spot_imgspot_imgspot_imgspot_img
Wednesday, March 26, 2025
spot_imgspot_imgspot_imgspot_img

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေရှိပေမယ့် စစ်ကောင်စီမှ အခမ်းအနားကိုဆက်လက်ပြုလုပ်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားပြုလုပ်တဲ့ ပြည်နယ်ခန်းမအနီးပတ်လည်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီကနေ အခမ်းအနားကို မဖြစ်မနေ ဆက်လက်ပြုလုပ်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

ယမန်နေ့ မနက်ပိုင်း ၇ နာရီကျော်အချိန်မှာ အခမ်းအနားကျင်းပဖို့ လုံခြုံရေးတင်းကြပ်စွာနဲ့ စောင့်ဆိုင်းနေကြစဉ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တစ်ဦးသေဆုံးပြီး စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်အပြင် ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နကစ က ယမန်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓတ်ပုံ – နကစ သတင်းစာမျက်မှာ ဖော်ပြထားတဲ့ ပုံရိပ်များ

“ပြည်နယ်နေ့အခမ်းအနားလုပ်တာက နီးစပ်ရာအသိုင်းအဝန်းနဲ့ပိတ်ပြီးလုပ်ကြတယ်ပေါ့နော သူတို့။ လုပ်တော့ ၇ နာရီခွဲလောက်မှာတော့ ဒရုန်းနဲ့ဗုံးလာချတယ် နှစ်လုံးလား တစ်လုံးလားမသိဘူး ကျတယ်လို့တော့ကြားတယ်။ လူနာဦးရေ ဒဏ်ရာအတိအကျ မသိရဘူး။ အထဲမှာပဲ လုံခြုံရေးချပြီးတော့လုပ်တယ် ဖြစ်တော့လည်း သူတို့အစီအစဉ်နဲ့ပဲ ဆေးရုံပို့တယ် ဘားမှမသိရဘူး။ သူတို့က ခန်းမအတွင်းမှာပဲ လုံခြုံရေးရှိတာဆိုတော့ အဲ့နားတစ်ဝိုက်ကလည်း ကားအဝင်အထွက်တွေမရှိဘူးပေါ့နော။ ဖြစ်တဲ့အချိန်လည်း ကျနော်တို့ကအသံပဲကြားတယ် အထဲမှာဘာဖြစ်နေလဲမသိရဘူး။” လို့ လွိုင်ကော်မြို့ခံ ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ယမန်နေ့အခြေအနေကို ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ပြီးနောက် အခမ်းအနားကို မနက် ၉ နာရီအချိန်မှာ ဆက်လက်ကျင်းပခဲ့ပြီး ပြင်ဆင်ထားတဲ့ ပြခန်းတွေကို ကြည့်ရှုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကနေ ခန့်အပ်ထားတဲ့ ကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယယ် ၊ ဉီးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း တို့တက်ရောက်ကြတယ်လို့ စစ်ကောင်စီပိုင် သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ပြည်နယ်ခန်းမအနီးအနားအပြင် လွိုင်ကော်မြို့တွင်းမှာ စစ်ကောင်စီက စစ်ဆေးမှုတွေ တင်းကြပ်ခဲ့ပြီး ရိုက်နှက်ခံရသူများလည်း ရှိတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေ အများအပြား ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ ဒေသခံနှစ်သိန်းနီးပါးဟာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ တောတောင်ထဲ၊ နီးစပ်ရာဆွေမျိုးမိတ်ဆွေတွေထံမှာ စစ်ရှောင်နေထိုင်ရတာ ၂နှစ်နီးပါးကြာမြှင့်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီက (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို လူထုအင်အားမပါဘဲ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေနဲ့သာ မဖြစ်မနေ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကယားပြည်နယ်နေ့အခမ်းအနား ဒရုန်းနဲ့တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်နေတယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို မည်သည်အဖွဲ့အစည်းမှလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဓတ်ပုံ – နကစ သတင်းစာမျက်မှာ ဖော်ပြထားတဲ့ ပုံရိပ်များ
spot_img
spot_img
spot_img

Recent posts