spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထန်တလန်မြို့အပေါ် အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို KSCC ပြင်းထန်စွာ ရှုတ်ချ

ဓါတ်ပုံ – Mizzima (Facebook)

ကန္တာရဝတီတိုင်း(မ်)

ချင်းပြည်နယ်အပြင် နိုင်ငံတော်တစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုး ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်ထန်ထန်ရှုတ်ချကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) က ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“ တိုက်ပွဲဖြစ်တာက တောထဲတောင်ထဲဖြစ်တာမဟုတ်ဘဲနဲ့ မြို့ပေါ်မှာဖြစ်တယ်။ အိုးအိမ်တွေပျက်စီးတယ်။ လူထုတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံရတယ်။ လူထုတွေကတောထဲတောင်ထဲ ပုန်းအောင်းနေရတယ်။ အစာရေစာမလောက်မငှ၊ ဆေးဝါးမလောက်နဲ့ နောက်ပြီး ကိုဗစ်ကပ်ရောဂါလည်းရှိနေတဲ့အချိန်မှာ ဒီလိုမျိုး ပြန်စရာနေစရာမရှိအောင် ဖြစ်သွားတယ်။ ဒါကတော့ ပြောမယ်ဆိုရင် လူသားမျိုးနွယ်စုဆိုင်ရာ ရာဇဝတ်မှုကို ကောင်းကောင်းကြီးကျူးလွန်နေတာပဲဖြစ်တယ်။ ဆိုတော့ အဲ့ဒီအတွက်ကို ထပ်တူခံစားရတယ်။ ဒါကြောင့်မလို့ ကျနော်တို့ပြည်နယ်မှာလည်း အဲ့လိုဖြစ်ရပ်တွေရှိတယ် ဒါကို ကျနော်တို့အနေနဲ့ ရှုတ်ချတယ်။ ကျနော်တို့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြတဲ့ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သဘောပါပဲ။” လို့ ကရင်နီအတိုင်ပင်ခံကောင်စီ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက် နဲ့ ၃၀ရက်မှာ ထန်တလန်မြို့မှာ လူမဆန်စွာ ထပ်မံ အကြမ်းဖက်မီးရှို့ပြီး ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ် (၁၆၄)လုံး၊ ဆိုင်ခန်း (၁၀၀) မီးလောင်ပြာကျသွားတဲ့အပေါ် ချင်းအမျိုးသားညီအစ်ကိုများနဲ့ ထပ်တူ စိတ်ထိခိုက်ရတယ်လို့ KSCC ကဖော်ပြပါတယ်။

ကရင်နီအတိုင်ပင်ခံကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းမှုကို ထောက်ခံပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားညီအစ်ကိုများနည်းတူ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ အားလျော်စွာ ချင်းပြည်နယ် ထန်တလန်ကို မီးရှို့ဖျက်ဆီး အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်မှာလည်း မတ် လဆန်းမှစ ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးများနဲ့ ရက်စက်စွာ ပစ်ခတ်ခြင်းကြောင့် အပြစ်မဲ့ ပြည်သူ ၉၉ ဦး သေဆုံးခဲ့ပြီး လူနေအိမ် (၃၇၆)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး မတရားဖမ်းဆီးခံရသူ (၁၅၉) ဦးရှိကာ ယနေ့တိုင် ဆက်လက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ကရင်နီအပြင် ပြည်နယ်၊ တိုင်းတွေမှာ ရည်ရွယ်ချက်ရှိရှိ ဆက်လက်ကျူးလွန်နေဦးမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ပြီး နိုင်ငံတကာအနေနဲ့ မျက်ခြေမပြတ်စောင့်ကြည့် အရေးယူသင့်ကြောင်း KSCC က တိုက်တွန်းထားပါတယ်။

KSCC အနေနဲ့ အခြားတိုင်းရင်းသားညီအစ်ကိုများနည်းတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်မြင်စွာ တည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင် တွန်းလှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img