တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျရခြင်းအကြောင်း

ကျော်စိုးသူ (လွှတ်တော်) Economic Development ရေးသားသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက မော်ချီးဒေသ၊ လိုခါးလို ကျေးရွာတွင် ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားသို့ သွားရောက်ခဲ့ရာတွင် ကြုံတွေ့ခဲ့ရသော လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသော ဒေသခံ တိုင်းရင်းသားဒေသများ အကြောင်းကို သိခဲ့ရပေသည်။

အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ အဆိုပါ ဒေသအတွက် အဓိက စိန်ခေါ်မှုလိုပင်ဖြစ်နေပါသည်။ ကားတစ်စီးစာ ပင်မနည်း ရှောင်တိမ်းမောင်းနှင်နေရသလို လမ်းအတွင်း ကားနှစ်စီး မျက်နှာချင်းဆိုင်မိပါက နောက်ပြန်ဆုတ်ပေးရသည်အထိ လမ်းများမှာ အလွန်တရာ ကျဉ်းမျောင်း လှပေသည်။

လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ကျန် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားရေး အခြေအနေ များမှာလည်း ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး နိုင်တော့ပေ။ အဆိုပါ ဝေးလံခေါင်ဖျား ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အကြောင်းအရင်းများမှာ ငြိမ်းချမ်းရေး၊ အုပ်ချုပ်မှုစနစ်၊ ဘတ်ဂျက်ခွဲဝေမှုနှင့် သယံဇာတ ကျိန်ဇာ များဖြစ်သည်ဟု ထင်မြင်ယူဆ မိပေသည်။

ငြိမ်းချမ်းရေးကတော့ မြန်မာနိုင်ငံလို နှစ်ပေါင်းများစွာ ပြည်တွင်းစစ်နှင့်အတူ ယှဉ်သန်ကြီးပြင်းလာရသော နိုင်ငံအတွက် အဓိက လိုအပ်နေသော အချက်ပင် ဖြစ်ပေသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော ခေါင်းဆောင် များမှလည်း ငြိမ်းချမ်းရေးအတွက် အထူးပင် အားထည့် ဆောင်ရွက်ခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါသည်။

အထူးသဖြင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အတော်လေးအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရပေသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ထိုမှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ မိမိတို့တိုင်းပြည်နှင့် ကိုက်ညီသော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်ဆောင်ရွက်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ကြပေသည်။

ယခု အစိုးရသစ်လက်ထက်တွင်လည်း ၂၁ ရာစု ပင်လုံ အနေဖြင့်ဆက်လက်ဆောင်ရွက်ခဲ့ပေသည်။ ထိုအခြင်းအရာများကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးသည် အဘယ်မျှအရေးကြီးသည်ကို တွေ့ရပေလိမ့်မည်။ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေသော အကြောင်းအရာပင် ဖြစ်ပေသည်။

ငြိမ်းချမ်းရေးရမှ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်နိုင်မှာဖြစ်သလို ဖယ်ဒရယ်ဒီမိုကရေစီ စနစ်အောင်မြင်မှလည်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေလိမ့်မည်။ ဒါ့အပြင် ဝေးလံခေါင်ဖျား ဒေသများ အတွက် ငြိမ်းချမ်းရေးသည် ပို၍ပင် အရေးကြီးပေသည်။

လက်နက်ကိုင်တိုက်ပွဲများအကြားတွင် မည်သည့် တည်ဆောက်ရေးမှ မအောင်မြင်နိုင်သလို တိုက်ပွဲများအကြားတွင်လည်း ဆုံးရှုံးရသည်မှာ နိုင်ငံ၏ အရင်းအမြစ်များပင်ဖြစ်ပေသည်။ ထို့ကြောင့် ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နံပါတ်တစ် အခြေခံ အကျဆုံးမှာ ငြိမ်းချမ်းရေးပင်ဖြစ်ပေသည်။

အုပ်ချုပ်မှု စနစ်နှင့် ပတ်သက်၍ လည်း မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရပြီးကတည်းက ဗဟိုချုပ်ကိုင်မှုကို အလေးပေးသော အုပ်ချုပ်မှု စနစ်ဖြင့် အုပ်ချုပ်ခဲ့သလို ၂၀၁၀ နောက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဥပဒေပါ ပြဌာန်း ချက်အတိုင်း ဗဟိုချုပ်ကိုင်မှု အနည်းငယ်လျော့ချသောစနစ်ဖြင့် ဆောင်ရွက်ခဲ့ပေသည်။

