ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေညီညွှတ်ကြဖို့ ရွေးကောက်ပွဲ အနိုင်ရ NLD နဲ့ KYSDP ကိုယ်စားလှယ်တွေတိုက်တွန်း

0
562

ကန္တာရဝတီတိုင်းမ်

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KYSDP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ကိုယ်စားလှယ်တချို့ဟာ  ဒီကနေ့ (ဖေဖော်ဝါရီလ ၄ရက်နေ့ ) မှာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေညီညွှတ်ကြဖို့အတွက်ကိုရည်ရွယ်ပြီး အချက်(၄)ပါတဲ့ ထုတ်ပြန်ချက်တစ်ဆောင်ကို ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုပါတီ ၂ခုကနေ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာဟာ  ပါတီ ၂ခုလုံးရဲ့ အားပေးထောက်ခံသူတွေ အချင်းချင်းညီညွှတ်စေဖို့အတွက် ဖြစ်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးဦးသဲရယ်က ပြောပါတယ်။

“လက်ရှိပြည်သူလူထုတွေ ဒီလို စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့၊ ပယ်ဖျက်ဖို့၊ ဖျက်သိမ်းဖို့ဆိုပြီးတော့မှ လမ်းပေါ်ထွက်ပြီးတော့မှ တောင်းဆိုတဲ့အခါမှာ ကျနော်တို့ ပါတီ တစ်ခုချင်းစီရဲ့အားပေးထောက်ခံကြတဲ့ လူထုတွေက မတူကြဘူး။ အဲ့ဒါကြောင့် ကျနော်တို့ကလဲ လူထုတွေညီညွှတ်မှုရှိအောင်၊ သဘောထားကွဲလွဲမှုတွေမရှိအောင်၊ ဆိုပြီးတော့မှ ကျနော်တို့ကလူထုတွေအနေနဲ့ စံပြဖြစ်အောင်၊ ညီညီညွှတ်ညွှတ်ရှိကြဖို့ဆိုတဲ့ မက်စ်ဆေ့ကိုကျနော်တို့ ပေးချင်တာဖြစ်တယ်။”လို့ ဦးသဲရယ်က ပြောပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ပါတီအနေဖြင့်ထုတ်ပြန်ခဲ့တာ မဟုတ်ပဲ ပါတီ နှစ်ခုမှ အနိုင်ရကိုယ်စားလှယ်တွေ အနေဖြင့် ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းမှုကို ရှုံ့ချ ပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးကို လူထုနဲ့ အတူ ရပ်တည်သွားမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်မှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် စစ်အာဏာရှင် ကျဆုံးဖို့ ပြည်သူတရပ်လုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကယားပြည်နယ်မှ မဲဆန္ဒနယ် ၃၄နေရာ တဲ့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ၂၀ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KYSDP)က ၈ နေရာနဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။