spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများနှင့် လူ့အဖွဲ့အစည်း

Author

Date

Category

သျှံထွန်းတောက် ရေးသားသည်။

မြန်မာနိုင်ငံရဲ့ နေရာအနှံအပြားမှာ တွေ့မြင်ကြားသိနေရတဲ့ သတင်းအကြောင်းအရာ အချို့ရှိ ပါတယ်။ ကြာဇံ/ ခေါက်ဆွဲထုတ်လုပ်တဲ့ စက်ရုံ၊ အရက်ချက်စက်ရုံ စသည်စသည်ဖြင့် စက်ရုံ အချို့အချို့ တွေက စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး မခံမရပ်နိုင်အောင် အနံ့ဆိုး တွေ ထွက်နေပါတယ် ဆိုတဲ့သတင်းမျိုး၊ အစားအသောက်တွေထဲမှာ ဓာတုဗေဒဆေးတွေ အလွန်အကျွံ သုံးစွဲနေတာ စစ်ဆေးတွေ့ရှိရတယ် ဆိုတဲ့သတင်းမျိုး၊ စက်ရုံ အလုပ်ရုံတွေက လုပ်ခလစာ ပုံမှန်ပေးချေ ခြင်း မပြုလို့ အလုပ်သမားတွေ ဆန္ဒပြကြတယ် ဆိုတဲ့သတင်းမျိုး၊ အရည်အသွေးမမီတဲ့ ထုတ်ကုန် ပစ္စည်းတွေကြောင့် သုံးစွဲသူများစိတ်ညစ်နေကြရတယ် ဆိုတဲ့သတင်းမျိုး စတာတွေပေါ့။

ဒါတွေအားလုံး ကို နိုင်ငံတကာ စီးပွားရေးရှုထောင့်တစ်ခုကနေ ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တွေအနေနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းများအဖြစ် ရပ်တည်ရှင်သန်မှု အားနည်းနေသေးတယ် ဆိုတာကို တွေ့ရှိရပါတယ်။

အရင်းရှင်စနစ်ကျဆုံးပြီးချိန်ကစလို့ ယခုအချိန်ထိ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်း ကျင် အပေါ် သက်ရောက်မှုတွေအတွက် ပုဂ္ဂလိကကဏ္ဍဍရဲ့ တာဝန်ယူမှု အတိုင်းအတာနဲ့ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိနေဆဲပဲ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ (Responsible Business) ဆိုတဲ့ စကားလုံးဟာ အခုနောက်ပိုင်းနှစ်တွေရောက်မှသာ မြန်မာနိုင်ငံက စီးပွားရေးနဲ့ ဆက် စပ်တဲ့ လူမှုနယ်ပယ်ကြားမှာ အတော်လေး လူပြောများလာတာပါ။ ဒါဆို စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီ တွေအနေနဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ ရှင်သန်လှုပ်ရှားဆောင်ရွက်ရမယ့် တကယ့်နေရာမှန်ကဘာလဲ။ စီးပွားရေးလုပ်ရမှာလား လူမှုရေးလုပ်ရမှာလား။ မြန်မာနိုင်ငံမှာကတော့ ဒီလိုငြင်းချက်ထုတ်သံတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေဆဲပါပဲ။

တကယ်တော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူမှု ပတ်ဝန်းကျင်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အမှီသဟဲပြုပြီးတော့ အကျိုးအမြတ် ရှာဖွေရတာ ဖြစ်လေတော့ မိမိအကျိုးအတွက် အထောက်အပံ့ဖြစ်စေတဲ့ ဒီလိုအရင်းအမြစ်ကြီးတစ်ခုကို ထိခိုက်နစ်နာ စေမဲ့ အမူအကျင့်တွေကို ရှောင်ရှားပြီး ကောင်းကျိုးတွေကို သယ်ဆောင်လာဖို့ ကြိုးစားတာဟာ တာဝန် ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ အမူအကျင့်ပါပဲ။

တာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် ပထမဆုံးတစ်ချက် က လူ့အခွင့်အရေးတွေကို လေးစားဖို့လိုပါတယ်။ မိမိလုပ်ငန်းခွင်အတွင်းမှာ ကလေးသူငယ် အလုပ် သမားတွေ ခန့်ထားတာမျိုး၊ လုပ်ခလစာ မှန်မှန် မပေးချေတာမျိုး၊ ကျား/မ ခွဲခြားဆက်ဆံတာမျိုး စတဲ့ မိမိလုပ်ငန်းခွင်အတွင်းက ဝန်ထမ်းတွေအပေါ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မပြုလုပ်မိဖို့ ရှောင်ရှားရမှာဖြစ်သလို မိမိစီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း အပေါ်မှာ လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မပြုလုပ်မိဖို့ လိုပါတယ်။ မိမိစီးပွားရေးလုပ်ငန်းကြောင့် ဆူညံသံတွေ ထွက်လာတာ၊ အနံ့ဆိုးတွေ ထွက်လာတာ၊ အမှိုက်နဲ့ အညစ်အကြေးတွေ ဖြစ်ပေါ်လာတာ၊ သဘာဝပတ်ဝန်းကျင် ပျက်ဆီးတာစတဲ့ ဆိုးကျိုးတွေအပါအဝင် အနီးပတ်ဝန်းကျင်က လူထုအပေါ် စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ သက်ရောက်မှုတွေကို မဖြစ်ပေါ်အောင် ဒါမှမဟုတ် နည်းပါးအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဥပမာတစ်ခုပြောရရင် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတစ်ခုက ကျောက်မီးသွေးတွေကို သယ်တဲ့အတွက် ပတ်ဝန်းကျင်မှာဖုန်ထတာ၊ လေထုညစ်ညမ်းတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ ကျောက်မီးသွေး သယ်တဲ့ ယာဉ်တွေကို အကာအကွယ်တွေနဲ့ ဖုံးအုပ်ပြီး သယ်ဆောင်တာဟာ တာဝန်ယူမှု ရှိတဲ့ လုပ်ရပ်တွေ ထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ သက်ဆိုင်ရာ ဥပဒေများကို လိုက်နာဖို့လိုပါတယ်။ အနည်းဆုံး အခကြေးငွေ ပေးချေဖို့၊ သက်ဆိုင်ရာလုပ်ငန်းအလိုက် ရရှိထားတဲ့ ခွင့်ပြုမိန့်၊ လိုင်စင် စတာတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေပါ အချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ဥပဒေချိုးဖောက်ပြီး လုပ်ငန်းတွေ လုပ်နေရင်တော့ ဒါဟာ တာဝန်ယူမှုမရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သွားပြီဆိုတာ အလွယ်တကူပဲ သတ်မှတ်လို့ ရပါတယ်။

ဒါ့အပြင် ကုမ္ပဏီတွေအနေနဲ့ အစိုးရဌာနတွေသွားတဲ့အခါ လက်ဖက်ရည်ဖိုး ပေးတာမျိုးလို အသေးစား လာဘ်ပေးလာဘ်ယူမှုတွေကအစ အစိုးရတင်ဒါတွေအောင်ဖို့လိုမျိုး ကိုယ်ကျိုး ကြီးကြီးမားမားရဖို့ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်တာမျိုးတွေကိုပါ ရှောင်ကြဉ်ရပါမယ်။ မြန်မာပြည်မှာရော ကမ္ဘာမှာပါအဖြစ်များတဲ့ အခြားကိစ္စတစ်ခုက အခွန်ရှောင်ဖို့ ကြိုးစားခြင်းပါပဲ။

တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အခွန်ရှောင်ခြင်းမပြုဘဲ မိမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ အခွန်တွေကို မှန်မှန်ပေးဆောင်ဖို့ လိုပါတယ်။ စီးပွားရေးဆိုတာ ယှဉ်ပြိုင်မှုဆိုပေမဲ့ တရားမျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်ဖို့တော့ လိုပါတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာလည်း ယှဉ်ပြိုင်မှုဥပဒေဆိုတာ ပေါ်လာပြီ ဖြစ်တဲ့ အတွက် စီးပွားရေးလုပ်ငန်းများအနေနဲ့ ဒီဥပဒေကိုလည်း လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

