ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားတိုးမြှင့်ထား၊ စံပြ၆မိုင်မှာ ပစ်ခတ်မှုဖြစ်

0
3065
ဓါတ်ပုံ - CJ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ စံပြ ၆မိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က စပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

“တိုက်ပွဲတော့ဖြစ်နေတယ် ခုချိန်ထိ ​ဖြစ်နေတုန်းပဲ။ PDF အဖွဲ့တော့ဆုတ်နေပြီလို့ကြားတယ်။ လက်နက်ကြီးတွေနဲ့ပစ်တော့ပစ်နေတုန်းပဲ ကြားနေရတယ်။ သူတို့က ၆မိုင်ကိုလာတာ တပ်စွဲထားတဲ့ပုံစံမျိုး စစ်ကား၃စီးတွေ့တယ်” လို့ အနီးအနားက ဒေသခံတစ်ဦးက နံနက်၉နာရီ မိနစ်၂၀မှာပြောပါတယ်။

စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတယ်လို့သိရပါတယ်။

ဒီကနေ့ နံနက်စောပိုင်း ၂နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ကနေ ဒီမော့ဆိုမြို့ကို
သံချပ်ကာ၂စီး၊ စစ်ကား ၁၀စီးနဲ့ အင်အားအများအပြား သွားတာတွေ့ရတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်းမှာတော့ ပစ်ခတ်မှုတစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။

“ကျတော်တို့က အဆင်သင့်ရှိနေတယ် စစ်ကောင်စီကကျော်လာရင်တော့ ပစ်ဖို့အဆင်သင့်ရှိနေတယ်။ လောလောဆယ် စစ်ကောင်စီက ၆မိုင်မှာပစ်နေတယ်လို့ကြားတယ်။ ကျတော်တို့ သိရသလောက်ဆိုရင်တော့ ဒီမော့ဆိုကိုတော့ မရောက်သေးဘူးနဲ့တူတယ်။ လမ်းမှာလား ၆မိုင်မှာပဲလား နှစ်ခုထဲက တစ်ခုပဲ ဖြစ်လိမ့်မယ်။ ဒီမော့ဆိုကိုတော့ မရောက်သေးတာ သေချာတယ်။ စစ်ကောင်စီက မကျော်ရင်တော့ တိုက်ပွဲဖြစ်စရာအကြောင်းမရှိဘူးပေါ့ ကျော်လာခဲ့သော် သေချာတာကတော့ တိုက်ပွဲတွေဖြစ်မှာပဲပေါ့နော”လို့ ကရင်နီအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေးက နံနက် ၉နာရီ၁၄မိနစ်မှာ ပြောပါတယ်။

မေလ ၃၁ရက်နေ့က ဒီမော့ဆိုမြို့မှာ KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေ့စဥ် စစ်ကောင်စီတပ်ဖက်က လွိုင်ကော်အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်နေတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။