spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံအနောက်ခြမ်းရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ထိခိုက်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဧပြီလ ၂၅ရက်) နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန် ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းရှိ ဆောင်းဖွေးကျေးရွာမှာ ရှိတဲ့ ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

“ တောင်ငူဒေသဖက်ကနေ ထင်ရတယ်ပေါ့နော။ အဲဖက်ကနေ တက်လာပြီးတော့ ချက်ချင်းကြီး ဆေးရုံကို ဝင်ကြဲလိုက်တယ်ပေါ့။ ကြဲခါကျတော့ အဲမှာ လူနာတွေ အများကြီးရှိတယ်လေနော။ တကယ်တမ်းတော့ အဲမှာက ရဲဘော်တွေ ဘာတွေ ကုသတာတွေ မရှိဘူးပေါ့။ အရပ်သားတွေပဲပေါ့။ သူတို့(စစ်ကောင်စီ)က ဟိုးဖက် တိုက်ပွဲမှာ သူတို့ ဆုံးရှုံးထားတာတွေရှိတယ်ကော။ ကျဆုံးတာရှိခါကျတော့ အနောက်က ပြည်သူကို မဲတာပေါ့နော။ ဆေးရုံကို ပစ်မှတ်ပြီးတော့ သူတို့ ဗုံးကြဲတိုက်ခိုက်တာပေါ့။ “ လို့ မိုးဗြဲPDFတပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အရပ်သား လူနာ ၄ ဦး ထိခိုက်မှုရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရှိရပါတယ်။ အဲဒီဆေးရုံမှာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံအဆောက်အဦး ပျက်စီးမှုတွေလည်း ရှိနေပါတယ်။

“ ဒီဖက်မှာက တကယ့်အားထားရတဲ့ ဆေးရုံတစ်ခု ပြောလို့ရပါတယ်။ အဲဒီမှာက တခြားကိုယ်ဝန်ဆောင်မိခင်လည်းပါတယ်။ တခြား သက်ကြီးရွယ်အိုတွေ ကလေးတွေလည်း သူတို့အဲမှာ ဆေးရုံတက်နေတယ်ပေါ့။ ဘာတိုက်ပွဲမှလည်း မရှိဘူးပေါ့။ တကယ့် အရပ်သားပြည်သူတွေပဲ သီးသန့်တက်နေတဲ့ ဆေးကုနေတဲ့ ဆေးရုံပေါ့နော။ တိုက်ပွဲနဲ့လည်း မဆိုင်ဘူးပေါ့။ “ လို့ မိုးဗြဲPDFတပ်ရင်း (၂) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

တိုက်လေယာဉ်တစ်စီးနဲ့ အနည်းဆုံး ၃ ကြိမ်လောက် တိုက်ခိုက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ၁၂၀ မမလက်နက်ကြီးတွေလည်း ကျန်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီကနေပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဓါတ်ပုံ – Khon Yar Zar Maung (ကယန်းဒေသလူမှုကယ်ဆယ်ရေးကော်မတီ(KRC))

Recent posts