စီးပွားရေး လုပ်ငန်းများအနေနဲ့ မိမိရဲ့ စားသုံးသူများအပေါ်မှာလည်း တာဝန်ယူမှု ရှိဖို့လိုပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းက မိမိထုတ်ကုန်မှာ ဘေးဖြစ်စေမယ့် ဓာတုဆိုးဆေး တွေ သုံးတာမျိုး၊ ဆိုင်မှာလာဝယ်တဲ့ဈေးသည်ကို အရည်အသွေးမမီတဲ့ ပစ္စည်းတွေ ရောင်းလိုက်တာမျိုး၊ ဈေးဝယ်လာသူကို မချေမငံ ဆက်ဆံတာမျိုး စတာတွေဟာ တာဝန်ယူမှုမရှိတဲ့ အပြုအမူတွေပါပဲ။ ဒီလို အပြုအမူမျိုးတွေကို ရှောင်ရှားရမှာ ဖြစ်တဲ့အပြင် စားသုံးသူတွေအပေါ်မှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ ဒီနေရာမှာ စာရေးသူစိတ်ထဲမှာ မှတ်မှတ်ရရရှိနေတဲ့ အကြောင်းအရာ တစ်ခုကို ဖောက်သည် ချချင်ပါတယ်။

စာရေးသူအနေနဲ့ အိန္ဒိယနိုင်ငံကထုတ်တဲ့ ချိုချဉ်တစ်မျိုးကို စားရင်းနဲ့ အိတ်ခွံပေါ်က စာသားလေးကို ဖတ်ကြည့်မိပါတယ်။ အိတ်ခွံပေါ်မှာ ရေးထားတာက “ဤအိတ်ခွံ ပေါ်တွင် ဖော်ပြ ထားသည့် သစ်သီးပုံမှာ ရုပ်ပုံသာဖြစ်ပြီး အမှန်တကယ် သစ်သီးအစစ်ဖြင့် ထုတ်လုပ်ထားခြင်း မဟုတ်ပါ” ဆိုပြီး ရေးသားထားပါတယ်။ ဒါဟာဘာကိုဖော်ပြတာလဲဆိုတော့ မိမိရဲ့စားသုံးသူအပေါ်မှာ ပွင့်လင်းမြင်သာမှု ဘယ်လောက်ရှိတယ် ဆိုတာကို ပြသလိုက်တဲ့ သဘောပါပဲ။ မြန်မာနိုင်ငံက လုပ်ငန်းရှင် များအနေနဲ့လည်း မိမိထုတ်ကုန်အပေါ် စားသုံးသူတွေကို ပွင့်လင်းမြင်သာစွာ ချပြမှသာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု ရှိတဲ့ စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်လာမှာပါ။

တာဝန်ယူမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ မိမိလုပ်ငန်းကြောင့် ဖြစ်လာမဲ့ သဘာဝပတ် ဝန်းကျင်နဲ့ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုတွေကို အမြဲတမ်း လေ့လာ ဆန်းစစ်ဖို့လိုပြီး ရှောင်ရှားသင့်တာ ရှောင်ရှား ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးခြင်းကြောင့် လူမှုပတ်ဝန်းကျင်ရဲ့ ဆန့်ကျင်မှုတွေကို ရှောင်ရှားနိုင်မှာဖြစ်သလို စီးပွားရေးလုပ်ငန်းအနေနဲ့လည်း မိမိဂုဏ်ကို မြှင့်တင်ပြီးသားလည်း ဖြစ်လာမှာပါ။

တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းများလို့ ပြောလိုက်ရင် စီးပွားရေး လုပ်ငန်း ကြီးများရဲ့ လူမှုတာဝန် (Corporate Social Responsibility – CSR) နှင့် အကျိုးအမြတ် ခွဲဝေ အသုံးချခြင်း (Creating Shared Value – CSV) ဆိုတဲ့ အကြောင်းအရာ နှစ်ခုကလည်း တစ်ခါတည်း ကပ်ပါလာလေ့ ရှိ ပါတယ်။ ယူနီဒို (United Nations Industrial Development Organization – UNIDO) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာကတော့ CSR ဆိုတာ လုပ်ငန်းတစ်ခုရဲ့ စီးပွားရေး မိတ်ဖက်တွေ၊ လူမှုနယ်ပယ်နှင့် သူတို့လုပ်ငန်းလည်ပတ်မှုနဲ့ပတ်သက်နေတဲ့ သဘာဝပတ်ဝန်းကျင်အကြား ပေါင်းစပ် ဆောင်ရွက်တဲ့ စီမံခန့်ခွဲမှု ယူဆချက်တစ်ခုလို့ ဖော်ပြပါတယ်။ ဆိုလိုတာကတော့ CSR ဆိုတာ စီးပွားရေး နယ်ပယ်၊ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်လူ့အဖွဲ့အစည်း ဒီ(၃)ခုအကြား ဟန်ချက်ထိန်းညှိ ဆောင် ရွက်တဲ့ နည်းစနစ် တစ်ခုပါပဲ။

ဒီနေရာမှာ CSR ကို (၂) ပိုင်းခွဲပြီး ပြောရရင် ၁၉၈ဝ ဝန်းကျင် ခုနှစ်တွေမှာ CSR ဆိုတာ သူတို့ လုပ်ငန်းစုရဲ့ ပုံရိပ်တိုးတက်လာဖို့အတွက် ငွေကြေးလှူဒါန်းခြင်းနှင့် ပရဟိတအလုပ်တွေ ပြုလုပ်ပေးခြင်း လို့ပဲ ယေဘုယျ အဓိပ္ပာယ်သက်ရောက်ခဲ့ပြီး ဒါကို CSR 1.0 လို့ ခေါ်ကြပါတယ်။

၂၀ဝဝ ဝန်းကျင် ခုနှစ် တွေမှာ ခေတ်စားလာတဲ့ CSR 2.0 ပုံစံကျတော့ တာဝန်ယူမှုရှိတဲ့ စီးပွားရေး အပြုအမူတွေကို ကျင့်ကြံ ခြင်း နှင့် မဟာဗျူဟာကျကျ လူ့အသိုက်အဝန်းအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခြင်းဆိုတဲ့ အကြောင်း အရာတွေ ထပ်တိုးလာပါတယ်။

ငွေကြေးလှူဒါန်းတာပဲဖြစ်စေ၊ ပရဟိတလုပ်ငန်းလုပ်တာပဲဖြစ်စေ၊ သဘာဝဘေး အတွက် လုပ်ဆောင်ချက်တွေ ဆောင်ရွက်တာပဲဖြစ်စေ မိမိလုပ်ငန်းနဲ့ ဘာမှမပတ်သက်ဘဲ မိမိတို့ လုပ်ငန်းစုပုံရိပ် တိုးတက်လာဖို့သက်သက် ပေးလှူလိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲ မိမိစီးပွားရေး အတွက်ပါ တစ်ဖက်တစ်လမ်းက အထောက်အကူပြုအောင်၊ မိမိတို့စီးပွားရေးလုပ်ငန်းစု ရေရှည်တည်တံ့ အောင် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးဝန်းကျင်နှင့် ဆက်စပ်လူ့အသိုက်အဝန်းအကြား သုံးဦး သုံး ဖလှယ် အကျိုးရှိအောင် ဖန်တီးဆောင်ရွက်တဲ့ပုံစံမျိုးလို့ နိုင်ငံတကာပညာရှင်များက သတ်မှတ်ကြ ပါတယ်။ မိမိထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကြောင့် စားသုံးသူတွေ ထိခိုက်နစ်နာမှု မရှိအောင် ဆောင် ရွက် တာမျိုး၊ မိမိဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ ပညာရေး စတာတွေကို ကြည့်ရှုပေးတာမျိုး တွေကလည်း CSR ရဲ့ အစိတ်အပိုင်းတွေပါပဲ။