သို့ရာတွင် ဗဟိုချုပ်ကိုင်မှု လျော့ချသာ အုပ်ချုပ်ရေးစနစ်ဖြင့် အတွေ့အကြုံ မရှိခဲ့ခြင်းကြောင့် ဗဟိုချုပ်ကိုင်မှုလျော့ချရေး လုပ်ငန်းစဉ်မှာ အားနည်းခဲ့ရပေသည်။ ထိုအချက်ကပင်လျှင် အစိုးရ၏ စွမ်းဆောင်ရည်ကို အားပျော့ ခဲ့စေခြင်းဖြစ်ပါသည်။

အထူးသဖြင့် ဝေးလံခေါင်ဖျား တိုင်းရင်းသားဒေသများတွင် ဗဟိုချုပ်ကိုင်မှုအားကောင်းသောစီမံ အုပ်ချုပ်ရေးစနစ်သည် အလုပ်မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် သတ္ထုရှာဖွေတူးဖော်ရေးများသည် ပြည်ထောင်စုအစိုးရကသာ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်နေသော ကိစ္စများ ဖြစ်သဖြင့် လက်တွေ့မြေပြင်တွင် ကြုံတွေ့နေရသော စီမံအုပ်ချုပ်မှု အခက်အခဲများနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာတွင် ထင်သလောက်အောင်မြင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့်ပင် ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင် ဒေသနှင့်ကိုက်ညီသောအုပ်ချုပ်မှုစနစ်က နံပါတ်နှစ် အရေးကြီးသော အချက် ဖြစ်ပေသည်။ ဘတ်ဂျက်ခွဲဝေမှုစနစ်ကလည်း ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပေသည်။

ပြည်ထောင်စုဘတ်ဂျက်တစ်ခုတည်းသာ ရှိသောစနစ်မှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်များဟူ၍ ခွဲထုတ်ခြင်းကို ၂၀၁၁ ခုနှစ်မှ စ၍ ပြောင်းလဲ ကျင့်သုံးခဲ့ပေသည်။

ဘတ်ဂျက် ခွဲဝေမှု စတင်ချိန်က ဆိုလျှင် တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက် စုစုပေါင်းမှာ ပြည်ထောင်စု၏ ၅ ရာခိုင်နှုန်း ခန့်သာ ရှိခဲ့ပေသည်။

နောက်ပိုင်းနှစ်များတွင် တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်ခွဲဝေမှုအချိုးကို ၁၃ရာခိုင်နှုန်း ထိ ခွဲဝေပေးခဲ့ပေသည်။ ထိုသို့ ခွဲဝေရာတွင်လည်း အဓိက အားဖြင့် အဆိုပါ ဒေသ၏ လူဦးရေ၊ ဧရိယာအကျယ်အဝန်း၊ ဆင်းရဲမှုညွှန်ကိန်း၊ တစ်ဦးကျ GDP၊ ကျေးလက်နှင့်မြို့ပြကွာဟချက် အချိုးနှင့် တစ်ဦးကျ အခွန်ကောက်ခံမှု စသည်တို့ပေါ် မူတည်၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီးနှင့်ပြည်နယ်ဘဏ္ဍာရန်ပုံငွေ များသို့ ထောက်ပံ့ခွဲဝေပေးခဲ့ခြင်း ဖြစ်ပေသည်။

ထိုသို့ နည်းလမ်းများဖြင့် ခွဲဝေပေးသလို မည်သည့်ဒေသအစိုးရမှ ဒေသတွင်း ပြန်လည်ခွဲဝေမှု တွင် ဤကဲ့သို့ နည်းလမ်းများဖြင့် ခွဲဝေပေးခြင်းများကို မတွေ့ရပေ။

အစိုးရအဖွဲ့ဝင်များ၏ မဲဆန္ဒနယ်များသာ ဘတ်ဂျက်ခွဲဝေရရှိမှုတွင် များစွာရရှိနေတာကို တွေ့ရပေသည်။ အထူးသဖြင့် အစိုးရအဖွဲ့ဝင်မဖြစ်သော ဝေးလံခေါင်ဖျားတိုင်းရင်းသားဒေသများ တွင်မူ ဘတ်ဂျက်ခွဲဝေရရှိမှုမှာ လွန်စွာနည်းပါး လှပေသည်။

ထို့ကြောင်ပင် အဆိုပါ ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးမှာ လွန်စွာ ဆိုးရွားပြီး ဒေသ၏ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေသည့်အတွက် ဒေသတွင်းဘတ်ဂျက်ခွဲဝေမှုကလည်း နံပါတ်သုံးအရေးကြီးသော အချက် ဖြစ်ပေသည်။ သဘာဝသယံဇာတထွက်သော ဒေသများသည်လည်း ထိုသယံဇာတများကြောင့်ပင် မငြိမ်းချမ်း မဖွံ့ဖြိုးတော့တာကို မြင်တွေ့ရပေသည်။

