တန်ဖိုးမြှင့်ထုတ်ကုန်ဖြင့် ကယားပြည်နယ်ကြီး တိုးတက်ပါစေ

သျှံထွန်းတောက်ရေးသားသည်။

“မင်းတို ့မြန်မာပြည်က ဘီယာတွေရဲ့ အရသာကို ငါမကြိုက်ဘူးကွာ။”
“ကျွန်တော်လည်း ဂျပန်က ဘီယာရဲ့ အရသာကို မကြိုက်ဘူးဗျ”

အနှီစကားကိုပြောဖြစ်ခဲ့တာကတော့ စာရေးသူနဲ့ ဂျပန်နိုင်ငံ Kyoto Comparative Law Centre – KCLC က ပရော်ဖက်ဆာ မစ်စတာကီနိုရှိတာ တို့ပဲ ဖြစ်ပါတယ်။ မစ်စတာ ကီနိုရှိတာ ဆိုတာ မြန်မာနိုင်ငံမှာ ၂ နှစ်ကျော် နေထိုင်ခဲ့ဖူးသူတစ်ယောက်ဖြစ်လို့ မြန်မာနိုင်ငံ အကြောင်းကိုလည်း တော်တော်များများသိထားသူပါ။

မြန်မာနိုင်ငံရဲ့ မူပိုင်ခွင့်ဥပဒေ ထုတ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အသိပညာတွေ ဖြန့်ဝေခဲ့သလို ဥပဒေကြမ်းတစ်ခု ရုပ်လုံးပေါ်လာအောင် ထုဆစ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပရောဖက်ဆာနဲ့ စာရေးသူတို့ ဘီယာကောင်းကြောင်း မကောင်းကြောင်း စကား ဆက်စပ်မိလို့ ပြောမိကြရာက ရလာတဲ့ သင်ခန်းစာတွေရှိပါတယ်။ ကျွန်တော်တို့ မြန်မာတွေဟာ ကုန်ပစ်စည်း တစ်ခုကို ထုတ်လုပ်ရာမှာ မိမိတို့အကြိုက်ကို အလွန်အသားပေးပါတယ်။ မိမိနိုင်ငံအတွင်း အသုံးပြုဖို့အတွက်ပဲ ဆိုရင်တော့ အဆင်ပြေပေမယ့် နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက်ဆိုရင်တော့ မိမိတို့အကြိုက်ကို သိဖို့လိုသလို မိမိတို့ တင်ပို့မယ့်နိုင်ငံရဲ့ အကြိုက်ကိုလည်း သိဖို့လိုပါတယ်။

မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ဝိုင်ကိုတော့ ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ ကြိုက်ပါတယ်။ ဈေးနှုန်းလည်း ချိုသာ တဲ့အတွက် ဂျပန်ကို ထုတ်လုပ်တင်ပို့ဖို့ အကြံပေးပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာက ကြိုက်နှစ်သက်တဲ့ ထုတ်ကုန်တွေ အများကြီးရှိပေမယ့် နိုင်ငံတကာဈေးကွက်မှာ မျက်နှာပန်းလှပြီး ရောင်းတန်းဝင်မယ့် တန်ဖိုးမြှင့် ထုတ်လုပ်မှုတွေ ဖြစ်မလာတဲ့ အခြေအနေတွေ အကြောင်း ဆက်လက် ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။ 
စာရေးသူ နေထိုင်တဲ့ ကယားပြည်နယ်မှာ ပြန်ကြည့်ရင်လည်း ကယားဝက်အူချောင်း၊ ခေါင်ရည်၊ ရိုးရာအရက် စတာတွေထွက်ပေမယ့် တာရှည်အထားမခံတာ၊ ထုတ်ပိုးတဲ့စနစ် အားနည်းတာတွေကြောင့် ဈေးကွက်က ထင်သလောက် ကျယ်ပြန့်မလာခဲ့ပါဘူး။

