်ဆိုင်းနေကြသော ရွာသူရွာသားများ အချို့ (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ထို့ကြောင့် တံခွန်တိုင်ပွဲကို မိုးတပွဲ (ခေါ်) မိုးခေါ်ပွဲဟု ခေါ်ဆိုလျှင်လည်း မှားမည်မထင်ပါ။ ကေ့ထိုးဘိုးပွဲတော်သည် ကယားလူမျိုးတို့၏ အထွတ်အမြတ် ထားသည့် ပွဲတော်ဖြစ်သည့်အလျောက် အလွန်အရေးပါလှသည်။ ဘိုးဘွားအစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက် ကျင်းပကြသည့် ပွဲတော်တစ်ရပ်ဖြစ်သည်။

ယခုနှစ် ကေ့ထျိုးဘိုးပွဲတော်ကို အရင်ကနှစ်ထက် ပိုပြီး စောအောင်လုပ်၍ မတ်လ ၁ရ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ကယားပြည်နယ်လုံးဆိုင်ရာ ကေထျိုးဘိုးရိုးရာပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကေထျိုးဘိုးပွဲတော်ကိုကျင်းပနေစဉ်တွင် အဓိက ကေထျိုးဘိုးတိုင်တော်ကို သွားရောက်ခုတ်ထွင်တဲ့နေရာမှာ အမျိုးသားတွေသာ ခုတ်ထွင်ခွင့်ရှိပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေ စားသောက်ဖို့အတွက် ပြင်ဆင်ပေးရသည်။

ကေ့ထျိုးဘိုး( တံခွန်တိုင်) တိုင်တော်ကို သယ်ဆောင်လာသည့် အချိန်တွင် အမျိုးသမီးများသည် ကေထျိုးဘိုးတိုင်၏ အနောက်ဘက်တွင်သာ လိုက်လာခွင့်ရှိသည်။ ထို ကေ့ထျိုးဘိုး(တံခွန်တိုင်)ကို သယ်ဆောင်လာသည့် အချိန်တွင် ကား၊စက်များနှင့် သယ်ဆောင်ခွင့်မပြုဘဲ လူအင်အားဖြင့်သာ ထမ်းတစ်လှည့်၊ ဆွဲတစ်လှည့် သယ်ဆောင်ရသည်။

ယခုနှစ်တွင် သစ်များ ရှားပါးလာသည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာပွဲတော်ဖြစ်သည့် ကေ့ထျိုးဘိုး(တံခွန်တိုင်) အတွက် သစ်ပင်များ မရှိတော့မည်ကို စိုးရိမ်မှုများလည်း ရှိသည်။

ကေ့ထျိုးဘိုးတိုင်တော်အား အချောသန့်နေစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

သို့သော် ရိုးရာပွဲတော်ဖြစ်သည့်အတွက် သက်ဆိုင်ရာအစိုးရဖြစ်စေ၊ ဒေသခံအချင်းချင်းဖြစ်စေ ကူညီပံ့ပိုးပေးရမည် ဖြစ်သည့်အတွက် အထူးစိုးရိမ်စရာ မလိုကြောင်း ကယားပြည်နယ် ဂေါပက အဖွဲ့မှ အဖွဲ့ဝင် ဦးပကူး(ခ) ဘငွေက ပြောသည်။

“အခုက သစ်ရှားလာသလို လိုချင်သလို ယူလို့လည်းမရတော့ဘူးပေါ့နော။ ကျွန်တော်တို့က ရိုးရာကိုပဲလုပ်တာဖြစ်တဲ့အတွက် သစ်ရှားမှာကိုတော့ ကျွန်တော်တို့မစိုးရိမ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြည်နယ်ထဲမှာရှိတဲ့ သူတွေအားလုံးက ရိုးရာတံခွန်တိုင်အတွက်ဘဲ ဆိုရင်တော့ ပေးနိုင်ကြရမယ်ပေါ့။ တစ်ရွာနဲ့တစ်ရွာလည်းပေးနိုင်ကြရမယ်၊ အစိုးရလည်း ကျွန်တော်တို့အတွက် ထည့်သွင်းစဉ်းစားပေးရမယ်လေ”ဟု ဦးပကူး(ခ) ဘငွေက ပြောသည်။