အထူးသဖြင့် မြန်မာပြည်တွင် ဖားကန့်နှင့် မော်ချီး ဒေသများသည် အဆိုပါ ဒေသထွက် တွင်းထွက်သယံဇာတများကြောင့်ပင် ဒေသခံတို့မှာ အကျိုးကျေးဇူး မခံစားရပဲ ဆိုးကျိုးများသာ ရရှိခံစားနေကြရတာကို တွေ့ရမှာ ဖြစ်ပါသည်။ သယံဇာတတူးဖော်ထုတ်လုပ်နေသော ကုမ္ပဏီများက အဆိုပါ ဒေသများမှ သယံဇာတများကိုသာ ထုတ်ယူသွားပြီး အဆိုပါ ဒေသများ အတွက် CSR များကို ပြန်လည် လုပ်ဆောင်ပေးခြင်း မရှိပေ။

ဥပမာ အားဖြင့် သယံဇာတတူးဖော်သော ကုမ္ပဏီ များသည် CSR ကြေးများကို အဆိုပါ ဒေသများအတွက် လုပ်ပေးရမည့် အစား ဒေသအစိုးရများသို့သာ ပေးအပ်ဆောင်ရွက်စေခြင်းများဆောင်ရွက်သလို ဒေသအစိုးရများကလည်း ထိုCSR ငွေများကို သယံဇာတထုတ်ယူခံရသောဒေသများအတွက် သုံးစွဲခြင်း မရှိပဲ ၎င်းတို့စိတ်ကြိုက် သုံးစွဲတာကို တွေ့ရမှာဖြစ်ပေသည်။

ထိုအချက်များသည် ဥပဒေစည်းမျဉ်းစည်းကမ်း များနှင့် ညီညွတ်ခြင်း မရှိသလို အကျင့်ပျက်ခြစားမှုကိုလည်း အားပေးရာ ရောက်ပေသည်။ သယံဇာတထုတ်ယူခြင်း၏ ဆိုးကျိုးများသာ ဒေသခံတို့ ခံစားရသဖြင့် သဘာဝသယံဇာတသည်လည်း ဖွံ့ဖြိုးမှုနောက်ကျခြင်းအတွက် နံပါတ်လေး အရေးပါသောအချက် ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံရှိ ဝေးလံခေါင်ဖျား တိုင်းရင်းသား ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရန်အရေးကြီး လိုအပ်နေမှာ ဖြစ်သလို ထိုဒေသများအတွက် ကောင်းမွန်သောအုပ်ချုပ်မှု၊ မျှတသောဒေသတွင်း ဘတ်ဂျက်ခွဲဝေမှုစနစ်နှင့် သဘာဝသယံဇာတထုတ်ယူမှုပွင့်လင်းမြင်သာရေး (EITI)များ အောင်မြင်အောင် ဆောင်ရွက်နိုင်မှသာ အဆိုပါ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း မီးမောင်းထိုးရေးသားတင်ပြလိုက်ရပေသည်။

Comments

comments

Next Post

ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားသူ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်းသောမတ်စ်နှင့် တွေ့ဆုံမြေးမြန်းခြင်း

Thu Jan 9 , 2020
“အခုက ဒီ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အတွက် ဟန်ဆောင် ကော်မတီဖွဲ့ပြီး တိုင်းရင်းသားဒေသမှာ လွဲမှားမှုရှိခဲ့တဲ့ဟာတွေကို ဒီကော်မတီနဲ့ပြန်ဖြည့်မယ်ဆိုတဲ့ပုံစံမျိုးဘဲ။” ကယားပြည်နယ်မှာ တိုင်းရင်းသားတွေနဲ့ အငြင်းပွားနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ဖြေရှင်းဖို့နဲ့တိုင်းရင်းသားဒေသတွေမှာ စစ်ဘက်ရေးရာကိစ္စကလွဲပြီး အငြင်းပွားစရာကိစ္စရပ်တွေကို ဖြေရှင်းဖို့ဆိုပြီး NLD ပါတီက အဖွဲ့ဝင် (၁၅) ဦးပါရှိတဲ့ ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ဒီလ (၂) ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ကော်မတီနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားသူတစ်ဦးလည်းဖြစ်၊ ပြည်နယ်အစိုးရက ပုဒ်မ ၁၀ နဲ့တရားစွဲပြီး ထောင်ဒဏ် (၆) လ ကျခံခဲ့ရတဲ့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်းသောမတ်စ်ကို ကန္တာရဝတီတိုင်းမ်က မေးမြန်းထားပါတယ်။ KT – ထောင်ကလွတ်လာပြီး ဘာတွေများလှုပ်ရှားနေလဲ။ ခွန်းသောမတ်စ် – ထောင်ကလွတ်လာပြီးနောက်ပိုင်းတော့ ကြေးရုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတော့မရှိဘူးပေါ့နော်။ […]