ဒေသခံလုပ်ငန်းရှင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မရွေးတင်ပြနိုင်ကြောင်း ခေတ္တဝန်ကြီးချုပ်ပြော

0
525

ကန္တာရဝတီတိုင်း(မ်)

ဒေသခံလုပ်ငန်းရှင်တွေ အသေးစား၊ အလတ်စားလုပ်ငန်းလုပ်ကိုင်လိုသူတွေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ အချိန်မရွေးတင်ပြနိုင်ပြီး ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ဇန်နဝါရီလ (၁၅)ရက်နေ့မှာကျရောက်တဲ့ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ဒေသခံလုပ်ငန်းရှင်များ အသေးစားနှင့် အလတ်စားလုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် မိမိတို့ကြုံတွေ့နေရတဲ့အခက်အခဲများကို အစိုးရအဖွဲ့သို့အချိန်မရွေးတင်ပြနိုင်သလို အစိုးရအဖွဲ့မှာလည်း ပြေလည်အောင် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုပါတယ်။ ဒေသခံလုပ်ငန်းရှင်းများအနေနဲ့လည်း ကယားပြည်နယ်၏အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ထုတ်ကုန်လုပ်ငန်းများကို အနာဂတ်ကိုမျှော်မှန်း၍ လက်တွေ့လုပ်ငန်းအစီအစဉ်များ ထပ်မံဆောင်ရွက်သွားရမှာဖြစ်ပါတယ်” လို့ ခေတ္တဝန်ကြီးချုပ်ဦးဘော့စ်ကိုက ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံရှိ ကျောက်သားရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့် လူဦးရေအကန့်အသတ်နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အကျဉ်းချုံးကျင်းပခဲ့တဲ့ ကယားပြည်နယ်နေ့အခမ်းအနားမှာတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနေရာယူခြင်း၊ သဘာပတိအဖွဲ့ဝင်တွေဖြစ်တဲ့ ကယားမျိုးနွယ်စု(၉)မျိုးထဲက လူမျိုးစုခေါင်းဆောင်တွေနေရာယူခြင်း၊ နိုင်ငံတော်အခံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်သမ္မတမှပေးပို့သော သဝဏ်လွှာကို ကယားပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ဖတ်ကြားခြင်း၊ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့မိန့်ခွန်းအား ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုမှ ပြောကြားခြင်း၊ သဘာပတိအဖွဲ့ဝင်များပြန်လည်ထွက်ခွာခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း စတဲ့ အစီအစဉ်တွေနဲ့ဆောင်ရွက်ခဲ့ပါတယ်။

ကရင်နီပြည်နယ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ကရင်နီပြည်နယ်မှ ကယားပြည်နယ်သို့ ပြောင်းလဲခေါ်ဆိုသည့်နေ့ကို ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၆၉)နှစ်ရှိပြီလို့ နိုင်ငံတော်သမ္မတမှပေးပို့လာတဲ့ သဝဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

နှစ်စဉ်ကယားပြည်နယ်နေ့မှာဆိုရင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ကုန်စည်ပြပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပေမယ့်လည်း (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာတော့ ကိုဗစ်၁၉ကြောင့် အကျဉ်းချုံးသာပြုလုပ်ခဲ့ရပါတယ်။