spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

တောင်သူတွေနဲ့ တပ်မတော်ဖြစ်ပွားနေတဲ့ ပြဿနာကို အစိုးရက ဖြေရှင်းပေးဖို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေတောင်းဆို

Author

Date

Category

အန်ထောနီ

တောင်သူတွေနဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ပြည်ထောင်စု အစိုးရသော်လည်းကောင်း ပြည်နယ်အစိုးရသော်လည်းကောင်း တစ်စုံတစ်ရာ ဖြေရှင်းပေးတာတို့ ညွန်ကြားချက်တွေထုတ်ပေးတာတို့ ဆောင်ရွက်သင့်တယ်လို့ ကယား(ကရင်နီ)ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေက တောင်းဆိုလိုက်ပါတယ်။

“အစိုးရတွေက ဒါချက်ချင်းလုပ်ဆောင်ပေးသင့်တဲ့အရာဖြစ်တယ်။ နောက်ထပ်အမှုမျိုးတွေမတက်လာအောင်လည်း ပြင်ဆင်တဲ့အနေနဲ့ ပြင်ဆင်တဲ့ အနေအထားဖြစ်အောင် ညွန်ကြားချက်တွေ ဥပဒေတွေပြင်တာတွေ တစ်စုံတစ်ရာ လုပ်ဖို့လိုအပ်တယ်။ ဒါပေမယ့်လက်ရှိအစိုးရက လက်ရှိအခြေအနေအထိ ဘာတစ်ခုမှ မပြင်ထားဘူး။”လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။

ပြည်နယ်တရားလွှတ်တော် ရုံးချိန်းသို့ ရောက်ရှိလာတဲ့ တောင်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းမြင်တွေ့ရစဉ်။ ဓါတ်ပုံ – နော်ဒွေးအယ်ခူ

ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်ရှိ တပ်မတော်တပ်ရင်းဖြစ်ကြတဲ့ အမတ (၃၅၆)၊ ခမရ (၂၅၀) နှင့် ဒီးမော့ဆိုမြို့နယ်ရှိ အမတ (၃၆၀) တို့ က တောင်သူလယ်သမား ၃၇ ဦးနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဝန်ထမ်း(၃)ဦး စုစုပေါင်း (၄၀) ဦးတို့ကို မြို့နယ် အသီးသီးက ထောင်ဒါဏ်နှင့် ငွေဒါဏ် အသီးသီးချမှတ်ထားခဲ့ပြီးဖြစ်ပါတယ်။

မြို့နယ်တရားရုံးမှချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို မကျေနပ်လို့ဆိုပြီး တပ်မတော်တပ်ရင်းတွေကနေ ပြည်နယ်တရားလွှတ်တော်တရားရုံးကို ပြင်ဆင်ချက်ပြန်လည်တက်သည့်အကြောင်းအရင်းတွေကို သဘောမတူကြောင်းနှင့် အစိုးရဖက်မှ ဝင်ရောက်ဖြေရှင်းပေးဖို့အတွက် ကယားပြည်နယ် ဒီမိုကရက်တသ်စပါတီ (KySDP) နှင့် ကယန်းအမျိုးသားပါတီ(KNP) တို့က ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“ နောက်တစ်ခုကဘာလဲဆိုရင် တောင်သူုလယ်သမားတွေကလည်း အရင်တုန်းကလည်း တရားရုံးချိန်းတွေရှိတယ် နောက်ပြီးတော့မှ အချုပ်ထောင်ထဲနေနေရတဲ့အပေါ်မှာလည်း သူတို့အနေနဲ့က အများကြီး စိတ်ပိုင်းဆိုင်ရာကော ပင်ပန်းနွမ်းနယ်မှု စိတ်ထိခိုက်မှုတွေလည်း အများကြီးရှိလာတဲ့အပေါ်မှာ တော်တော်လေး ခံစားလိုက်ကြရတယ်ပေါ့နော်။ဒါပေမယ့် အခုကထပ်ပြီးတော့မှ ဒီလိုဖြစ်လာရတဲ့အပေါ်မှာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို့ပဲ မြင်တယ်။ ဆိုတော့ ဒီဟာတွေကလည်း အစိုးရမှာ တာဝန်ရှိတယ်။” လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသဲရယ် ကပြောပါတယ်။

တောင်သူလယ်သမားအရေးကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ချက်အပေါ် အစိုးရမှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ အချိန်မပေးနိုင်သေးကြောင်း လာမည့် ရှေ့တစ်ပတ်တွင်း ရုံးချိန်တွင် တွေ့ဆုံမေးမြန်းဖို့ ချိန်းဆိုလိုက်ပါတယ်။

တပ်မတော်ကနေ ပြင်ဆင်ချက်တက်ပြီးနောက် ပြည်နယ်တရားလွှတ်တော်ရုံးသို့ ဇူလိုင်လ ၁၀ ရက်နေ့က လွိုင်ကော်မြို့နယ်အတွင်းရှိတောင်သူတွေကို ရုံးချိန်းခဲ့ပြီး ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ဒီးမော့ဆိုမြို့နယ်ရှိ ဒေါဆိုရှေ့တောင်သူတွေကို ရုံးချိန်း ချိန်းဆိုခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts