spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း လက်နက်ကြီးကျရောက်မှာကို တောင်သူတွေစိုးရိမ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စိုက်ပျိုးရာသီ ရောက်ရှိလာပြီဖြစ်တဲ့အတွက် တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှာကို လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတောင်သူတွေက စိုးရိမ်မှုရှိနေကြပါတယ်။

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာနေတဲ့ ဒေသခံတောင်သူတစ်ဦးက “စိုးရိမ်တာတော့ အယောက်စီတိုင်းကတော့ စိုးရိမ်တာပဲပေါ့နော။ တချို့လည်း စစ်ရှောင်မှာနေတယ်။ လေယာဉ်လည်းခန ခနဝဲတယ်ကော။ တခါတခါဆို ပစ်ချမလား ဆိုတဲ့ဟာမျိုးပေါ့။ စိုက်ပျိုးရာသီမှာလည်း စိုက်တန်းလန်းနဲ့ ထုလာမလား အဲ့မျိုးတွေလည်း စိုးရိမ်ရတယ်။” လို့ ပြောပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာနေထိုင်တဲ့ ပြည်သူတွေကတော့ လက်နက်ကြီးရန်ကို စိုးရိမ်နေတဲ့ကြား စိုက်ပျိုးရာသီဖြစ်တဲ့အတွက် လက်ရှိမှာ ပြောင်းဖူးနဲ့ တောင်ယာစပါးကို စိုက်ပျိုးနေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီစိုက်ဖို့အတွက်က နောက်နှစ်စားဖို့အတွက်ပေါ့နော။ ပြီးခဲ့တဲ့နှစ်တွေက စိုက်ထားတဲ့ဟာတွေက သူတို့စားနေတယ်။ နောက်နှစ်စားဖို့ လုံလောက်ဖို့အတွက် ဒီနှစ်တော့ ရုန်းကန်ရမှာပေါ့။ ဒီနှစ်မှာလည်း အခု နိုင်ငံရေးအခြေအနေနဲ့ဆိုရင် စီးပွားရေးရှာရတာလည်းမလွယ်ဘူးလေ ဝင်ငွေလည်းမရှိဘူးကော။” လို့ အဆိုပါတောင်သူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တာတွေမရှိပေမဲ့ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခမရ (၅၃၀)တပ်က အနီးနားမှာရှိတဲ့ ကျေးရွာထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် တောင်ယာလုပ်ကိုင်ကြတဲ့ ဒေသခံတချို့ထိခိုက်မိတာလည်းရှိသလို အိမ်မှာနေထိုင်တဲ့ အရပ်သားလည်း ထိခိုက်မိတာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက လွိုင်ကော်အရှေ့ဘက်ခြမ်း ထီးစဲခါးကျေးရွာအုပ်စုက ဒေါတဟေးကျေးရွာမှာ စစ်ရှောင်နေတဲ့ အမျိုးသားတစ်ဦးဟာ တောင်ယာကအပြန် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။

spot_img
spot_img

Recent posts