spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဆက်ဖြစ်နေတဲ့အတွက် ကရင်နီစစ်ရှောင်များနေရပ်ပြန်ရေး လုံခြုံမှုမရှိနိုင်သေး

လဲသျို့ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသေးတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ နေရပ်ပြန်လှည်အခြေချနေထိုင်ရေး လုံခြုံစိတ်ချမှုမရှိသေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနဲ့ ပြန်ကြားရေးကဆိုပါတယ်။

“ စစ်ကောင်စီကတော့ ပြန်လာနေကြပါ။ စသည်ဖြင့် အဲ့လိုခေါ်တာတွေရှိတယ်ပေါ့နော။ တကယ်တမ်း အဲ့ဒီရွာတွေမှာ ပြန်လာနေလို့ မရသေးဘူး။ အခုချိန်အထိလည်း အဲ့ဒီလည်း အဲ့ဒီမှာရှိတဲ့ စစ်ကောင်စီတွေနဲ့ KNDF တို့က ထိတွေ့တိုက်ပွဲတွေဖြစ်နေဆဲပဲပေါ့နော။ အဲ့ဒီရွာတွေ အနီးအနားမှာတွေတုန်းက လက်နက်ကြီးတွေ ကျနေတုန်းပဲ။ မိုင်းတွေ မြေမြုပ်မိုင်းတွေ ရှိနေတုန်းပဲ။ လုံခြုံမှု မရှိတဲ့ နေရာတွေ ဖြစ်တယ်ပေါ့နော။ ဘယ်အဖွဲ့အစည်းတွေကဖြစ်ဖြစ် စစ်ကောင်စီတွေကပဲဖြစ်ဖြစ် ပြန်လာနေလို့ရတယ်ပြောတာက မဟုတ်မမှန်ဘူးပေါ့နော။ ဒါတကယ် အသက်အာမခံမှုမရှိဘူး။ လုံခြုံရေး အာမခံမှုမရှိတဲ့ နေရာမှာ ပြန်လာနေထိုင်တဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့နော။ “ လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းက နန်းမယ်ခုံ၊ ကျွန်းတော၊ ဒေါလျားလီ၊ ဒေါပီတ၊ ဒေါစဲ၊ ဒေါပေါ်ကလဲ၊ ဒေါကမီး၊ ဆီးလီတုန်း၊ ဟန်တောခူ၊ ပူဖား စတဲ့ကျေးရွာတွေက ဒေသခံတွေကို နေရပ်ပြန်လည်နေထိုင်ကြဖို့ စ.က.စမှ စစ်ရှောင်ပြည်သူတွေအကြား တစ်ဆင့်စကား ဖြင့်သတင်းတွေဖြန့်နေတာတွေပြုလုပ်နေကြောင်း KNDF B-06 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီလိုပြန်လည်နေထိုင်ဖို့ ပြောဆိုမှုမှာလည်း စ.က.စနဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေပါဝင်တယ်လို့ ဒေသခံတချို့ကနေသိရပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကယန်းဒေသမှာ အခြေစိုက်တဲ့ ကယန်းပြည်သစ်ပါတီ KNLP နဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့သလို၊ လက်ခံဖြေကြားတာလည်းမရှိခဲ့ပါဘူး။

“ ပြန်မနေရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြန်မယ်ဆိုရင်လည်း ပြန်ယူစရာပစ္စည်းတွေ မရှိတော့ဘူး။ ပြီးတော့ သူတို့လည်း မိုင်းတွေထောင်ထားတာရှိနိုင်တဲ့အတွက် ကျနော်တို့ ပြန်မနေရဲဘူး။ “ လို့ ဒီးမော့ဆို စစ်ရှောင်ပြည်သူ တစ်ဦးက ပြောပါတယ်။

ပူဖားကျေးရွာဘက်က ဒေသခံတချို့ကိုမေးမြန်းကြည့်တဲ့ အခါမှာတော့ တိကျတဲ့ အာမခံချက်မျိုးပေးပြီးပြန်လာနေထိုင်ဖို့ ပြောဆိုတာမျိုးမရှိပဲ တဆင့်စကားတဆင့်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ ပြည်သူတွေကို ပြန်လာနေဖို့ အာမခံပေးတဲ့ သဘောလားမသိဘူး။ သူတို့ပြန်လာနေတယ် ရွာသားတွေ သူတို့ ပြဿနာတစ်ခုခုတဲ့ရွာသားဆိုရင် သူတို့ တရားဝင်ပြန်လာနေတဲ့ ရွာသားဆိုရင် ဒီလိုမျိုး စစ်ကောင်စီဖမ်းမိရင်လည်း ဖြေရှင်းပေး လက်မှတ်ရေးထိုးတယ်။ အဲ့လိုမျိုးတော့ ကြားတယ်။” လို့ ပူဖားကျေးရွာဘက်က ဒေသခံတစ်ဦးကပြောပါတယ်။

ပြန်လာနေထိုင်သူတစ်ချို့ဟာလည်း ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ပြန်လုပ်သူတချို့သာ ဖြစ်ပြီး မိသားစုလိုက်ပြန်လာနေထိုင်တာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ကြားထားတာက ဒါထောက်ခံချက်နဲ့ ပြန်နေရတယ်ပေါ့။ ဒီနေရာမှာက ကျနော်တို့ ကြားထားတာက ဘယ်လိုခေါ်မလဲ။ အာခံချက်တစ်ခုနဲ့ သူတို့ ပြန်နေကြတာပေါ့နော။ ကျနော်တို့ သိထားတာကတော့ ဒီထောက်ခံချက်နဲ့ ပြန်နေကြတယ်။ အဲ့လိုမျိုး ဖြစ်အောင်တော့ ဘယ်လိုညှိနှိုင်းထားကြလဲ ကျနော်တို့ မသိဘူးပေါ့နော။ “ လို့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု KRU တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ကိုလင်းလင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဒေါစဲကျေးရွာမှာ ရိက္ခာပြန်ယူတဲ့ ဒေသခံတစ်ဦး မိုင်းနှင်းမိပြီးသေဆုံးသွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

မတ်လ ၄ရက်နေ့ကတည်းက မိုးဗြဲမြို့ကနေ တိုက်ပွဲစတင်ကူးစက်လာပြီး မိုးဗြဲကနေ ဒီးမော့ဆိုမြို့ ဒေါငံခါး ရပ်ကွက် အထိ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာခဲ့ပါတယ်။ ထိုးစစ်ဆင်လာတဲ့ အတောအတွင်း စစ်ကောင်စီက ဒေသခံနေအိမ်တွေ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

spot_img
spot_img