၂၀၁၁ ခုနှစ်မှာတော့ မိုက်ကယ်ပေါ်တာ နှင့် မာ့ခ် ကရာမာ တို့ ရေးသားထုတ်ဝေတဲ့ ဟားဗတ် စီးပွားရေး ပြန်လည်ဆန်းစစ်ချက် (Harvard Business Review, January-February 2011) ထုတ် ဝေပြီး နောက်ပိုင်းမှာတော့ CSV ဆိုတဲ့ အသုံးအနှုန်း စတင်မွေးဖွားလာပါတယ်။ အကျိုးအမြတ် ခွဲဝေ အသုံးချခြင်း (Creating Shared Value – CSV) ဆိုတာ စီးပွားရေးလုပ်ငန်းအမြတ်ရဖို့နှင့် လူမှု အဖွဲ့ အစည်းရဲ့ လိုအပ်ချက်တွေအပေါ် တုန့်ပြန်မှုနှစ်ခုစလုံးပါဝင်တဲ့ စီးပွားရေးမဟာဗျူဟာတွေ ဖွံ့ဖြိုး တိုးတက်မှုကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။

ဥပမာတစ်ခု ပြောရရင် ဘဏ်တွေက မိုဘိုင်းဘဏ် ဝန်ဆောင်မှု တွေ ပြုလုပ်ပေးလိုက်တဲ့အတွက် လူ့အဖွဲ့အစည်းအတွင်းမှာ ဘဏ်အကောင့်မရှိဘဲ ငွေကြေး လွှဲပြောင်းမှု တွေ ပြုလုပ်လာနိုင်တာမျိုး၊ စားသောက်ကုန်ထုတ်လုပ်ငန်းတစ်ခုကနေ ဒေသတွင်း တောင်သူတွေကို ဘေးကင်းတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့နည်းပညာကို သင်ပေးပြီး သူတို့ဆီက ထွက်လာတဲ့ ဟင်းသီးဟင်းရွက်တွေ ပြန်ဝယ်တာမျိုး ဒါမှမဟုတ် ဟိုတယ်လုပ်ငန်းစုတစ်ခုက ဒေသတွင်း လူငယ်တွေ ကို အင်္ဂ္လိပ်စာနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းတွေပေးပြီး သင်တန်းဆင်းတွေကို ဟိုတယ်မှာ အလုပ် ပြန်ခန့်ပေးတာမျိုး စတာတွေဟာ CSV လုပ်ငန်းထဲမှာ ပါဝင်ပါတယ်။ တစ်နည်း ပြောရရင် စီးပွားရေး လုပ်ငန်းရဲ့ အကျိုးအမြတ်နဲ့ ဆက်စပ်လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တို့ အတူတစ်ကွ ကျောချင်းကပ်ပြီး အပြန်အလှန် မှီခိုမှုဖြစ်ပေါ်လာစေတာ လို့လည်း ပြောလို့ရပါတယ်။

တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့လုပ်ဆောင်တဲ့ လုပ်ငန်းပေါ်မူတည်ပြီး တစ်ခါတစ်ရံမှာ သဘာဝပတ်ဝန်းကျင် နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ ဆန်းစစ် သုံးသပ်ဖို့လည်း လိုအပ်လာပြန်ပါတယ်။ သတ္တုတူးဖော်ရေးလိုလုပ်ငန်းမျိုးဆိုရင် သေချာပေါက် ဒီလိုသဘာဝ ပတ်ဝန်း ကျင် နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုတွေ ရှိလာမှာ အသေအချာပါပဲ။

သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနေနဲ့ ဆိုရင် လေထုညစ်ညမ်းမှုဖြစ်လာနိုင်မယ်၊ အနီးအနားက မြစ်ချောင်းနဲ့ မြေအောက်ရေ တွေမှာ လည်း ညစ်ညမ်းမှုတွေဖြစ်နိုင်သလို သစ်တောပြုန်းတီးမှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ သတ္တုတွင်းတွေနဲ့ မလွတ်ကင်းတဲ့ မြေယာတွေ၊ ကျေးရွာတွေ လျော်ကြေးပေးလို့ဖြစ်စေ၊ အခြားနည်းလမ်းအားဖြင့်ဖြစ်စေ သိမ်းယူရတဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်ပါတယ်။ မြေယာကို ရောင်းလိုက်တာပဲ ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စွန့်လွှတ်လိုက်ရတာပဲ ဖြစ်ဖြစ် အဲဒီလူတွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခြေအနေတွေ ပျောက်ဆုံးသွားတာမျိုးလည်း ကြုံရတတ်ပါသေးတယ်။

သတ္တုတွင်းနဲ့ လွတ်ကင်းသော်လည်း သတ္တုတွင်းက မိုင်းခွဲလိုက်တဲ့ ဒဏ်ကြောင့် အဆောက်အအုံတွေ တုန်ခါ အက်ကွဲတာမျိုး၊ သတ္တုတွင်းရှိရာဒေသကို လူပေါင်းစုံ ဝင်ရောက်လာတဲ့အတွက် စရိုက်ပေါင်းစုံ ကူးလူးရောယှက်ပြီး မလိုလားအပ်တဲ့ ဒုစရိုက်မှုတွေ၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းဆိုင်ရာ ပဋိပက္ခတွေ ပေါ်ပေါက်လာတာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေကို ငါနဲ့မဆိုင်ပါဘူး။ သူ့ခေတ်ကာလအလျောက်ဖြစ်လာတာပါဆိုပြီး လုပ်ငန်းရှင်တွေအနေနဲ့ မျက်နှာလွှဲနေရင်တော့ ဒီလုပ်ငန်းရှင်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တာဝန်ယူမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာမှာမဟုတ်ပါဘူး။

တာဝန်ယူမှုမရှိတဲ့ စီးပွားရေးလုပ်ငန်းမျိုးကိုလည်း လူမှုပတ်ဝန်းကျင်က လက်မခံဘူးဆိုရင် သူ့အတွက် စီးပွားရေးလုပ်ကွက် အသစ်တွေ ထပ်မံချဲ့ထွင်ဖို့ ခက်ခဲသည်ထက် ခက်ခဲလာပြီး စီးပွားရေး လုပ်ငန်းစု ရေရှည်ရပ်တည်ဖို့ ခက်ခဲ့လာပါလိမ့်မယ်။ မိမိ လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင်၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်၊ ထိခိုက်မှု ရှိခဲ့ရင်လည်း နည်းနိုင်သမျှနည်းအောင်နှင့် ထိခိုက်မှု အပေါ် အခြားနည်းလမ်းနဲ့ ပြန်လည် ကုစားမှုပြုနိုင်အောင် ကြိုးစားဆောင်ရွက်မှသာ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် နာမည် ကောင်းနဲ့ ရှင်သန်ရပ်တည်နေနိုင်မှာ ဖြစ်ပါတယ်။ နာမည်ကောင်းရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ လျှင် လူမှုပတ်ဝန်းကျင်က လိုလားမှာ ဖြစ်တဲ့အတွက် အသစ်အသစ်သော စီးပွားရေး လုပ်ငန်းတွေ ထပ်မံ အကောင်အထည်ဖော်တဲ့အခါမှာလည်း အခက်အခဲအတားအဆီးတွေ နည်းသည်ထက် နည်းပါးလာမှာ လည်း ဖြစ်ပါတယ်။

ဒီတော့ အနှစ်ချုပ်ပြီး ပြန်ကြည့်မယ်ဆိုရင် တာဝန်ယူမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ စီးပွားရေး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ နိုင်ငံမှာ ချမှတ်ထားတဲ့ ဥပဒေတွေကို လေးစား လိုက်နာ ရပါမယ်။ မိမိတို့ စီးပွားရေးလုပ်ငန်းစု ရေရှည်တည်တံ့ခိုင်မြဲစေဖို့ လူ့အသိုက်အဝန်းရဲ့ လိုလားချက်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါမယ်။

မိမိတို့လုပ်ငန်းအကျိုးအမြတ်အတွက် စဉ်းစားဆောင်ရွက်ရာမှာ သဘာဝ ပတ်ဝန်းကျင်ကို လေးစားပြီး လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ့် ဗျူဟာတွေ ချမှတ် ဆောင်ရွက်သွားမယ်ဆိုရင် တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် အများက ယုံကြည်ကိုးစား တန်ဖိုး ထားကြမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts