တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံတဲ့ NLD ပါတီကိုယ်စားလှယ်တွေ ကယားကိုရောက်ရှိ

0
3731

နော်ဒွေးအယ်ခူ

တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေကနေ ကယားပြည်နယ် လွိုင်ကော်မြို့ကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ကယားပြည်နယ်ဧည့်ရိပ်သာကို ရောက်ရှိလာပါတယ်။

လက်ရှိအချိန်ထိတော့ ဒေသခံတိုင်းရင်းသားပါတွေနဲ့ တွေ့ဆုံမည့်အစီအစဉ်ကိုတော့ အသေးစိတ် မသိရသေးပေမယ့်လည်း ကိုယ့်ရဲ့ဆန္ဒတွေကို အပြန်အလှန် ပထမဆုံးပြောဆိုဆွေးနွေးကြမှာဖြစ်တယ်လို့ လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာအောင်ရှင်က ပြောပါတယ်။

“ကယားလို့တော့ကြားတယ်။ ကယားကိုအရင်တွေ့မယ်လို့ကြားတယ်။ သူတို့ CEC ဆုံးဖြတ်ချက်နဲ့သွားတာ ကျွန် တော်တို့ သိပ်ပြီးတော့မသိဘူး။ ကျွန်တော်တို့က သူတို့တွေ့ကြဆုံကြပြောကြတဲ့အေပါ်မှာပဲ မှတ်ချက်ချပေးရတာ ဆိုတော့လေ။ ကောင်းပါတယ်။ သဘောတူပါတယ်။ ရွေးကောက်ပွဲအပြီး ၁၂ရက်နေ့ကတည်းက အိတ်ဖွင့်ပေးစာ ပေပြီးကတည်းကိုက တိုင်းရင်းသားတွေရဲ့ တွေ့ဖို့အစီအစဉ်ရှိတယ်။ အပြန်အလှန်ပေါ့နော်။ ကိုယ်ဖြစ်ချင်တာ ပြောချင်တာ ကိုယ့်ဆန္ဒတွေကို ပထမဆုံးတော့ ပြောကြမှာပေါ့”

ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ အကြောင်းမကြားသေးဘူးလို့ သိရပါတယ်။

ပြည်နယ်အဆင့် NLD ပါတီဥက္ကဌက ဖုန်းနဲ့ ဆက်သွယ်မှုရှိပေမယ့် ပါတီရုံးမှာ တွေ့ဆုံဆွေးနွေးမယ်လို့ အကြောင်းကြားထားပြီး တစ်စုံတစ်ရာ တိတိကျကျ ပြောဆိုထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
NLD ပါတီကိုယ်စားလှယ်တွေက ပါတီရုံးမှာ တွေ့ဆုံဖို့ပြောလာမယ်ဆိုရင် KySDP ပါတီအနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားတဲ့အတွက် တွေ့ဆုံဖို့ အဆင်ပြေ၊ မပြေ မပြောနိုင်သေးဘူးလို့ KySDP အတွင်း ရေးမှူး ဦးသဲရယ်က ပြောပါတယ်။

“ကျွန်တော်တို့ကို ဘာမှအကြောင်းလာတာမရှိသေးဘူး။ သူတို့ကတော့ ပြည်နယ်အဆင့်က ပါတီဥက္ကဌကနေ တဆင့်ပေါ့ ဖုန်းဆက်တာတော့ရှိတယ်။ သို့ပေမယ့်လည်း ကျွန်တော်တို့က ဗဟိုနဲ့ဗဟိုချင်း ဆက်ဆံတာမျိုး အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗဟိုနဲ့ဗဟိုချင်း ဆက်သွယ်တာကိုပဲ ကျွန်တော်တို့ကပြောဆိုထားတာဆိုတော့ ဗဟိုကနေဆက်သွယ်လာတာမျိုးမရှိဘူး။ နောက်တစ်ခုက ဆက်သွယ်လာလို့ရှိရင် ဖိတ်ကြားတာတွေလုပ်မယ် ဆိုရင် ကျွန်တော်တို့ကို စာနဲ့ပေနဲ့ တရားဝင်ကြားဖို့လည်း အဆိုပြုထားတာပေါ့။ ဒါပေမယ့် အခုဟာက တရားဝင်စာလည်းမရှိသလို ဗဟိုကနေ တိုက်ရိုက် ကျွန်တော်တို့ကို ချိတ်ဆက်တာလည်းမရှိတဲ့ခါကျတော့ ကျွန်တော်တို့နဲ့တွေ့ဖို့ အဆင်ပြေမလား မပြေဘူးလာဆိုတာတော့ ပြောလို့မရဘူးပေါ့နော”

NLD ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ကို တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီဇင်ဘာလဒုတိယပတ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်မှာ ပထမဦးဆုံးခရီးစဉ်အနေနဲ့ဇန်နဝါရီ ၁ ရက်မှာ ကချင်ပြည်နယ်က တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဒုတိယခရီးစဉ်ဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီနဲ့နေရာညှိမရတဲ့အတွက် တွေ့ဆုံပွဲပျက်ခဲ့ရတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲအပြီး NLD ပါတီက နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားတဲ့ “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့်ပြည်ထောင်စုအရေးကိစ္စ” နဲ့ပတ်သက်ပြီး တိုင်ရင်းသားနိုင်ငံရေးပါတီတွေဆီ ပေးပို့တဲ့စာမှာတိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။