spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီးစဲခါးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပြီး အိမ်ဆောက်ပစ္စည်းဆိုင်နှင့် ငွေသား သိန်း ( ၁၃၀ ) မီးလောင်ပျက်စီး ၊ အရပ်သားတစ်ဦး ထိခိုက်

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဇွန်လ ၈ ရက်နေ့) ည ၇ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လက်အောက်ခံ တပ် တစ်ခုဖြစ်တဲ့ ခလရ ၅၃၀ ကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ၅ လုံး လွိုင်လင်လေးမြို့နယ် ထီးစဲခါးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အိမ်ဆောက်ပစ္စည်းဆိုင်နဲ့ ငွေသား သိန်း ( ၁၃၀ ) မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးဆီကနေ သိရပါတယ်။

“မနေ့ညက ၇ နာရီကျော် ဝန်းကျင်လောက်ပေါ့။ ကျနော်တို့ အပြင်မှာ ထိုင်တော့ ထွက်သံလည်း မကြားရဘူး။ ဝိုး…ဆို ကျနော့်အိမ် မြောက်ဘက်မှာ ကျတယ် တစ်လုံး။ ဗုံးခိုကျင်းထဲ ဝင်ကျဟေ့ ဆိုပြီးတော့မှ အကုန်လုံး ဝင်ကြတာ၊ ဝင်တုန်းပဲ ရှိသေးတယ်။ ဝိုး…ဆို နောက်တစ်လုံး ကျနော့်အိမ်ရဲ့ တောင်ဘက်မှာ အလယ်တည့်တည့်မှာ ကျသွားရော။ ကျတော့ မြောက်ဘက်အိမ်တစ်ယောက်က ပြေးလာတယ်။ အိမ် မီးလောင်နေတယ် ပြောတော့ လောင်ရင် လောင်ပါစေဦး… ပစ်လို့ မပြီးသေးဘူးနဲ့ တူပါတယ်။ တိုက်ပွဲဖြစ်မလား မသိဘူး။ လက်နက်ကြီးက နှစ်လုံးကျပြီပြောတော့ ဒုန်း…ဆို နောက်တစ်လုံးထပ်ကျရော၊ အဲ့အိမ် တစ်လုံးတည်းကို လက်နက်ကြီးက နှစ်လုံး ကျတော့ မီးလောင်သွားတယ်။ ကယ်ဆယ်လို့လည်း မရတော့ဘူး။” လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံ အမျိုးသားတစ်ဦးက လက်နက်ကြီးကျရောက်တဲ့ ဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ကန္တာရဝတီတိုင်း(မ်) ကို ပြောပြပါတယ်။

ထိခိုက်သွားသူ အမျိုးသားမှာ ဆိုင်ပိုင်ရှင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ ဆိုင်ကတော့ သံ၊ အိမ်ဆောက်ပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း စတာတွေကို ရောင်းချနေတဲ့ ကုန်မာဆိုင်ကြီး တစ်ဆိုင် ဖြစ်တယ်လို့ သိရပါတယ်။

“ဘယ်လိုမှ မပြောနိုင်ပါဘူး။ ဒါတွေ အမြန်ဆုံး ပြီးသတ်နိုင်ဖို့ရန်တော့ ဆုတောင်းတယ်ပေါ့ဗျ” လို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်ကောင်စီတပ်က တဖက်သတ်ပစ်ခတ်လာတာဖြစ်တယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းအရ ကရင်နီပြည်မှာ ဇွန်လ ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ အရပ်သား ၅ ဦးအထိ ရှိနေပါတယ်။

ဓါတ်ပုံ – CJ
ဓါတ်ပုံ – CJ
spot_img
spot_img