ဒီလိုဒေသထွက်ကုန်တွေကို အသေးစား စီးပွားရေး လုပ်ငန်းအသွင် ဆောင်ရွက်နေရာကနေ အလတ်စား၊ အကြီးစားအဆင့်တွေကို တက်လှမ်းထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒီနေရာမှာ မေးစရာရှိလာတာက ဒေသထွက်ကုန်တွေကို ဘယ်လိုအရည်အသွေးမြှင့်ရမှာလဲ။ အရည်အသွေးမြှင့်တဲ့ နည်းတွေမသိဘူး၊ ဈေ။ကွက်ဘယ်လို ချဲ့ထွင်ရမယ်ဆိုတာ မသိဘူး ဆိုတဲ့ မြေပြင်က မေးခွန်းတွေကို အဖြေထုတ်ဖို့ လိုပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေအတွက် ပထဆုံးလှမ်းခဲ့တဲ့ ခြေလှမ်းတွေကို ပြန်ကြည့်ရင် ဒီလို အသေးစား စီးပွားရေးလုပ်ငန်းတွေကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ဖို့ ပျိုးထောင်ပေးတာပဲ ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ သူတို့ရဲ့ သတ်မှတ်ချက်တွေအရ စီးပွားရေးလုပ်ငန်းတွေကို အဆင့်အတန်း ခွဲခြားကြည့်တဲ့အခါ အများစုက အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီစီးပွားရေးရေးလုပ်ငန်းတွေ တိုးတက်လာအောင် လုပ်ပေးနိုင်မှသာ နိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒီလိုအသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ မူဝါဒနှင့် ရည်မှန်းချက်များ ချမှတ်ပြီး လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာဖွံ့ဖြိုးမှုနှင့် တီထွင်ဖန်တီးတတ်မှု၊ ငွေကြေးအရင်းအမြစ်၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ သင့်လျော်သော အကောက်ခွန်နှင့် လုပ်ထုံးလုပ်နည်းများ၊ လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်ကောင်းများ ရရှိရေးတို့ကို ဆောင်ရွက်သွားရမယ် ဆိုတဲ့အကြောင်းကို SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွက ပြောကြားထားတဲ့ စကားလည်း ရှိနေပါတယ်။

ဒီလို အသေးစား/ အလတ်စား စီးပွားရေးတွေ တိုးတက်လာဖို့အတွက်ဆိုရင် One Village One Product – OVOP (ကျေးရွာတစ်ခု ထုတ်ကုန်တစ်မျိုး) ပုံစံနဲ့ ကြိုးပမ်းနိုင်သလို Foreign Direct Investment – FDI (နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု)တွေနဲ့ ချိတ်ဆက်ပြီးတော့လည်း ဆွဲတင်နိုင်ပါတယ်။ 
ယခုဆောင်းပါးမှာတော့ စာရေးသူအနေနဲ့ ကျေးရွာတစ်ခု ထုတ်ကုန်တစ်မျိုး ဆိုတဲ့ အစီအစဉ်အကြောင်းကိုပဲ အသားပေးဖော်ပြသွားမှာဖြစ်ပြီး နောက်တစ်ခါမှ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုအကြောင်းကို သီးခြားထပ်ရေးပါဦးမယ်။

ကျေးရွာတစ်ခု ထုတ်ကုန်တစ်မျိုး(OVOP) ဆိုတာကတော့ ဂျပန်နိုင်ငံက စတင်ဖော်ထုတ်ခဲ့တဲ့ ဒေသဖွံ့ဖြိုးမှု အစီအစဉ်တစ်ခု ဖြစ်ပြီး ၁၉၈ဝ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ သဘောတရားကတော့ ကျေးရွာတစ်ရွာအနေနဲ့ သူတို့ရွာက အဓိက အများဆုံးထွက်တဲ့ ထုတ်ကုန်လည်း ဖြစ်ရမှာဖြစ်သလို တခြားဒေသကထွက်တဲ့ ထုတ်ကုန်နဲ့လည်း ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း အလားအလာကောင်းတဲ့ ပစ္စည်းတစ်ခုကို အရင်ရွေးချယ်ပါတယ်။

ပြီးတာနဲ့ အဲဒီစီးပွားရေးကို မိသားစုစီးပွားရေးပုံစံ မဟုတ်ဘဲ တစ်ရွာလုံးရဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းပုံစံအဖြစ် ပြောင်းလဲရမှာဖြစ်ပြီး ရရှိလာတဲ့အကျိုးအမြတ်ထဲက အချိုု့ကို ကျေးရွာရဲ့လူမှုအဆင့်အတန်းကို မြှင့်တင်ပေးသွားရမှာ ဖြစ်ပါတယ်။ ထုတ်ကုန်ရဲ့ အရည်အသွေးကို ပိုကောင်းသထက် ပိုကောင်းလာဖို့ တစ်ရွာလုံး ပုံမှန်ဆွေးနွေးအဖြေရှာပြီး ကျေးရွာတစ်ခုလုံး တိုးတက်သထက် ပိုပိုပြီး တိုးတက်လာအောင် လုပ်ကြရတာမျိုးပါ။

ဒီလိုပုံစံ အလားတူ သဘောတရားမျိုးကို ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ် လက်ထက်က အစိုးရရဲ့ အခန်းကဏ္ဍပါဝင်ပြီး One Tambon One Product ဆိုတဲ့ အစီအစဉ်ကို အသက်သွင်းခဲ့ချိန်မှာတော့ တကယ့်ကိုအောင်မြင်မှုကောင်းတွေ ရခဲ့ပါတယ်။ အခုအချိန်မှာဆိုရင် တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် အပြင် အမေရိကန်နိုင်ငံတို့ပါ ဒီသဘောတရားကို မိမိနိုင်ငံရဲ့ အခြေခံသဘာဝနဲ့ လိုက်လျောညီထွေရှိမယ့် အစီအစဉ်တွေအဖြစ် ပြုပြင် အကောင်အထည် ဖော်နေကြပါပြီ။

ဒီနေရာမှာ နိုင်ငံတော်အစိုးရက ကျေးရွာတစ်ခုရဲ့ ထွက်ကုန်အပေါ် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေ၊ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ နည်းပညာနဲ့ အကြံဉာဏ်တွေ၊ ဈေးကွက် ဖော်ထုတ်ချက်တွေကို လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ဥပဒေမူဘောင်တွေကို ပြည်ထောင်စုအစိုးရအဆင့်က ဖော်ဆောင်နေချိန်မှာပဲ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအနေနဲ့ အခြား နည်းလမ်းတွေကို အသုံးပြုပြီး ကျေးရွာဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးလို့ရပါတယ်။

ဥပမာပြောရရင် စာရေးသူတို့ ကယားပြည်နယ်မှာ ပြောင်းစိုက်ပျိုးမှုများသလို ပြောင်းအထွက် လည်းများပါတယ်။ ဒီတော့ ပြည်နယ်အစိုးရအနေနဲ့ ပြောင်းစိုက်ပျိုးမှုနည်းစနစ် မြင့်မားလာဖို့ နည်းပညာပံ့ပိုးပေးရပါမယ်။ နောက်ပြီး ပြောင်းကို ကုန်ကြမ်းအတိုင်း ရောင်းချနေရာကနေ တစ်ဆင့်မြှင့်ပြီး တန်ဖိုးမြင့်ထုတ်လုပ်နိုင်မယ့် ကုန်ချောအမျိုးအစားတွေကို ဒေသခံစီးပွားရေး လုပ်ငန်းရှင်တွေကိုယ်တိုင် လုပ်နိုင်လာအောင် လမ်းကြောင်းတွေ ဖွင့်ချပေးရမယ်။

ဒေသခံတွေကိုယ်တိုင် မလုပ်နိုင်တဲ့ လုပ်ငန်းတွေအတွက် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မယ့် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ဒေသခံလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပွဲ(Business Matching) တွေ လုပ်ပေးရမယ်။

လုပ်ငန်းရှင်ချိတ်ဆက်ပွဲဆိုတာကို ဥပမာပြောရရင် ကယားပြည်နယ်မှာ ခေါင်ရည်ထွက်တယ်။ ခေါင်ရည်ကို တာရှည်ခံပြီး ပုလင်းလှလှလေးတွေနဲ့ ထုတ်လုပ်နိုင်အောင်၊ နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်အောင် လိုအပ်တဲ့ တန်ဖိုးမြှင့်တင်မှုတွေ ဒေသခံနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ပြည်ပလုပ်ငန်းရှင်တွေကို ချိတ်ဆက်ပွဲမှာ ဖိတ်ခေါ်ချိတ်ဆက် ပေးရမယ်။