ထို့ကြောင့် ၎င်းပွဲတော်နှင့်ပတ်သက်၍ ရိုးရာဓလေ့ ထုံးတမ်းစည်းမျဉ်းများက ချမှတ်ပေးထားသော စည်းကမ်းစည်းမျဉ်းများကို အတိအကျ လိုက်နာကြရသည်။ အကယ်၍ ချွတ်ချော်မှားယွင်းခဲ့သော် မိမိတို့၏ရပ်ရွာကို စွန့်ခွာ၍ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားရသည်အထိ တင်းတင်းကြပ်ကြပ် လိုက်နာရသည့် ထုံးတမ်းရှိသည်။

ထို့ကြောင့် ကယားတိုင်းရင်းသားတို့သည် တံခွန်တိုင်ပွဲတော် မကျင်းပမီ လုပ်ဆောင်ဖွယ်ရာတို့ကို ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီအောင် ဦးစွာပြင်ဆင်ကြရသည်။

ကေ့ထျိုးဘိုးတိုင်တော် ထူထောင်နေစဉ် မြင်ကွင်းတခု (ဓါတ်ပုံ – ကနာ္တရတီတိုင်း(မ်))

တံခွန်တိုင်ပွဲတော် မကျင်းပမီ (၁၅)ရက်ခန့် အလိုကတည်းက ပွဲတော်သို့ လာရောက်လည်ပတ်ကြမည့် ဧည့်သည်များကို ဧည့်ခံရန်အတွက် ခေါင် ချက်ကြသည်။ လိုအပ်သော ပစ္စည်းများကို ကြိုတင်စုဆောင်းပြီး ပွဲတော် ရက်အတွင်း ဝတ်ဆင်ရန် အဝတ်သစ်များ ချုပ်ကြသည်။

တံခွန်တိုင် ရွေးချယ်ယူရာတွင်လည်း ကျွန်း၊ တပြေ၊ အင်စသည့် သစ်မာပင်များကိုသာ ရွေးချယ်ခွင့်ရှိတာဖြစ်ပြီး ကြက်ရိုးထိုးပြီးအောင်မြင်သည့် အပင်ကိုသာ ရွေးချယ်ယူသည်။

ထို့နောက် ရွာအတွင်းတွင် လူများအစုံအလင် ရှိမရှိ စစ်ဆေးပြီး တံခွန်တိုင်စိုက်ထူရန် သစ်ပင်ခုတ်ရမည့် နေ့ရက်ကို ကြက်ရိုးထိုး၍ ရွေးချယ်ရသည်။ ကြက်ရိုးဗေဒင်အရ ကောင်းသည်ဟု ယူဆသော နေ့တွင် ရွာတွင်းမှ လူငယ်များသည် တံခွန်တိုင်သွား၍ ခုတ်ရန် ပြင်ဆင်ကြသည်။ တံခွန်တိုင် အဖြစ် ခုတ်ယူမည့် သစ်ပင်ကို ရွာမှလူများက ကြိုတင် ရှာဖွေထားသည်။

တံခွန်တိုင်အတွက် အသုံးပြုရန် သစ်လုံးကို ရိုးရာအလိုက် အချို့က ကျွန်းပင်ကိုလည်းကောင်း၊ အချို့က အင်ပင်ကိုလည်းကောင်း၊ အချို့က သပြေပင်ကိုလည်းကောင်း ခုတ်ယူကြသည်။ များသောအားဖြင့် သပြေပင်ကို အသုံးပြုကြသည်။ သပြေပင်သည် ကမ္ဘာဦးစ ပထမဆုံးပေါက်သည့် အပင်ဖြစ်၍ ထိုအပင်ကို အထွတ်အမြတ်ထားသည့်အနေနှင့် တံခွန်တိုင်အဖြစ် စိုက်ထူကြခြင်းဖြစ်သည်။

ရွေးချယ်ထားသည့် အပင်သည် ပိုးထိုးသည့် အပင်၊ နှစ်ပင်ပူးနေသည့်အပင်၊ သင်္ချိုင်းမြေ၌ ပေါက်သောအပင်၊ နွယ်ပတ်သောအပင်၊ ကောက်ကွေ့သောအပင်တို့ မဖြစ်ရပါ။ အပြစ်အနာ ကင်း၍ ဖြောင့်တန်းရှည်လျားသော အပင်ကိုသာ ရွေးချယ်ရသည်။

