တန်ဖိုးထားမှုနဲ့ ယှဉ်တွဲတဲ့ ခေတ်ဟောင်းရိုးရာဆင်ယင်မှု(သို့မဟုတ်) ဒေါလဲဒူ ကယားအမျိုးသမီးများ

ခေတ်ဟောင်းရိုးရာဝတ်စုံနှင့် ဒေါလဲဒူ အမျိုးသမီးများ (ဓါတ်ပုံ-ဖဲဘူး)

ဖဲဘူးရေးသားသည်။

ရှားတောက ဒေါလဲဒူ လို့ခေါ်တဲ့ ကယားလူမျိုးတွေနေထိုင်တဲ့ကျေးရွာဟာ လွိုင်ကော်ကနေ ရှားတောမြို့ကိုသွားတဲ့ လမ်းမကြီးဘေးမှာ တည်ရှိပါတယ်။ တောင်ထိပ်ပေါ်မှာ တည်ရှိတာကြောင့် ညနေစောင်းဆိုရင် ချမ်းစိမ့်စိမ့်နဲ့ အေးမြတဲ့ရာသီဥတုကို နှစ်သက်သူတွေအတွက်ကတော့ သဘောတွေ့မှာအမှန်ပါ။

ရှားတောမြို့နယ်ဟာ အရင်က စစ်အစိုးရလက်ထက်မှာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အဲဒီကဒေသခံတွေဟာ စစ်ဘေးအန္တရာယ်ကနေ ရှောင်ပြေးကြရင်း ဟိုရွှေ့ဒီရွှေ့နဲ့ ပြောင်းရွှေ့ခဲ့ကြရတာပါ။ တိုင်းပြည်တည်ငြိမ်လာဲ့အခါ နေရင်းရွာတွေမှာ ပြန်လာနေကြပြီး တောင်ယာလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒီ ၂၁ ရာစု ခေတ်ကြီးထဲမှာ အရာရာဟာ တိုးတက်ပြောင်းလဲလာသလို လူတွေရဲ့ နေထိုင်ပြုမှုပုံစံဟာ ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ ဒေါလဲဒူရွာမှာတော့ ရှေးကယားတွေရဲ့ နေထိုင်မှုပုံစံတွေကို တွေ့မြင်နေရပါသေးတယ်။
ထူးခြားတာက ဒေါလဲဒူကျေးရွာမှာ ရှေးကယားရိုးရာဝတ်စုံကို ဝတ်ဆင်တဲ့ အမျိုးသမီးကြီး တော်တော်များများကို တွေ့ရပါသေးတယ်။ သူတို့တွေကတော့ မိရိုးဖလာရိုးရာဝတ်စုံတွေကို ထိန်းသိမ်းနိုင်ကြသူတွေလို့ ပြောရမှာပါ။

အခုခေတ် ပွဲလမ်းသဘင်တွေမှာပဲ အများအားဖြင့် ဝတ်ဆင်ကြတော့တဲ့ ရှေးကယားဝတ်စုံကို အိမ်နေအဝတ်အစားတွေလိုပဲ ဝတ်ဆင်ထားနေကြဆဲပဲလို့ မော်ကူးမိုက ပြောပါတယ်။

“ငယ်ငယ်ကတည်းက မိဘက ဒီလိုပဲ လုပ်ခိုင်းထားတယ်။ သူတို့လိုပဲဝတ်ဖို့ မိဘတွေက ပြောတယ်လေ။ သားသမီးတွေကတော့ တခြားဟာဝတ်ဖို့ပြောတယ်။ ဒါပေမဲ့ ကျွန်မက မလှဘူးလားလို့ သူတို့ကို ပြန်ပြောတယ်လေ။” 
ရိုးရာအဝတ်အစားတွေက ဝတ်လေ့ဝတ်ထမရှိသူတွေအဖို့တော့ လှုပ်ရှားသွားလာတဲ့အခါ အခက်အခဲတွေရှိစေတာ မြင်ယုံနဲ့တင် သိနိုင်ပါတယ်။ ဒါပေမယ့် နှစ်ရှည်လများ ဝတ်လာတဲ့ သူတို့တွေအဖို့ကတော့ ကျင့်သားရနေပါပြီ။ နောက်တက်လာတဲ့ ခေတ်လူငယ်တွေအဖို့ကတော့ ရိုးရာဝတ်စုံကို အချိန်ကြာကြာ ဝတ်ဆင်ထားရရင် သူတို့အတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။
“မလှဘူး၊ ရှုပ်ယှက်တာတွေ မလုပ်ချင်ဘူးလို့ ပြောတယ်လေ။ ရေချိုးရင်လည်း ခက်တယ်လေ။ ရိုးရိုးဝတ်တော့ ရေချိုးရတာ ပိုအဆင်ပြေတယ်လို့ ပြောကြတယ်။”လို့ မော်ကူးမိုက ပြောပါတယ်။