ပွဲမလုပ်ခင်ကတည်းက ကယားပြည်နယ်ရဲ့ ဘယ်ထွက်ကုန်တွေကို အဆင့်မြှင့်တင်မယ် ဆိုတာကို ရွေးချယ်ရပါမယ်။ ရွေးချယ်ပြီးတာနဲ့ ကိုယ့်ထွက်ကုန်တွေကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ပေးနိုင်မယ့် တစ်ဖက်က လုပ်ငန်းရှင်တွေကို စနစ်တကျဖိတ်ခေါ်တွေ့ဆုံပေးတာမျိုး ဆောင်ရွက်ပေးရမှာပါ။

ဒီနေရာမှာ နောက်တစ်ခု ပြောချင်တာကတော့ အစမှာ စာရေးသူပြောခဲ့သလို မြန်မာနိုင်ငံက ထုတ်လုပ်သူတွေအနေနဲ့ မိမိတို့အကြိုက် ထုတ်လုပ်တာထက် ဈေးကွက်အကြိုက် ထုတ်လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာပြောရရင် ကယားပြည်နယ်မှာ ပြောင်းစိုက်ကြတယ်။ ပြောင်းဖူးအမွှေးတွေကိုကျတော့ လွင့်ပစ်ကြတယ်။ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေမှာဆိုရင် အဲ့ဒီ ပြောင်းဖူးမွှေးတွေကနေ လက်ဖက်ခြောက်အဖြစ် ပါကင်လှလှလေးတွေထုပ်ပိုးပြီး ရောင်းကြပါတယ်။

နိုင်ငံတကာက သုတေသန ပြုလုပ်ချက်တွေအရ ပြောင်းဖူးမွှေးလက်ဖက်ရည်ကို သောက်ရင် ဆီး လမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ရောဂါအချို့ကို ကာကွယ်ပေးတယ် လို့ဆိုပါတယ်။ ကယားပြည်နယ်မှာတော့ အမှိုက်ပေါ့။ သူတို့ဆီမှာက ငွေတွင်းဖြစ်နေတယ်။

ကယားပြည်နယ်ကထွက်တဲ့ ဝက်အူချောင်း၊ ခေါင်ရည်၊ ပြောင်းဖူးတွေ အပါအဝင် ဒေသထွက် ပစ္စည်းတွေကိုသာ အရည်အသွေးမြှင့်ပြီး ထုတ်လုပ်နိုင်လာမယ်ဆိုရင် ကယားပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒါဟာလည်း လမ်းစတစ်ခုဖြစ်နိုင်ပါတယ်။ နိုင်ငံတော်အစိုးရကတော့ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ အမှန်တကယ်လိုအပ်နေတဲ့ ကွင်းဆက်လေးတွေကို လိုက်ပြီး ချိတ်ဆက်ပေးဖို့တော့ လိုတာပေါ့။

Comments

comments

Next Post

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးပါသော ဒေသအစိုးရစနစ်များ

Fri Jan 26 , 2018
ကျော်စိုးသူ(Economic Development)ရေးသားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နှင့်အတူ ရှင်သန်မွေးဖွားလာရသော နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူအများက အလိုချင်ဆုံးသော အရာတစ်ခုဖြစ်ပေသည်။ ပြည်သူမှ ပေါက်ဖွားလာသော အစိုးရတိုင်း၏ နံပါတ်တစ် ရည်မှန်းချက်လည်းဖြစ်ပေသည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်တရာ ခွဲခြားရခက်လှသော ပုစ္ဆာများပင်ဖြစ်သည်။ ထိုသို့ပြည်သူနှင့် အစိုးရများ လိုလားတောင်းတလျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေသအစိုးရများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးသည်ကိုု သတိထားသင့်ပေသည်။ ဒေသအစိုးရခေါင်းဆောင်များ၏ အရည်အချင်းအမြော်အမြင်နှင့် လက်တွေ့လုုပ်ကိုင်ဆောင်ရွက်မူများ ကသာ ဒေသငြိမ်းချမ်းရေးဖြစ်စဉ်များကို အားကောင်းလာစေမှာဖြစ်သလို ထိုမှတစ်ဆင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးကို ရရှိခံစားလာနိုင်မည့် အချက်ကို သတိပြုမိသင့်ပေသည်။ စီမံကိန်းများနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ပွင့်လင်းမြင်သာစွာချပြပြီး အတူတကွ ပူးပေါင်းဆာင်ရွက်နိုင်ဖို့အလွန်အရေးကြီးပေသည်။ ထိုမှသာ […]