ရွေးချယ်ထားသောအပင်သည် တံခွန်တိုင် အဖြစ် အသုံးပြုရန် သင့်မသင့် ကြက်ရိုးတစ်ဖန် ထိုးကြည့်ရပြန်သည်။ ကြက်ရိုးထိုး၍ ကောင်းသည့်နိမိတ်ဖြစ်လျှင် ထိုအပင်ကို တံခွန်တိုင်အဖြစ် စိုက်ထူရန် ရွေးချယ်ရသည်။

ကြက်ရိုးဗေဒင်အရ မကောင်းသည့် နိမိတ်ပြလျှင် ထိုအပင်ကို မခုတ်လှဲရပါ။ အကယ်၍ မကောင်းသည့် နိမိတ်ပြလျှက် တံခွန်တိုင်အဖြစ် ခုတ်ယူ အသုံးပြုလျှင် ရွာအတွင်းတွင် ရွာသူရွာသားများ အဖျားအနာ အသေအပျောက်များခြင်း၊ ဘေးအန္တရာယ် အမျိုးမျိုးကျရောက်တတ်သည့် အယူအဆရှိသည်။

တံခွန်တိုင် ခုတ်သည့်အဖွဲ့တွင် အမျိုးသား(၅၀)မှ (၁၀၀)အထိပါဝင်၍ အတီးအမှုတ်၊ အကအခုန်များဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် တပျော်တပါးသွားကြသည်။ ရွေးချယ်ထားသော အပင်ကို နတ်ဆရာက စတိသဘောဖြင့် သစ်လုံးကို ခုတ်ရသည်။ ထို့နောက်မှသာ ကျန်လူများက ဝိုင်းဝန်းခုတ်ရသည်။

သစ်ခုတ်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့်မရှိပေ။ သစ်ခုတ်မည့်သူသည် သန့်ရှင်းသော ပုဂ္ဂိုလ်ဖြစ်ရမည်။ မိမိနေအိမ်တွင် ကြက်လေးပေါက်ခြင်း၊ ဝက်မွေးခြင်း၊ မိန်းမမီးနေခြင်း၊ မိန်းမကိုယ်ဝန် ဆောင်ခြင်းရှိသည့်အိမ်မှ ပုဂ္ဂိုလ်များ လိုက်ပါခြင်း မပြုရပါ။

တံခွန်တိုင်ခုတ်ယူသည့် ရက်များတွင် တံခွန်တိုင်ခုတ်သည့် လုပ်ငန်းမှအပ တောင်ယာသွားခြင်း၊ ခေါင်ချက်ခြင်း အစရှိသော အခြားမည်သည့် အလုပ်ကိုမှ မလုပ်ရပေ။ ရွာထဲရှိ လူတစ်ဦးဦး သေဆုံးပါက တံခွန်တိုင် ခုတ်မည့်ရက်ကို ရွေ့ဆိုင်းရသည်။

ကေထျိုးဘိုးပွဲတော်ကို တစ်ပြည်နယ်လုံး စုပေါင်းလုပ်ဆောင်ကြတာရှိပြီး တိုက်နယ်အလိုက်၊ ကျေးရွာအလိုက်၊ စုပေါင်းလုပ်ဆောင်ကြတာတွေလည်း ရှိပါသည်။

ကေ့ထျိုးဘိုး(တံခွန်တိုင်)ကို ယုံကြည်ကိုးကွယ်မှုတစ်ခုအဖြစ် မှတ်ယူကြသူများ ရှိသည့်အပြင် ရိုးရာဓလေ့တစ်ခုအဖြစ် မှတ်ယူကြသူများလည်း ရှိသည်။

ကေးလျားကျေးရွာတွင် နေထိုင်သော ခူးလိရယ်အန်းဂျလိုက ၎င်း၏ သဘောထားကို ယခုကဲ့သို့ ပြောသည်။

“ကေထျိုးဘိုးဆိုတာရိုးရာဓလေ့တစ်ခုပဲ။ ယုံကြည်ကိုးကွယ်မှု တစ်ခုမဟုတ်ဘူး။ လူမျိုးတစ်ခုဖြစ်ပြီဆိုရင် ရိုးရာဓလေ့ကို အထွတ်အမြတ် ထားကြတယ်။ ကျွန်တော်တစ်ယောက်အနေနဲ့ ဒါကတော့ ကျွန်တော်တို့ ရိုးရာတစ်ခုပဲ”ဟု ခူးလိရယ်အန်းဂျလိုက ပြောသည် ။

Comments

comments