spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စျေးဆိုင်တွေမှာ ရောင်းချနေတဲ့ စစ်တပ်ထုတ် ဒဂုံ ဘီယာတွေကို ဖယ်ခုံ KNDF ဖျက်ဆီး

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ KNDF ရဲ့ စိုးမိုး နယ်မြေထဲမှာ စစ်တပ်ထုတ်ကုန်တွေကို မရောင်းချဖို့၊ အသုံးမပြုဖို့ အသိပေးထားတာတွေရှိသလို စျေးဆိုင်တွေနဲ့ ပစ္စည်းတင်ပို့လာတဲ့ ကုန်ကားတွေမှာ စစ်ဆေးတွေ့ရှိပြီး ဖျက်စီးတာတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာလည်း ဒဂုံ ဘီယာတချို့ကို စစ်ဆေးတွေ့ရှိတဲ့အတွက် ဖျက်ဆီးခဲ့တယ်လို့ KNDF B-03 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ရဲ့ လှုပ်ရှားနယ်မြေအတွင်းမှာရှိတဲ့ စျေးဆိုင်တွေက တွေ့လာတာပါဗျ။ အရေအတွက်ကိုတော့ ကျနော်တို့လည်း မရေထားမိဘူး။ တချို့ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေ တင်ရောင်းနေတုန်းမို့ စစ်ဆေးရေးဝင်ရတာပါ” လို့ KNDF B-03 က ပြောပါတယ်။

KNDF B-03 အနေနဲ့ အခုလို စစ်တပ်ထုတ်ကုန်တွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်တာ ၈ ကြိမ် ရှိပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင်းတစ်နေရာမှာ စစ်ကောင်စီထုတ် ဒဂုံဘီယာ အဖာ ၅၄၀ ကို ဖယ်ခုံ PDFကနေပြီး စစ်ဆေးတွေ့ရှိကာ ဖျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။

ဒဂုံဘီယာတွေကို ပုံစံပြောင်း သယ်ဆောင်လာတာတွေလည်း ရှိနေတယ်လို့ KNDF B-03 က ဆိုပါတယ်။

“ကျနော်တို့ ဖက်မှာတော့ စျေးဆိုင်မှာ ရောင်းတာတော့ ပိတ်ထားတယ်။ ကန့်သတ်ထားတယ်။ မရောင်းဖြစ်တော့ဘူး ပြီးခဲ့တဲ့ တစ်ပတ်ကဆို ကားကို ဖမ်းဆီး စစ်တာ နှစ်ခါမိတော့ ပထမတစ်ခါကတော့ သူတို့ ဒီအတိုင်း ဒဂုံ နီက သူတို့ တံဆိပ်နဲ့ပေါ့နော။ အခုနောက်ပိုင်းက သူတို့ သီးသန့်အနေနဲ့ ဖာအဖြူတွေ လုပ်လာတာတွေ့တယ်။ပြီးခဲ့တဲ့ သုံး၊ လေးရက်က ပဲပေါ့နော” လို့ KNDF B-03 တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဒဂုံဘီယာ အဖာ ၂၄၀ ကျော် သယ်ဆောင်လာတဲ့ ယာဉ်ကို ဖယ်ခုံ PDF တပ်ရင်း ( ၂ ) နဲ့ KNDF B-03 တို့ စစ်ဆေးတွေ့ရှိပြီး ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

spot_img
spot_img