ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ့နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

0
3170

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ စံပြ ၆ မိုင် ကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာက လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဇွန်လ ၃ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံဆီကနေ ကြားသိရပါတယ်။

“လှမ်းမြင်ရတယ်လေ အိမ်မီးလောင်တာ ၃လုံးတော့သေချာတယ်။ ကျတော်တို့ထွက်ပြေးတဲ့ချိန် သူတို့ လိုက်ပစ်သေးတယ် မထိဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောင်သပြေကျေးရွာမှာ မီးရှို့ဖျက်ဆီးခံရတာ အနည်းဆုံး ၃အိမ်ရှိနေပြီး ထပ်မံဖျက်ဆီးခံရနိုင်ကြောင်းနဲ့ ရွာထဲကို ပြန်လာမကြည့်ရဲတော့အတွက် ပျက်စီးမှု အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက “ မနေ့က ၆မိုင်တိုက်ပွဲပြီးတော့ စစ်သားတွေက ရွာထဲကိုဝင်လာတာ ပြီးတော့ ရွာအောက်ဖက်မှာရှိတဲ့ အိမ်တွေကို မီးလိုက်ရှို့တယ်။ ၃အိမ်လောင်သွားတာတော့သေချာတယ်။ မီးခိုးတွေတွေ့ရတယ် ရွာမှာကျန်ခဲ့တဲ့သူတွေကိုလည်း လိုက်ပစ်တယ် ကြားတယ်။” လို့ ပြောပါတယ်။

ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲပြီးတဲ့နောက် ရွာအတွင်းရှိ လူနေအိမ်တချို့ မီးရှို့ခံရသလို ပစ်ခတ်မှုတွေလည်းရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ ၎င်းကပြောပါတယ်။

စံပြ ၆မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲထားပြီး လမ်းသွားလမ်းလာ ပြည်သူအချို့ကိုလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့(ဇွန်လ၃ရက်) နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် PDFတစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ရှိတယ်လို့ သိရပါတယ်။