ဒါ့အပြင် ကယားရိုးရာဝတ်စုံတွေဟာ လွယ်လွယ်ကူကူ ဝယ်ယူလို့ မရပါဘူး။ ဝတ်ဆင်ချင်တဲ့သူတွေ ကိုယ်တိုင်ယက်လုပ်ကြရတာ ဖြစ်ပါတယ်။ လက်နဲ့နားတွေမှာ ဝတ်ဆင်ထားတဲ့ အဆင်တန်ဆာတွေဟာလည်း ငွေထည်နဲ့ သွန်လုပ်၊ ထုလုပ်ထားတာပါ။ အလွယ်တကူဝယ်လို့မရတာကြောင့် ယနေ့ခေတ်မှာ ဝတ်ဆင်သူတွေနည်းစေတဲ့ အကြောင်းရင်းတစ်ခုလို့ ပြောရမှာပါ။

ငယ်စဉ်ကတည်းက ဝတ်ဆင်လာတဲ့ ဒေါကူးမိုတောင်မှ သူ့မှာ ဝတ်စုံ ၄ စုံသာ ရှိတယ်လို့ ပြောပါတယ်။

“ကျွန်မ ငယ်ငယ်ကတည်းက ဒီလိုပဲ ဝတ်လာတာ။ ဒီလိုပဲဝတ်ပြီး ဒီလိုပဲ အလုပ်လုပ်ကြတာပဲ။ တစ်စုံတစ်စုံကို နှစ်နှစ်၊ သုံးနှစ်လောက်တော့ ဝတ်လို့ရတယ်။ အခုလက်ထဲမှာ ၄ စုံ ကျန်သေးတယ်။”
ဒီဒေါလဲဒူရွာမှာ ဒေါကူးမိုလိုပဲ ရိုးရာအဝတ်အစားဝတ်ဆင်သူ အမျိုးသမီးကြီး ၂ဝ ကျော်လောက် ရှိပါတယ်။

လူဦးရေ ၂ဝ လောက်ဟာ ဒေါလဲဒူကျေးရွာမှာရှိတဲ့ အမျိုးသမီးဦးရေရဲ့ ထက်ဝက်နှုန်း ဖြစ်ပါတယ်။ ထက်ဝက်လို့ပြောပေမယ့် တခြားဒေသတွေနဲ့ယှဉ်ရင်တော့ လူဦးရေအချိုးအစားအရကော အရေအတွက်အရပါ ဝတ်ဆင်ထားသူတွေများနေတယ်လို့ ပြောလို့ရပါတယ်။

ဒီဒေါလဲဒူမှာတော့ အသက်ငယ်ကလေးတွေနဲ့ လူငယ်မိန်းမပျိုလေးတွေက ရိုးရာဝတ်စုံဝတ်ဆင်တာကို မတွေ့ရပါဘူး။

သူတို့အတွက် ရိုးရာဝတ်စုံဝတ်ထားရတာက လှုပ်ရှားတဲ့အခါ ခက်ခဲကြတဲ့အပြင် အလွယ်တကူဝယ်လို့ မရတာတွေကြောင့်လည်း မဝတ်ကြတော့တာဖြစ်တယ်လို့ အသက် ၁၈ နှစ်အရွယ် မော်မဲမိုက ပြောပါတယ်။
“ရိုးရာဝတ်စုံက မလှဘူး ဒါကြောင့် မဝတ်ချင်ဘူး။ ဝတ်တော့ဝတ်ကြည့်ဖူးတယ်။ ဒါပေမဲ့ မလှတော့ မဝတ်ချင်ဘူး။ မပျော်ဘူး။ စူးတယ်။ ပြီးတော့ ဝတ်လို့ရှိရင် ပေါင်နာတယ်။ ဈေးကြီးတယ်။ နားဆွဲတွေဆိုရင်လည်း ဈေးကြီးတယ်။ ရိုးရိုးဝတ်တော့ပိုပြီး ဈေးသက်သာတယ်လေ။”လို့ မော်မဲမိုက ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ခေတ်ရေစီးကြောင်းနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေအရ ပိုမိုအဆင်ပြေစေတဲ့ ရိုးရိုးသာမန်အဝတ်အစားတွေကိုသာ ဝတ်ဆင်ကြတယ်။ အသက်ကြီးလို့ အိမ်ထောင်သားမွေးပြုပြီးကြရင်တော့ မိခင်ရိုးရာဝတ်စုံကို ဝတ်ဆင်လာကြတယ်လို့ ပြောပါတယ်။

ဒါကလည်း ရိုးရာယဉ်ကျေးမှုတစ်ခု ပပျောက်မသွားအောင် ဒေသခံတွေက အတတ်နိုင်ဆုံးနည်းနဲ့ ထိန်းသိမ်းနေကြတဲ့ နည်းတစ်ခုပဲ ဖြစ်ပါတယ်။
“သူတို့က အိမ်ထောင်မပြုရသေးတော့ ပြောလို့မရဘူး။ အိမ်ထောင်ပြုသွားရင်တော့ မိဘတို့ထုံးစံအတိုင်း လိုက်လုပ်ဖြစ်ကြမယ်ထင်တယ်။ အသက်မကြီးသေးတော့ မသိသေးတာပေါ့နော။ လှတာတော့ သိပ်လှပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့လေ။ လှအောင်ဆင်ရင်တော့ လှပါတယ်။ ကျွန်တော်တို့လူမျိုးတွေလည်း မပျောက်သွားနိုင်ဘူးပေါ့နော။”လို့ ဒေါလဲဒူရွာက လူငယ်တစ်ဦးဖြစ်သူ ငါးရယ်က ဆိုပါတယ်။

လက်ရှိကယားပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းတွေမှာ နိုင်ငံခြားသားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ကယားအမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံတွေကို ဝတ်ဆင်နေသေးတဲ့ ဒေါတမကြီးကျေးရွာကို ပြည်နယ်အစိုးရက လူထုအခြေပြုခရီးသွားလုပ်ငန်းနေရာတစ်ခုအဖြစ် ဖော်ဆောင်ထားပါတယ်။

ဒါပေမယ့် ဒေါတမကြီးကျေးရွာဟာ ဒေါလဲဒူကျေးရွာနဲ့စာရင် ရိုးရာဝတ်ဆင်သူ အမျိုးသမီးအရေအတွက် ပိုနည်းနေပါတယ်။ ဒါ့အပြင် ဒေါလဲဒူဟာ ရှေးဆန်တဲ့ ကယားလူမျိုးတွေရဲ့ပုံစံကို မြင်တွေ့နေရသေးတာကြောင့် ခရီးသွားလုပ်ငန်းနေရာတစ်ခုအဖြစ် ဖော်ဆောင်ပေးမယ်ဆိုရင် ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်တဲ့အနေအထားရှိပါတယ်။

Comments

comments

Next Post

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန (လွိုင်ကော်ရုံးခွဲ)၏ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်နှင့် အင်တာဗျူး 

Fri Nov 17 , 2017
ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ်မှာ ဒီငြိမ်းချမ်းရေးလက်မှတ်မထိုးသေးသော်လည်းပဲ ငြိမ်းချမ်းနေပြီပေါ့နော။ သေနတ်သံတွေမကြားရဘူး။ ငြိမ်းချမ်းနေတဲ့အတွက်ကြောင့် ဒီကယားပြည်နယ် ခရီးသွားလုပ်ငန်း အခြေအနေက ဖွံ့ဖြိုးတိုးတက်လာတဲ့အပေါ် မူတည်ပြီးတော့ ပြည်တွင်းပြည်ပ ပိုမိုစိတ်ဝင်စားပြီး လာရောက်ကြတဲ့ အနေအထား ရှိ်ပါတယ်။ မေး။ ။ ၂၀၁ရ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းကနေ ခရီးသွားဦးရေ ဘယ်လောက် ဝင်ရောက်ခဲ့ပြီးပြီလဲ။ ဖြေ။ ။ ခုထိ ၂၀၁ရ အောက်တိုဘာလဆိုရင် ကျတော်တို့က ပြည်တွင်းစုစုပေါင်းပေါ့နော။ ၂၁၈၇၂ ယောက်ရယ် နောက်ပြီးတော့ ပြည်ပဦးရေးက ၆၅၄၄ ဦး လောက်တော့ ဝင်ရောက်ခဲ့ပြီးပေါ့နော။ မေး။ ။ ဒီကနေ ၂၀၁ရ လျာထားချက် ဘယ်လောက်ထားရှိသလဲ။ ဖြေ။ ။ ကျတော်တို့ ၂၀၁ရယာထားချက်က ပြည်တွင်း […]