spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စံပြသုံးမိုင်ပကြဲကျေးရွာအတွင်း မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးမှာ ဂိုဒေါင်စောင့်အလုပ်သမားဖြစ်ကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တဲ့ လွိုင်ကော်မြို့ စံပြသုံးမိုင် ပကြဲကျေးရွာက စစ်ကောင်စီတပ်ရဲ့မီးရှို့သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူနှစ်ဦးမှာ အသက် ၂၆နှစ်အရွယ်ရှိသူ စောကလိုစေး နဲ့ အသက် ၅၀ကျော်အရွယ်ရှိသူ ဦးဇွဲ ဖြစ်တယ်လို့ သေဆုံးသူမိသားနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ မီးရှို့သတ်ဖြတ်ခံရတာဖြစ်ပြီး ဂိုဒေါင်စောင့်အလုပ်သမားနှစ်ဦးဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နှိပ်စက်ပြီးမီးရှို့သတ်ဖြတ်ခံရတဲ့ ၎င်းတို့နှစ်ယောက်ရဲ့အလောင်းကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ KNDF နယ်မြေရှင်းလင်းရေးလုပ်ရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး စစ်တပ်ဝတ်စုံဝတ်စေကာ သတ်ဖြတ်ခဲ့တဲ့ပုံစံကို တွေ့ရှိရတယ်လို့ KNDF ကပြောပါတယ်။

အသက် ၂၆နှစ်အရွယ် စောကလိုစေးရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက “သူက အဖေလည်းမရှိဘူး သူ့အမေကိုလုပ်ကျွေးနေတာလေ။ တအားလိမ္မာတယ် အေးအေးဆေးဆေးပဲ စကားလည်းမပြောဘူး။ သူလေ မီးရှို့ခံရတာလေ သူ့ရဲ့ဆိုင်ကယ်ကော သေချာပြီလေ။ သေချာပြီဆိုတာ မီးရှို့တဲ့နေရာကိုက သူနေတဲ့အိမ်ရဲ့ခြံထောင့်မှာပဲ။” လို့ အတည်ပြု ပြောပါတယ်။

ယခင်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ မိခင်ဖြစ်သူနဲ့ နေထိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလပထမပတ်မှာ မိုင်းလုံးရပ်ကွက်တစ်ဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရှောင်ကြရတာဖြစ်ပါတယ်။ မိခင်ဖြစ်သူက စစ်ရှောင်ဖို့ ခေါ်ပေမယ့် ကျန်ရစ်ကာ အလုပ်လုပ်ပြီး ပိုက်ဆံပို့ပေးမယ်လို့ မိခင်ဖြစ်သူကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“သူ့သားကိုခေါ်တယ် သူ့သားကလည်း အမိုး နင်ပြေးတဲ့ ငါဒီမှာနေမှ နင့်ကိုပိုက်ဆံတွေဘာတွေပို့ပေးလို့ရမှာတဲ့ ဆရာနဲ့နေမှ နည်းနည်းပါးပါးပိုက်ဆံရစရာရှိတာ ပို့လို့ရမှာတဲ့။ သူ့အမေကလည်း ပြေးလာတော့ ပိုက်ဆံ ၆သောင်းပဲပါတယ်တဲ့။ အဲ့ဒါကြောင့် သူကနေခဲ့တယ် အဲ့လိုမျိုးပေါ့။ နှစ်ပတ်လောက်ကြာတော့ သူ့အမေကို သူပိုက်ဆံပို့ပေးသေးတယ်လေ Wave Money နဲ့။” လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။

အလားတူ အသက် ၅၀ကျော်အရွယ်ရှိတဲ့ ဦးဇွဲမှာလည်း ဇနီးနဲ့ သမီး ၃ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အရပ်သားနှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ကရင်နီပြည်ရဲဌာန(KSP)မှ အမှုဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

“မီးရှို့ခံရတဲ့ သူတွေတော့သိရပြီ။ ခုအသေးစိတ်အချက်လက်ရဖို့မိသားစုဝင်တွေနဲ့ချိတ်ဆက် ဆောင်ရွက်နေပါတယ်ဗျာ။ ကျတော်တို့က ခုချိန်ကြားကာလမှာတော့ စကစဘက်က အပြစ်မဲ့ပြည်သူတွေကို လူသားမဆန်စွာသတ်ဖြတ်မှု လူ့အခွင့်အရေးချိုးဖေါက်နေမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်လှစ်ကာ အမှုတွဲထားခြင်းဖြစ်ပါတယ်။”လို့ KSP ပြောဆိုခွင့်ရသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကနေ မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်း ဝင်ရောက်ချိန်မှာ နေအိမ်တွေကို ဖျက်ဆီးတာ၊ မီးရှို့တာ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေ ကျူးလွန်လျက်ရှိနေပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သွားလာမှုကို အထူးဂရုစိုက်သွားလာကြဖို့ KSP က တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လွိုင်ကော်မြို့နယ် ပကြဲကျေးရွာအနီးမှာ ကရင်နီတပ်မတော်(KA)၊ KNDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရပ်သားပြည်သူနှစ်ဦး အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံနေအိမ်အချို့လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

လွိုင်ကော်မြို့နယ်မှာ ၂၀၂၂ခုနှစ်အတွင်းမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ၊ သတ်ဖြတ်ခံရသူ ၃၀ကျော်ရှိနေပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ အရပ်သား သတ်ဖြတ်ခံရမှု လက်ရှိအချိန်ထိ ၂၃၀ကျော်ရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img

Recent posts